Sunday, September 21, 2014

ပလီပလာဖုန်းနှင့် ဒီမိုကရေစီတုတ်


နေ့စဉ် ရုံးကအိမ်ကို မနက်ပိုင်း တစ်နာရီ၊ ညနေ တစ်နာရီ အချိန်ပေးကာ သွားလာနေရတာကို ခရီးဒုက္ခလို့ မမှတ်တော့ပေမယ့် နားငြီးတဲ့ ဒုက္ခတွေကိုတော့ အတော်လေး ခံစားနေရပါတယ်။ လူတိုင်း ဖုန်းကိုင်နိုင်အောင် ဖြစ်လာတဲ့ခေတ်မှာ သမ္မတက ကြားဝင်ပြီး အမှတ်ယူလည်း၊ ဖုန်းလိုင်းကို လက်ဝါးကြီး အုပ်ထားသူတွေကတော့ အဆဲခံနေရတုန်းပါပဲ။

ခုဆိုရင် ဖုန်းဆိုတာ ထည်ဝါတဲ့ လက်တစ်ဆုပ်စာ လူတန်းစားကိုင်လည်း မဟုတ်တော့ပါဘူး။ ဆိုက်ကားဆရာအစ ပဲပြုတ်သည်အဆုံး ဖုန်းတစ်လုံးနဲ့ အော်ဒါ လက်ခံနေတဲ့ခေတ် ဖြစ်နေပြီး အချို့ဆိုရင် အိတ်ထဲမှာ ဖုန်းတစ်လုံး၊ လက်ထဲ ကိုင်ထားတာက တစ်လုံးနဲ့ ကြွားလုံးထုတ်နိုင်တဲ့ခေတ် ရောက်ပြီလို့တောင် ဆိုနိုင်တယ်။


လူနေမှုဘဝ အခြေအနေတွေက မြင့်မားသွားပေမယ့် လူတွေရဲ့ စိတ်ဓာတ် မြင့်မားအောင် အစိုးရ ခေါင်းမရှောင်ဖို့ လိုသေးတယ်။ ရုပ်ပတ်ဝန်းကျင်တွေကို မြင့်မားသည်ထက် မြင့်မားအောင် လမ်းဖွင့်ပေးလို့ ရပေမယ့် စိတ်ဓာတ်တွေ မြင့်မားအောင် ဆိုတာကတော့ ငယ်စဉ်ကတည်းက ကျောင်းတွေမှာ အခြေခိုင်မာစွာ သွန်သင်နိုင်ရေးအတွက် ပြည်သူ့နီတိ သင်ရိုးတွေ မြန်မြန်ဆွဲဖို့ လိုပြီထင်တယ်။

ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတော့ ကားစီးလာရတဲ့ မနက်၊ ည နှစ်နာရီ အချိန်မှာ လူတွေရဲ့ နည်းပညာခေတ်နဲ့ ပေါများလာတဲ့ စားသုံးဖွယ်ရာများကို လွတ်လပ်စွာ မိုးမမြင် လေမမြင် သုံးစွဲလာခြင်းတွေက အလွန်စိတ်ပျက်စရာ ကောင်းလွန်းလို့ ဖြစ်ပါတယ်။

ကားပေါ်တက်လိုက်တာနဲ့ တစ်နာရီလောက် Non-stop မရပ်မနား ဖုန်းတစ်လုံးနဲ့ စကားပြောနိုင်သူတွေ။ ချစ်သူချင်း စကားပြောတာ ဘေးလူတွေကို အားမနာဘဲ ခြင်ထောင်သံတွေရော ပါလာတာတွေ။ အိမ်ကခွေးကို ရေချိုးခိုင်းတာ၊ လမ်းထိပ် ဘူးသီးကြော် ထွက်အဝယ်ခိုင်းတာ၊ ကလေးကျူရှင် သွားကြိုခိုင်းတာ၊ အိမ်ကယောက်ျားကို နိုင်ကြောင်း ပြချင်လို့ ဖုန်းထဲကနေ အမိန့်တွေ တောက်လျှောက်ပေးတာ၊ လက်သည်းညှပ်၊ ခြေသည်းဆိုး၊ ဗီဒီယို အခွေငှား၊ အိမ်ဘေးက ကောင်မ လင်ငယ်နေ၊ ကြက်သားသည် အလေးခိုး၊ အိမ်ကကောင် အမြောင်ထောင် စတဲ့... စတဲ့ ပေါက်ပန်းဈေးတွေကို ဘယ်အချိန်လောက်ကတည်းက အောင့်ထားကြတယ် မသိပါဘူး။ ကားပေါ်ရောက်မှ အတိုးနဲ့ သွန်ချနေကြတာတွေ ကြည့်ပြီး တိုးတက်တာ ကောင်းပေမယ့် လတ်တလောကတော့ စိတ်ဓာတ်တွေ မမြင့်သေးတာကိုဘဲ အခြေခံပညာတွေ နည်းခဲ့တာကြောင့်လို့ ဖြေတွေးလိုက်ပါတယ်။

ဗုဒ္ဓက စကားကြီးခြောက်ခွန်း ရှိပေမယ့် လေးမျိုးကိုပယ် နှစ်မျိုးသာ ဆင်ခြင်ပြောသင့်တယ် ဆိုတာကို မေ့နေတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူတွေကို ပြန်ပြီး သတိပေးချင်ပါတယ်။

- ဟုတ်လည်း မဟုတ်၊ သူလည်း မနာလို၊ အကျိုးလည်း မရှိသောစကား၊
- ဟုတ်လည်း ဟုတ်၊ သူလည်း မနာလို၊ အကျိုးလည်း မရှိသောစကား၊
- ဟုတ်လည်း မဟုတ်၊ သူလည်း နာလို၊ အကျိုးလည်း ရှိသောစကား၊
- ဟုတ်လည်း ဟုတ်၊ သူလည်း နာလို၊ အကျိုးလည်း မရှိသောစကား၊
- ဟုတ်လည်း ဟုတ် သူလည်း မနာလို၊ အကျိုးလည်း ရှိသောစကား၊
- ဟုတ်လည်း ဟုတ်၊ သူလည်း နာလို၊ အကျိုးလည်း ရှိသောစကား

အထက်ပါ စကားခြောက်ခွန်းမှာ ဗုဒ္ဓက အောက်ဆုံးနှစ်ခု ဖြစ်တဲ့ “ဟုတ်မှန်ပြီး သူတစ်ပါး မနာလို ဖြစ်သော်လည်း အကျိုးရှိတဲ့စကား” နဲ့ “ဟုတ်မှန်ပြီး သူတစ်ပါး နာလိုမှုလည်းဖြစ်၊ အကျိုးလည်း ရှိစေတဲ့စကား” နှစ်မျိုးတည်းကိုသာ ပြောဆိုအပ်တယ်လို့ ဆုံးမထားတာကို ဗုဒ္ဓဘာသာဝင် ဆိုသူတွေ နားလျှံထွက်နေကြပုံ ရပါတယ်။
နောက်တစ်ခု ရှိပါသေးတယ်။ ဖုန်းကိုင်ပြီး လူကြားထဲမှာ အသံကုန် အော်နေသူတွေဟာ “ပါပိစ္ဆာ” နဲ့ “မဟိစ္ဆာ” တွေ များပါတယ်။ “ပါပိစ္ဆာ” ဆိုတာက မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်ပြီး ကြွားဝါနေသူတွေ ဖြစ်ပြီးတော့၊ “မဟိစ္ဆာ” ဆိုတာက ရှိတဲ့ဂုဏ် အကုန်လုံးကို ဝင့်ဝါပြတတ်သူတွေ ဖြစ်ပါတယ်။

ရှင်မဟာသီလဝံသကလည်း “စကားငြိမ်သက်မှ၊ အမျက်နည်းပါး၏။ မကောင်းသော စကားကို၊ မလှိုင်စေနှင့်။ လျှို့ဝှက်သော စကားကို၊ မကြိုင်စေနှင့်။ ဆိုရေးဆိုခွင့်ရှိမှ၊ စကားတတ်၏” လို့ သွန်သင်ခဲ့ဖူးတာတွေကို ယနေ့ မြန်မာ့ပညာရေးမှာ ကင်းဝေးနေပြီလား ပြန်စဉ်းစားသင့်ပါတယ်။

ငယ်စဉ်က သင်ခဲ့ရတဲ့ ပညာရေးမှာ ပြည်သူ့နီတိ ဆိုတာကို အကြိုက်ဆုံး ဘာသာရပ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “အိမ်၌ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်း၊ ကျောင်း၌ယဉ်ကျေးခြင်း၊ ကစားချိန်မှာ ယဉ်ကျေးခြင်း” ဆိုတာတွေကို သွန်သင်ဆုံးမ ညွှန်ပြခဲ့တာကြောင့် ခေတ်ဟောင်းလူကြီးတွေနဲ့ ခေတ်သစ်လူငယ်တွေ လွတ်လပ်ခွင့်ကို အဓိပ္ပာယ်ကောက်ယူ ဖွင့်ဆိုပုံတွေ ကွာခြားနေတာ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ “သင့်တုတ်ကို လွတ်လပ်စွာ ဝှေ့ယမ်းခွင့် ရှိပါသည်၊ သို့သော် အခြားသူခေါင်းကို မထိပါစေနှင့်” ဆိုတဲ့ သတိပေးစကားလေး ကိုတော့ သတိထားဆင်ခြင်ကြရင် ကောင်းမယ် ထင်ပါတယ်။

အယ်ဒီတာ (၂၀-၉-၂၀၁၄)

--------------------------------
The Voice Sunday, Editor's Word, Vol-2/No-137 (#voiceeditorial)

No comments:

Post a Comment