Monday, October 13, 2014

စောင့်ကြည့်ရမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပတော့မည်ဟု ရန်ကုန်မြို့တော် ကော်မရှင်က ထုတ်ပြန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတွင် လူထုရွေးချယ်သော ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးချယ်ရတော့မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၃၃ မြို့နယ်အနက် ဆိပ်ကမ်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်နှစ်ခုကို ပေါင်းပြီး ရွေးကောက်ပွဲလုပ်မည်ဖြစ်၍ ၃၂
မြို့နယ်မှာ ရွေးကောက်ပွဲများလုပ်မည်ဟု ထုတ်ပြန်ထားသည်။
အချိန်နှစ်လကျော်နှင့် စောင့်ကြည့်ရမည့် ရွေးကောက်ပွဲ
ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်၍ ယခုအချိန်က စတင်တွက်ချက်ပါက အချိန်နှစ်လကျော်ခန့်သာ လိုတော့သည်။ တိုတောင်းသည့် အချိန်နှစ်လကျော်အတွင်း ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမည်။ ယခုအထိတော့ ပြည်သူလူထု အများစုကြားတွင် အဆိုပါရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မည်သို့မျှပြောနေကြတာ၊ သိထားကြတာမရှိဘဲ တချို့တလေလောက်သာ သိချင်သိနိုင်လိမ့်မည် ဖြစ်သော်လည်း လုံးစေ့ပတ်စေ့ မသိကြချေ။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၀န်ထမ်းအချို့ပင် ယင်းကိစ္စကို သိပ်မသိကြဟု ဆိုသည်။
သို့သော် အများပြည်သူက ရန်ကုန်မြို့တော်အတွက် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များအား မကြာတော့သည့် အချိန်နှစ်လကျော်မှာ ရွေးချယ်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မှု မမှားဖို့လိုသလို ရွေးကောက်ပွဲအတွက် သန့်ရှင်းမျှတမှုရှိဖို့ လိုအပ်မည်ဟု သုံးသပ်နေကြသည်။
အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရားမျှတမှု မရှိနိုင်ဟု သုံးသပ်မှုများ ရှိနေသည့်အတွက် စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေသည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ အစိုးရက ခန့်သည့်သူများဖြင့်သာ တာဝန်ထမ်းဆောင်ခဲ့ကြရာ ယခုအကြိမ်သည် ပထမဆုံးအများ ပြည်သူထံမှ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သောကြောင့်လည်း စောင့်ကြည့်ရမည်ဟု ဆိုထားကြသည်။
မဲပေးပိုင်ခွင့်ရှိသူနှင့် တစ်အိမ်ထောင်တစ်ဦး
ယခု ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့်သူများအား မဲပေးဖို့အတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မရှိသည့်အချက်၊ တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်ဦးသာ မဲပေးနိုင်သည့် အချက်မှာ တရားမျှတမှု ရှိမရှိ အဓိကစောင့်ကြည့်ရမည့် အချက်ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။
ယင်းအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်သည့် အခွင့်အရေးနှင့်လည်း ဆန့်ကျင်ရာရောက်နေပြီး လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြကြသည်။
“အခုထုတ်ပြန်ထားတဲ့ အသက် ၁၈ နှစ်ပြည့်သူ တစ်အိမ်ထောင်ကို တစ်ဦးသာ မဲပေးခွင့်နဲ့ ဒီရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဘယ်လိုမှ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီပါဘူး။ ဒါကြောင့် ဒီကိစ္စကို ကန့်ကွက်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံကိုတော့ သဘောထား တင်ပြထားပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
ထိုသို့ ရွေးချယ်တင်မြှောက်မည် ဖြစ်သည့်အတွက် ဒီမိုကရေစီစနစ် မပီပြင်ဟုဆိုကာ အဆိုပါရွေးကောက်တွင် ၎င်းတို့၏ ပါတီဝင်များ ၀င်ရောက်ယှဉ်ပြိုင်ပါက ထုတ်ပယ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောကြားထားသည်။ ၎င်းက အဆိုပါရွေးကောက်ပွဲတွင် တစ်အိမ်ထောင်လျှင် တစ်ဦးသာ မဲပေးပိုင်ခွင့်ရှိသဖြင့် ဒီမိုကရေစီစံနှုန်းနှင့် မညီဟု သတ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။
မေးခွန်းထုတ်စရာနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီး ယင်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန်နှင့် ယင်းကော်မတီကသာ ယခုရွေးကောက်တင်မြှောက်မည့် ကော်မတီအဆင့်ဆင့် နည်းဥပဒေများကို ထုတ်ပြန်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသေကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
သို့သော် ယခုမူ အဆိုပါကော်မတီကို မဖွဲ့စည်းသေးဘဲ လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သြဂုတ် ၁ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည်မှာလည်း မေးခွန်းထုတ်စရာများစွာ ဖြစ်နေကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီခြင်းကြောင့် ယင်းကိစ္စကို ဆက်လက်ကန့်ကွက်စာတင်မည်ဟု ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
ထို့အတွက် ယင်းနည်းဥပဒေများကို ပယ်ဖျက်ပေးရန်နှင့် ကော်မတီပြန်ဖွဲ့စည်းပေးပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သြဂုတ်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။ ၎င်းက ကန့်ကွက်သည့်အထဲတွင် ကော်မတီကို ရွေးချယ်ရန်အတွက် မဲပေးနိုင်ခွင့်ရှိသူမှာ အိမ်ထောင်စုတိုင်း မဲပေးခွင့်မရှိသည့်အချက်၊ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း ကန့်သတ်ချက်များမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထက်ပင် ခက်ခဲနေသောအချက် စသည်တို့ ပါဝင်သည်။
ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆိုပါရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်ခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူတစ်ဦး မဲပေးနိုင်မည့်အချက်ကို ပြန်လည်ပြင်ဆင်ပေးခဲ့သည်။
ယင်းပြင်ဆင်ချက်အရ ယခင်မဲပေးခွင့်ရှိသူဦးရေ သုံးသောင်းကျော်မှ ယခုရှစ်သိန်းကျော်အထိ ရှိလာခဲ့သည်ဟု သိရသည်။ ယင်းမဲပေးခွင့်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသည့် ခရိုင်မြို့နယ် စိစစ်ရေးအဖွဲ့က ရွေးချယ်စိစစ်မည်ဖြစ်သောကြောင့် ယင်းကိစ္စမှာလည်း ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်းနှင့် ယခုကဲ့သို့ အချိန်တိုတောင်းသည့် ကာလအတွင်း ရွေးကောက်ပွဲကျင်းပမည့် အတွက်လည်း ရွေးကောက်ပွဲကို တရားမျှတစွာ ပြုလုပ်နိုင်မည့် အခြေအနေကို စောင့်ကြည့်နေကြခြင်းဖြစ်သည် ဆိုကြသည်။
ရွေးကောက်ခံမည့် ကိုယ်စားလှယ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ကော်မတီဝင်လေးဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီတွင် ခရိုင်တစ်ခုလျှင် သုံးဦးနှုန်းဖြင့် ခရိုင်လေးခုအတွက် ကော်မတီဝင် ၁၂ ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် တစ်မြို့နယ်လျှင် သုံးဦးနှုန်းဖြင့် စုစုပေါင်း ၃၂ မြို့နယ်အတွက် ၉၆ ဦး ရွေးချယ်မည်ဟု ထုတ်ပြန်ထားသည်။
ဝင်ရောက် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းရန် သတ်မှတ်ထားပြီး ရွေးကောက်တင်မြှောက်မှုနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် ကော်မရှင်အဖွဲ့ကို အငြိမ်းစားအရာရှိ ငါးဦးဖြင့် ဖွဲ့စည်းပေးထားကြောင်း ထုတ်ပြန်ထားသည်။
ဝင်ရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း ကန့်သတ်ချက်များအနေဖြင့် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ အသက် ၃၅ နှစ်ထက်မငယ် အသက် ၆၅ နှစ်ထက် မကြီးသူများသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ လူငယ်များ ကော်မတီဝင်အဖြစ် ရွေးချယ်ခွင့် မပေးသည့်အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ရပ်ကွက်များတွင် တစ်ဆက်တည်း အနည်းဆုံး ၁၀ နှစ် နေထိုင်ရမည်ဟူသည့် သတ်မှတ်ချက်လည်းရှိပြီး မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို သိရှိနားလည်ဆောင်ရွက်နိုင်သည့် ဗဟုသုတ၊ အရည်အချင်းရှိရမည့် ကန့်သတ်ချက်များလည်း ထုတ်ပြန်ထားသည်။ ထိုသို့ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများနှင့် ပတ်သက်၍ ဗဟုသုတရှိရမည့် ကန့်သတ်ချက်များမှာမူ မဖြစ်သင့်ကြောင့်လည်း ဝေဖန်မှုများ ရှိနေသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်ဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ထက်တောင် ကန့်သတ်ချက်တွေ များနေတယ်။ ကျွန်တော်တို့ ဒီအချက်တွေကို ကန့်ကွက်ထားပြီးသားပါ” ဟု သင်္ဃန်းကျွန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မှတ်ပုံတင်ကြေး ကျပ်သုံးသိန်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျပ်နှစ်သိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် ကျပ်တစ်သိန်း ပေးသွင်းရမည်ဟုလည်း သတ်မှတ်ထားသည်။
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းနှင့် ဟောပြောခြင်းများ၊ လက်ကမ်းစာစောင် ကြော်ငြာထုတ်လုပ်ခြင်းများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့်အညီ ပြုလုပ်ရမည်ဖြစ်ပြီး လက်ကမ်းစာစောင်နှင့် ကြော်ငြာထုတ်လုပ်ခြင်းများအတွက် ရန်ကုန်မြို့တော် ကော်မရှင်တွင် ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြို့တော်ဝန်က ပြန်ခန့်မည်
အမည်စာရင်း တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းများအား ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများအတိုင်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်မည်ဟု ရန်ကုန်မြို့တော် ကော်မရှင်က ဆိုထားသည်။ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ ရရှိလာပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို စည်ပင်သာယာခရိုင် တစ်ခုချင်းစီမှ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်လေးဦးနှင့် ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်များအနက် သင့်လျော်သည် ပုဂ္ဂိုလ်လေးဦးအား တာဝန်ပေးအပ်ရမည်ဖြစ်ပြီး ယင်းအနက်မှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးကိုပါ သတ်မှတ်ရမည်ဟု ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ စည်ပင်သာယာရေးကော်မတီ၏ ရာထူးကြီးသည့် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ရာထူးများကို မြို့တော်ဝန်က ပြန်လည်ရွေးချယ်မည့်ပုံစံ ဖြစ်သည်။
“အရေးပါတဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးလို နေရာမျိုးကို မြို့တော်ဝန်ကပဲ ပြန်ခန့်မှာ။ ဒါဟာ သင့်လျော်မှု မရှိဘူး။ ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ နေရာတိုင်းမှာ လက်ဝါးကြီးအုပ်ချင်တဲ့စိတ် ရှိသေးတယ်။ ဒီမိုကရေစီကို ဘေးဖယ်ထားသလိုမျိုး ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း သုံးသပ်ခဲ့သည်။
ခရိုင်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများကို ဖွဲ့စည်းရာတွင်မူ ရပ်မိရပ်ဖများအနက်မှ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်များအနက်မှ တစ်ဦးနှင့် လူမှုအဖွဲ့အစည်းများမှ ရွေးကောက်တင်မြှောက်ခံရသူ တစ်ဦးတို့အား အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စေမည်ဟု သတ်မှတ်ထားသည်။
ယခု ရွေးကောက်တင်မြှောက်မည့် အဆိုပါကော်မတီများ၏ သက်တမ်းသည် အစိုးရအဖွဲ့ သက်တမ်းအတိုင်းသာ ဖြစ်ခြင်းကြောင့် တာဝန်ထမ်းဆောင်ရန် တစ်နှစ်ခွဲသာ ကျန်ရှိတော့မည်ဖြစ်သည်။
ထိုသို့ ဖွဲ့စည်းပေးမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် အစိုးရအဖွဲ့မှ ပေးအပ်သည့် တာဝန်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ မြို့တော်ဝန်ကပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း စသည်တို့လုပ်ဆောင်ရန် တာဝန်ရှိသည်ဟုလည်း သတ်မှတ်ထားသည်။
ကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူအား ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များအတွက် ကုန်ကျငွေများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေမှ ကျခံသုံးစွဲရမည်ဖြစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြကာ အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆောင်ရွက်မည်ဟုလည်း သတ်မှတ်ထားသည်။
ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ရာတွင် မဲပေးမည့်သူများ အနေဖြင့် မဲအရေအတွက် ခုနစ်မဲ ပေးရမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ)၊ ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်)၊ ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (လူမှုရေးအဖွဲ့အစည်း)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ (ရပ်မိရပ်ဖ)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် (လူမှုရေးအဖွဲ့အစည်း)တို့အတွက် မဲပေးရမည် ဖြစ်သည်။
ကျပ်သိန်း ၅၀၀၀ ကျော်နှင့် ရွေးကောက်ပွဲစရိတ်
ရွေးကောက်ပွဲစရိတ်များအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေထဲမှ သုံးစွဲမည်ဖြစ်ပြီး ငွေကျပ်သိန်း ၅၀၀၀ ကျော်သုံးစွဲမည်ဟု ထုတ်ပြန်ထားရာ များပြားသည့် ရွေးကောက်ပွဲစရိတ်များကြောင့် ပြည်သူလူထုအကျိုး အမှန်တကယ် ဆောင်ရွက်နိုင်မည့် လူထုကိုယ်စားလှယ် ကော်မတီဝင်များဖြစ်ရန် များစွာလိုအပ်ကြောင်းနှင့် မျှတမှုရှိရန်လည်း လိုအပ်သည်ဟု သုံးသပ်နေကြခြင်းပင် ဖြစ်သည်။
သို့ဖြစ်ရာ ပွင့်လင်းမြင်သာမှုမရှိဘဲ ရွေးလိုက်ပြီးမှ အလုပ်မဖြစ်ပါက ဒုံရင်းကဒုံရင်းသာ ဖြစ်နေမည်ဖြစ်ခြင်းကြောင့် အလုပ်ဖြစ်ရန် လိုအပ်သည်ဟု ဆိုကြသည်။

Credit - Eleven Media Group

No comments:

Post a Comment