Sunday, September 21, 2014
လွှတ်တော်သည် ပွင့်လင်းမှုမရှိသေးဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုရှိနေဆဲဖြစ်ကာ
လွှတ်တော်သည် ပွင့်လင်းမှုမရှိသေးဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုရှိနေဆဲဖြစ်ကာ ယခုနောက်ပိုင်း ပိုသိသာလာဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား
လွှတ်တော်၏ လက်ရှိအခြေအနေသည် ပွင့်လင်းမှုမရှိသေးဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုရှိနေဆဲဖြစ်ကာ ယခုနောက်ပိုင်း ပိုသိသာလာဟု စက်တင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် သုခလမ်းထောင့်ရှိ ပွင့်လင်းမြန်မာရှေ့ဆောင်ရုံး၌ ပြုလုပ်ခဲ့သော “လွှတ်တော်ပွင့်လင်းမြင်သာရေး(မြန်မာ) ၂ဝ၁၄” အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောကြားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခဲ့ဘဲ ယင်းဖွဲ့စည်းပုံကို ပြင်မည်ဆိုသည့် ဦးတည်ချက်၊ တိုင်းရင်းသား အခွင့်အရေးရအောင် တောင်းဆိုမည်ဆိုသည့် ဦးတည်ချက်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကာ လွှတ်တော်တွင်းသို့ ရောက်ရှိလာကြောင်း၊ လွှတ်တော်သို့ ဝင်ခါစတွင် ပါတီကြီးတစ်ခု၏ လွှတ်တော်အမတ်များသည် နေထိုင်စရာ ပြည့်စုံစွာရှိကြသော်လည်း ၎င်းတို့တိုင်းရင်းသား ပါတီငယ်များ အနေဖြင့် နေစရာမဲ့လောက်သည့် အခြေအနေဖြင့် လွှတ်တော်ကို စတင်ခဲ့ရသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။
ဒေါက်တာအေးမောင်က “ပါလီမန်သည် ဒီမိုကရေစီရဲ့ အဓိကမဏ္ဍိုင် ဒီဥပဒေ ပြုမှုမဏ္ဍိုင်၊ လူထုရဲ့ကိုယ်စားပြုမှုကို ဒီနေရာမှာမှပဲ အုပ်ချုပ်ရေးယန္တရားကို တကယ် တမ်းစိန်ခေါ်နိုင်တဲ့ နေရာဖြစ်တဲ့အခါမှာ ပါ လီမန်ရဲ့ခိုင်မာမှုကို ကျွန်တော်တို့ တအားကြီး လိုလားပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ တရား စီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးခု ဟာ တစ်ခုနဲ့တစ်ခု သူ့ဟာနဲ့သူ ချိတ်ဆက် နိုင်မှ၊ ထောက်ပြနိုင်မှ ဆိုတဲ့သဘောနဲ့ သွား ပေမယ်လို့လည်း လက်ရှိအခြေအနေမှာ ပြီးခဲ့တဲ့ ၂၆ နှစ်တာကာလကဲ့သို့သော အုပ် ချုပ်ရေးမဏ္ဍိုင်ရဲ့လွှမ်းမှုက ပါလီမန်ထဲမှာ ရှိဆဲဆိုတာ ကျွန်တော်တို့ ဒီနေ့ခံစားနေရ တာရှိပါတယ်။ ဘာလို့လည်းဆိုရင် ဥပဒေတစ်ခုကို ဘယ်လိုပဲ ပါလီမန်အတွင်းမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးဆွေးနွေး နိုင်ငံတော်သမ္မတရုံးက ပါးလိုက်တဲ့ အကြံ ပေးချက်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့လွှမ်းမိုးမှု နောက်ပိုင်းမှာ ပိုသိသာလာပါတယ်” ဟု ပြောကြားသည်။
ယခုလွှတ်တော်မစတင်မီ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၌ လွှတ်တော်မရှိခဲ့ကြောင်း၊ ၁၉၈၈ မတိုင်မီ ၂၆ နှစ်ကာလတွင် ရှိခဲ့သော လွှတ်တော်စနစ်မှာလည်း ဗဟိုဦးစီးသည့် ပုဂ္ဂိုလ်များသာ လွှတ်တော်ထဲသို့ ရောက်အောင် ဖန်တီးထားသည့် စနစ်ဖြစ်သောကြောင့် လွှတ်တော်မရှိခဲ့ဘူးဟု သုံးသပ်၍ရကြောင်း၊ လက်ရှိလွှတ်တော်တွင်လည်း ၂ဝ၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် ပွင့်လင်းမြင်သာမှု မဲ့ခဲ့ကြောင်း၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ ပါဝင်သည့်အခါတွင် ပွင့်လင်းမှုအနည်းငယ် ရှိလာကြောင်း၊ သို့ရာတွင် ၂ဝ၁၅ ရွေးကောက်ပွဲနီးလာသည့် လက်ရှိအချိန်တွင်မူ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုသည် ပိုမိုသိသာလာသည်ဟု ၎င်းကဆိုသည်။
၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော်နှစ်ခုတွင် ချိတ်ဆက်ခန့်ထားခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းသွားရာတွင် ၎င်းတို့လိုချင်သည့် အတိုင်းအတာအထိ သွားစေချင်သည့်သဘော၊ ၎င်းတို့လိုချင်သည့် အတိုင်းအတာ ကိုဘောင်ကျော်ပြီး အများလက်ခံသည့် ဒီမိုကရေစီပုံစံ တစ်ခုကို မသွားနိုင်လောက်အောင် အထိန်းအကွပ် သဘောဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်ထားပြီး တည်ဆောက်ထားသည်ဟု သဘောပေါက်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
“၂ဝ၁၄ နှစ်လယ်လောက် ရောက်လာတဲ့ကာလ အခုကာလမျိုး ရောက်လာတဲ့အခါကျတော့ ပါလီမန်သည် ၂ဝ၁၂ ၊ ၁၃ အလွန်လောက်မှာ တော်တော်များများ အစိုးရရဲ့ ဘတ်ဂျက်ပိုင်း၊ စီမံကိန်းပိုင်းကို ပြတ်ပြတ်သားသားလေး ထောက်ပြတာ ရှိပါတယ်။ အဲဒီကာလသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်လာပြီးတဲ့နောက်မှာ အင်နဲ့အားနဲ့ ကမ္ဘာကိုပြတဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှုကို သူတို့ပြပါတယ်။ ဒါပေမဲ့လို့ ၂ဝ၁၅ ရွေး ကောက်ပွဲ နီးလာတဲ့ကာလမှာ ပြန်ထိန်းပြီး လာမယ့် ရွေးကောက်ပွဲမှာ မိမိအစိုးရကို မိမိများ ပုတ်ခတ်သလိုဖြစ်သွားမလားဆိုတဲ့ အယူအဆနဲ့ နောက်ကိုဆုတ်တဲ့ သဘောလေးတွေ့ပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
အဆိုပါ လွှတ်တော်ပွင့်လင်းမြင်သာရေး (မြန်မာ) ၂ဝ၁၄ အခမ်းအနားအား နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ကာ ပထမနေ့တွင် မြန်မာနိုင်ငံတွင်း ဥပဒေပြုရေးနှင့် လွှတ်တော်တွင်း ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌဦးသုဝေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် ဥပဒေပညာရှင်များကလည်း ဆွေးနွေးဟောပြောခဲ့သည်။
Credit - Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment