ရန်ကုန်၊ အောက်တိုဘာ ၁၀
မြို့နယ်အဆင့်ဆင့် စည်ပင်သာယာရေး
ကော်မတီဝင်များကို မဲဖြင့် တိုက်ရိုက်ရွေးချယ်မည့် စည်ပင်သာယာ
ရွေးကောက်ပွဲတွင် မဲရှုပ်ထွေးမှု မဖြစ်ပေါ်စေရန် မဲစာရွက်များကို အရောင်ဖြင့်
ခွဲခြားသတ်မှတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
အဆိုပါ စည်ပင်သာယာ ရွေးကောက်ပွဲများတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့် ကိုယ်စားလှယ်လောင်း
သုံးဦးကို ပြည်သူများက တစ်ပြိုင်တည်း မဲပေးရာတွင် ရောထွေးမှု မဖြစ်ပေါ်စေရန်
မဲစာရွက်များကို အရောင်ဖြင့် ခွဲခြားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဥပမာ မြို့နယ်အဆင့် ကိုယ်စားလှယ်အတွက် မဲစာရွက် အဖြူရောင်ဆိုရင်၊ အဖြူရောင် မဲပုံးထဲကို ထည့်ရမယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ မဲစာရွက်နှင့် မဲပုန်းအရောင်များကို တိကျစွာ သတ်မှတ်ပြီးပါက
ထုတ်ပြန် ကြေညာပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ထို့အပြင်
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်များ အမည်စာရင်း
ကြေညာပြီးပါက ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခြင်းကို စတင်နိုင်ပြီး
မဲဆွယ်စည်းရုံးရေးကို ကန့်သတ်ပိတ်ပင်ချက်များ မရှိကြောင်း ဦးတင်အေးက
ဆိုသည်။
“မဲဆွယ်တဲ့နေရာမှာ ငွေဘယ်လောက်အထက် ကျော်လွန်ပြီး
မသုံးရလို့လည်း ကန့်သတ်ချက် မရှိပါဘူး။ အားလုံး လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်
ရှိတယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း စည်ပင်သာယာရေး ကော်မတီဝင် အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်သည် အကျင့်စာရိတ္တ ပျက်ပြားသူ
အစိုးရအလုပ်မှ ထုတ်ပယ်ခံရသူ မဖြစ်စေရဟူသော အရည်အချင်း ကန့်သတ်ချက်ကြောင့်
ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ ရွေးချယ်နိုင်မှုဘောင်
ကျဉ်းမြောင်းနေပြီး စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ မမျှတနိုင်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်အချို့ ဝေဖန် ထောက်ပြထားသည်။
“အရောင်နဲ့
ခွဲခြားတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲတွေနဲ့ စိမ်းတဲ့ ပြည်သူတွေ
နားလည်အောင်တော့ အတတ်နိုင်ဆုံး ရှင်းပြပေးဖို့လိုမယ်” ဟု
အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
ရွေးချယ်ခံ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည်
မြို့နယ်အဆင့်တွင် ငွေကျပ်တစ်သိန်း၊ ခရိုင်အဆင့်တွင် ငွေကျပ်သုံးသိန်း၊
မြို့တော် စည်ပင်သာယာရေး ကော်တီ အဆင့်တွင် ငွေကျပ်ငါးသိန်း ပေးသွင်းရမည်
ဖြစ်ကြောင်း ရွေးကောက်တင်မြှောက်ခြင်း နည်းဥပဒေတွင် ပါရှိသည်။
ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်း အစိုးရက
ကော်မတီဝင် ငါးဦးကို ခန့်အပ်မည် ဖြစ်ပြီး လေးဦးကို ခရိုင်အသီသီးမှ
ပြည်သူများက ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ
အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်း နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အဆိုပါ စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၇
ရက်နေ့တွင် ဒဂုံဆိပ်ကမ်း မြို့နယ်မှအပ ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်
၃၂ မြို့နယ်အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
Credit - The Voice Weekly
No comments:
Post a Comment