နေပြည်တော်၊ စက်တင်ဘာ ၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD
ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲ
ကျင်းပရန် နေပြည်တော်ကောင်စီ နယ်မြေတွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အဆိုပါ
ဆန္ဒပြသူ ဦးဇော်မြင့် (ခ) ဇော်ကြီးကို ပျဉ်းမနား မြို့မရဲစခန်းက
ချက်ချင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
ဦးဇော်မြင့် (ခ) ဇော်ကြီးသည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က
ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်း တော်ဝင်ကားဂိတ် အနီးမှ စတင်
ဆန္ဒဖော်ထုတ်ခဲ့ပြီး ၁၅ မိနစ်ခန့် အကြာတွင် ပျဉ်းမနား မြို့မရဲစခန်းမှ
စခန်းမှူး ဒုရဲမှူး မျိုးသန်းဝင်းက ဦးဆောင် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း
ဖြစ်သည်။
“လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့တောင်
တွေ့ဆုံဆွေးနွေးနိုင်တာ၊ လက်နက်မဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာလို့
မဆွေးနွေးနိုင်ရတာလဲ” ဟု ဆန္ဒထုတ်ဖော်သူ ဇော်မြင့်က ပြောဆိုသည်။
အဆိုပါ တစ်ကိုယ်တော် ဆန္ဒပြသူ ကိုဇော်မြင့်သည် “လေးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဝိုင်းဝန်းတောင်းဆိုကြ၊
လွတ်လပ်အေးချမ်းမှု အပြည့်အဝ ခံစားရရင် ပြည်သူတွေ သင်ပုန်းချေနိုင်မှာ
ယုံကြည်တယ်၊ ပီတိကို စားပြီး ပျော်ရွှင်လွတ်လပ်မှုကို လိုလားသည်” ဟူသော
စာတန်းများပါ ဗီနိုင်းကို ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်သူ ဦးဇော်မြင့်သည် ပြည်မြို့မှ နေပြည်တော် လာရောက်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရန် ပျဉ်းမနားမြို့နယ် ရဲစခန်းနှင့်
နေပြည်တော်ကောင်စီသို့ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခွင့် တရားဝင်
တောင်းခံခဲ့သော်လည်း နိုင်ငံရေးလှုံ့ဆော်မှုနှင့် အစိုးရအား အကြည်ညို
ပျက်စေသည်ဟု ယူဆရ၍ ခွင့်မပြုခဲ့ကြောင်း ပျဉ်းမနား ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်သူကို မည်သည့် ပုဒ်မဖြင့် အရေးယူထားမှုကို ပျဉ်းမနား ရဲစခန်း တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
နေပြည်တော်ကောင်စီ နယ်မြေတွင် ပျဉ်းမနား ဒေသခံ ဦးသာချိုက
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်နေသော
၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ဒုတိယအကြိမ်
အဖြစ် လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် ကိုဇော်မြင့်က တစ်ဦးတည်း
ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment