Written by - ဟယ်ရီမွန်
ဟိုတစ်ချိန်က ကြားဖူးခဲ့ပါတယ်။
ကြုံဖူးခဲ့ရပါတယ်။ ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် ဌာနဆိုင်ရာတွေ၊
ရုံးတွေနဲ့ဆက်ဆံရတဲ့အခါ လက်ဆောင်လေးပေးပြီး လက်သိပ်ထိုးလိုက်ရတာ၊
ကိုယ်ရည်ရွယ်တဲ့ လုပ်ဆောင်ချက်လေး တစ်ခုဖြစ်မြောက်ဖို့ ဆရာလက်ဖက်ရည်ဖိုး
ဆိုတာလေးတွေကို မပေးမဖြစ်၊ မပေးချင်ပေး ချင်ပေးလိုက်ရတာတွေက
ကျွန်မတို့နိုင်ငံအတွက် ထုံးစံတစ်ခုလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီကမှ အစိုးရသစ်
တက်လာပြီး နောက်ပိုင်းမှာတော့ အခုလိုလာဘ်ပေးလာဘ်ယူမှုဆိုတဲ့ အပေးအယူတွေ
ပပျောက်စေဖို့အတွက် ကော်မရှင်တွေဖွဲ့စည်း၊ ဥပဒေတွေပြဋ္ဌာန်းပြီး
အရေးယူဆောင်ရွက်မှု လုပ်ဆောင်မယ်ဆိုတာ တွေဖြစ်လာတော့လည်း မျှော်လင့်ခဲ့ကြတာ
အမှန်ပါပဲ။
လာဘ်ပေးလာဘ်ယူမှုတွေကို တစ်ပြည်လုံး အတိုင်းအတာနဲ့
ပိုမိုကျယ်ပြန့်ထိရောက်အောင် တိုက်ဖျက်အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို နိုင်ငံတော်သမ္မတက ၂ဝ၁၃ ခုနှစ် ဩဂုတ် ၇
ရက်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ကနေ
အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်တာကို တရားဝင်ထုတ်ပြန်တာ တွေ့ခဲ့ရပါတယ်။
ဒီလို ဥပဒေထွက်ရှိပြီး နောက်မှာတော့ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်
ရက်စွဲနဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ကို ဖွဲ့စည်းပြီး မတ် ၁ဝ
ရက်က စတင်ကာ ကော်မရှင်ရုံးဖွင့်လှစ်လို့ တိုင်ကြားစာတွေ
လက်ခံဆောင်ရွက်ခဲ့တာကို သိလိုက်ရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့
လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်အဖြစ် ဩဂုတ် ၄ ရက် ရက်စွဲနဲ့ တရားဝင်
အမည်ပြောင်းလဲခဲ့ပြီးချိန်မှာ ဥပဒေမှာပါရှိတဲ့ လာဘ်ပေးလာဘ်ယူမှုဆိုတဲ့
စကားလုံးတွေ နေရာမှာလည်း အဂတိလိုက်စားမှုဆိုတဲ့ အသုံးအနှုန်းတွေ
ပြောင်းလဲလိုက်ပါတယ်။ ပြည်သူတွေ အနေနဲ့ကတော့ လာဘ်ပေးလာဘ်ယူမှုပဲဆိုဆို
အဂတိလိုက်စားမှုလို့ပဲ သုံးသုံး ကြုံတွေ့ခံစားနေကြရတဲ့ အခွင့်ကောင်း
ယူခံရမှုတွေ၊ အနိုင်အထက်ပြုခံရမှုတွေက နေ ကင်းဝေးလိုတာပါပဲ။ အဲ့ဒီလို
ကြုံတွေ့ ခံစားကြရတဲ့ ပြည်သူတွေအနေနဲ့လည်း ဥပဒေပါအချက်တွေအရ
တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှုတွေကို စုံစမ်းစစ်ဆေး အရေး ယူပေးမယ်ဆိုတဲ့
ကြေညာချက်တစ်ခု ထပ်မံထွက်ရှိလာလို့လည်း အားကိုးတိုင်ကြားကြ တာတွေကို
ကြားသိရပါတယ်။ အဲ့ဒီတိုင် ကြားစာတွေ လက်ခံတယ်ဆိုတဲ့ သတင်းကို
သိရပြီးတဲ့နောက်မှာတော့ တိုင်ကြားမှုအခြေ အနေတွေ၊ တိုင်ကြားမှုတွေအပေါ်
ပြန်လည် ဖြေရှင်းပေးမှု အခြေအနေတွေကို သိချင်မိပါတယ်။
ပြီးခဲ့တဲ့
ရက်ပိုင်းကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ရောက်ရှိ
လာတဲ့တိုင်ကြားစာတွေ၊ ပြန်လည်ဖြေရှင်းပြီး မှုတွေနဲ့ ပတ်သက်လို့ ကော်မရှင်က
ကြေညာ ချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာ မတ် ၁ဝ ရက် ကနေ ဩဂုတ် ၂၁ ရက်အထိ
တိုင်ကြားစာ ၅၃၃ စောင်ရောက်ရှိခဲ့ပြီး အဲ့ဒီအထဲက သုံးစောင်ကသာ
တိုင်ကြားမှုပေါ်လွင်ပြီး အဂတိ လိုက်စားမှုဥပဒေနဲ့ ငြိစွန်းလို့ စစ်ဆေးဆောင်
ရွက်ခဲ့တယ်ဆိုတာ သိရပါတယ်။ အဲ့ဒီအချိန် မှာ မေးစရာတွေက ပေါ်လာပါတော့တယ်။
တိုင်ကြားစာတွေ အများကြီးမှာမှ တစ်ရာခိုင်နှုန်းတောင် မပြည့်တဲ့တိုင်ကြားစာ
သုံးစောင်ကသာ ပေါ်လွင်လို့ စစ်ဆေးတယ်ဆိုတော့ ကျန်တဲ့တိုင်ကြားစာ ၅၃ဝက ဘယ်လို
အကြောင်းအရာတွေ မပေါ်လွင်တာပါလဲ။ နောက် အဲ့ဒီတိုင်ကြားစာပါ အချက်တွေက
အဂတိလိုက်စားမှု ဥပဒေနဲ့ ဘာကြောင့်များ ငြိစွန်းမှု မရှိတာပါလဲ။ ပြည်သူတွေကို
ရှင်းရှင်းလင်းလင်း ချပြစေလိုပါတယ်။ ကော်မရှင်က စစ်ဆေးဆောင်ရွက်ခဲ့တဲ့
တိုင်ကြားစာ သုံးစောင်မှာတော့ ရန်ကင်းတရားရုံးက တွဲဖက်တရားသူကြီးကို
တိုင်ကြားမှုဖြစ်ပြီး စစ်ဆေးပေါ်လွင်လို့ တရားစွဲဆိုပြီးဖြစ်တယ်လို့
ဆိုပါတယ်။ နောက်တစ်ခုကလည်း ဟုမ္မလင်းမြို့နယ် တရားသူကြီးကို
တိုင်ကြားတဲ့ကိစ္စ ဖြစ်ပြီး ကျန်တစ်ခုကတော့ မွန်ပြည်နယ် သထုံခရိုင်
မူးယစ်အထူးတပ်ဖွဲ့ တာဝန်ခံကို တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်က လွှတ်တော်အစည်း အဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက တိုင်ကြားစာတွေနဲ့ ပတ်သက်လို့
ပြန်လည်ဖြေကြားပေးတာကို သိလိုက်ရပါတယ်။ အဲ့ဒီလို ဖြေကြားချက်မှာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးကြီးတဲ့ သက်သေခံချက်မပါတဲ့
တိုင်ကြားစာ ၁၆၇ စောင် ရှိတယ်ဆိုပါတယ်။ ကော်မရှင်ဥက္ကဋ္ဌက ထပ်ပြီးပြောထား
ပါသေးတယ်။ အရေးကြီးတဲ့ သက်သေခံ အသစ်မပါတဲ့ ထပ်မံတိုင်ကြားစာ ၁ဝ၈ စောင်
ရှိတယ်ဆိုပါတယ်။ ဥပဒေနဲ့ ကန့်သတ်ထားတဲ့ အချက်တွေ မပြည့်စုံလို့
စစ်ဆေးဆောင်ရွက် မပေးနိုင်ပါဘူးဆိုရင် တိုင်ကြားတဲ့ ပြည်သူတွေအတွက်
ဖြေသာစေမယ့် ရှင်းလင်းချက်ဖြစ်ဖြစ်၊ ဘာတွေလိုအပ်တယ်၊ ဘာကြောင့်
မစစ်ဆေးနိုင်တယ် ဆိုတာတွေကိုတော့ ပြန်လည်ရှင်းလင်း စေလိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခဲ့စဉ်က ရည်ရွယ်ချက်အဖြစ်
ဖော်ပြခဲ့တာ ရှိပါတယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိုးသားရေး
တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ဖို့၊ သန့်ရှင်းတဲ့အစိုးရနဲ့ ကောင်းမွန်တဲ့
အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေဖို့ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးမှာ
ဂုဏ်သိက္ခာနဲ့ တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေဖို့
လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းတွေ လူ့အဖွဲ့အစည်းနဲ့
နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ အကျိုးစီးပွားတွေကို ထိခိုက်မှုမရှိအောင်
အကာအကွယ်ပေးဖို့၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့၊
တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ
ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့
စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေဖို့ ဆိုတာတွေကို ဖော်ပြခဲ့ပါတယ်။
မြန်မာပြည်သူတွေ အားလုံးက အရင်ကတည်းက အဂတိလိုက်စား ခံရမှုတွေကြားမှာ
နေထိုင်ခဲ့ကြရပါတယ်။ အသားမကျချင်ပါဘဲ အဂတိလိုက်စားမှုဆိုတာကို
အသားကျနေခဲ့ကြရပါတယ်။ အာဏာရှင်၊ အင်အားကြီးသူတွေ၊
ပါဝါရှိသူတွေရဲ့ခြယ်လှယ်မှုတွေကို ခေါင်းငုံ့ခံနေခဲ့ကြရပါတယ်။ အခြေအနေ၊
အချိန်အခါ၊ နေရာအလိုက် ဘာမှမပြောနိုင်ဘဲ ငြိမ်ခံနေလိုက်ရတာတွေလည်း
ရှိခဲ့ပါတယ်။ ပြည်သူတွေ ငြိမ်ခံနေခဲ့ကြရတဲ့ ဘဝကနေ အပြောင်းအလဲတွေနဲ့
ကြုံတွေ့ရတဲ့အခါမှာ ပြောလို့ရတယ်ဆိုလို့ တိုင်လို့ရတယ်ဆိုလို့
ပြောကြတိုင်ကြပါတယ်။ ကော်မရှင်အဖွဲ့ လစာအတွက် ပြည်သူ့ဘဏ္ဍာတွေကို
အသုံးပြုထားတာ ဖြစ်ပါတယ်။ နေရာတစ်ခုချင်းအလိုက် အဂတိလိုက်စားခံရလို့
နစ်နာရသူတွေအနေနဲ့ ကော်မရှင်ဆိုတာကို အားကိုးတိုင်တန်းကြတဲ့
တိုင်ကြားလွှာတွေကို အချက်မပြည့်စုံလို့ ဆိုတာရယ်၊ မသက်ဆိုင်လို့ဆို
တာတွေရယ်ကြောင့် ပယ်ချ၊ လွှဲချ လုပ်လိုက်တာတွေအတွက် ပြည်သူတွေ
ဘယ်လိုအခြေအနေမှာ အားကိုးနိုင်မှာပါလဲ။ မပြည့်စုံဘူး ဆိုတာတွေ၊မ
သက်ဆိုင်လို့ သက်ဆိုင်ရာ ဌာနတွေ၊ ပြည်နယ်၊ တိုင်းတွေကို လွှဲလိုက်တယ်
ဆိုတာတွေအတွက် အခြေအနေအရပ်ရပ်ကို ပြောပြပေးနိုင်မယ် ဆိုရင်ဖြင့်။
Credit - Eleven Media Group
No comments:
Post a Comment