Wednesday, September 24, 2014

တစ်နှစ်ခန့်အတွင်း ထင်ရှားသည့် အဂတိလိုက်စားမှု သုံးမှုသာ ဖော်ထုတ်နိုင်သေးဟု ကော်မရှင်ဥက္ကဋ္ဌ ဆို

နေပြည်တော်၊ စက်တင်ဘာ ၂၃
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းပြီး တစ်နှစ်ခန့်အတွင်း ထင်ရှားသည့် အဂတိလိုက်စားမှု သုံးမှုသာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး လက်ရှိ အချိန်ထိ အပြီးပြတ် အမိန့်မချနိုင်သေးဘဲ တရားစွဲတင်သည့် အဆင့်သာ ရှိသေးကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်း ပြီးသည့်အချိန်နှင့် ကော်မရှင် ဖွဲ့စည်းပြီးသည့် နောက်ပိုင်းတွင် ပေါ်လွင်ထင်ရှားသည့် အမှုနှင့် တိုင်ကြားသည့် အရေအတွက်ကို သိလိုကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က စက်တင်ဘာလ ၂၃ ရက်နေ့တွင်
ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှု သုံးခုတွင် ရန်ကင်းတရားရုံးမှ တွဲဖက်တရားသူကြီး ဒေါ်ခင်လေးငယ်ကို တိုင်ကြားမှုအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ တရားမ ကျင့်ထုံးဥပဒေ ၅၁၂ ဖြင့်တရားစွဲ ဆိုထားကြောင်း၊ ယင်းအပြင် ဟုမ္မလင်းမြို့နယ် တရားသူကြီးကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ဦးမြဝင်းက ရှင်းပြသည်။
မွန်ပြည်နယ် သထုံခရိုင်မူးယစ် အထူးတပ်ဖွဲ့မှ တာဝန်ခံကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက် ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ ကော်မရှင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး တိုင်စာပေါင်း ၅၃၃ စောင်တွင် မြေယာမှု ၁၇၀ မှု၊ အုပ်ချုပ်ရေးပိုင်းမှ ၂၃၈ မှုနှင့် အထွေထွေ အမှု ၃၀ ကို လက်ခံရရှိခဲ့ကြောင်း ကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။
Credit - The Voice Weekly

No comments:

Post a Comment