စစ်တွေ၊ စက်တင်ဘာ ၂၁
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းများတွင် အမျိုးသမီး ပါဝင်မှု တိုးမြှင့်ပေးရန် အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့တွင်
ပြုလုပ်သည့် လမ်းလျှောက်ပွဲတွင် တောင်းဆိုလိုက်ကြောင်း ရခိုင်အမျိုးသမီး
အစည်းအရုံး (RWU) ဒုတိယဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောကြားသည်။
အဆိုပါ
အခမ်းအနားတွင် သီလရှင်များ အပါအဝင် အမျိုးသမီး ငါးရာကျော် ပါဝင်ခဲ့ကာ
မိဇံရပ်ကွက်မှ ဘုရားကြီးအထိ သုံးနာရီခန့်အကြာ လမ်းလျှောက် ချီတက်ခဲ့ကြောင်း
၎င်းကဆိုသည်။
စီတန်းလမ်းလျှောက်ပွဲတွင် ပြည်တွင်းစစ် အမြန်ဆုံးရပ်၊
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်
အမျိုးသမီးများ ပါဝင်မှုကို တိုးမြှင့်၊ အကြမ်းဖက်မှု မရှိမှ ရခိုင်ပြည်
အေးချမ်းမည်၊ No Women, No Peace (အမျိုးသမီးမပါ၊ ငြိမ်းချမ်းမှု မရနိုင်)
စသည့် စာတန်းများကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်။
ယင်းအပြင်
ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးတွင် အမျိုးသမီး အခန်းကဏ္ဍ
တိုးမြှင့်ရေးကို အစိုးရ အပါအဝင် သက်ဆိုင်သူများက အသိအမှတ်ပြုရန်၊
အမျိုးသမီးများကို ကာကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ခွဲခြားဆက်ဆံမှု
ဟန့်တားရေးကို ကုလသမဂ္ဂ၏ သဘောတူညီချက် Cedaw (အမျိုးသမီးများ
ခွဲခြားဆန့်ကျင်မှု ပပျောက်ရေး သဘောတူညီချက်) ဖြင့်လုပ်ဆောင်ရန် အပါအဝင်
အချက်လေးချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို RWU က ယင်းအခမ်းအနားတွင်
ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများတွင် အမျိုးသမီး ပါဝင်မှု အလွန်နည်းပါးကြောင်း စောစံငြိမ်းသူက ဆိုသည်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အမျိုးသမီး ၂ ဦးသာ
တွေ့ရပြီးတော့ အစိုးရငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ၅၂ ခုထဲမှာလည်းပဲ
အမျိုးသမီး ပါဝင်မှု အဖွဲ့ဝင် ရိုးရိုးအဖြစ် ၂ ဦးသာ တွေ့ရတယ်” ဟု ၎င်းက
ရှင်းပြသည်။
စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊
အပစ်အခတ်ရပ်စဲရေး လုပ်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို
အမျိုးသမီးများက နည်းလမ်းမျိုးစုံဖြင့် တိုက်တွန်းနေပြီး ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် အမျိုးသမီး ပါဝင်မှု မြှင့်တင်ရန်လည်း တိုက်တွန်း
လှုံ့ဆော်ပေးနေကြောင်း စောစံငြိမ်းသူက ပြောဆိုသည်။
(ခင်မောင်အေး)
Credit - The Voice Weekly
No comments:
Post a Comment