Monday, September 22, 2014

ရှုထောင့်

ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ပြဿနာများနှင့် Challenge ခေါ် အကဲစမ်းမှုများနှင့် မကြာခဏ ဆိုသလို ရင်ဆိုင်ကြရသည်။ များစွာသော လူတို့သည် အဆိုပါ အခက်အခဲ၊ ပြဿနာနှင့် အကဲစမ်းမှုများကို မိမိတို့ သန်ရာသန်ရာ ရှုထောင့်မှ အကဲဖြတ်၊ အဓိပ္ပာယ်ကောက်ကာ တုံ့ပြန်ဖြေရှင်းလေ့ ရှိတတ်သည်။


ကျွန်ုပ်တို့ ရပ်တည်နေသော သို့မဟုတ် ရောက်ရှိနေသော နေရာအပေါ် မူတည်ကာ မြင်သော၊ ကြည့်သော ရှုထောင့်များ ကွာခြားတတ်သလို ဖြေရှင်းပုံ ဖြေရှင်းနည်းများလည်း ကွဲပြားခြားနားတတ်သည်။ ဖြေရှင်းသည့် နည်းလမ်း ကွာခြားချက်ကြောင့် ထွက်ပေါ်လာသော ရလဒ်တို့လည်း ကွဲပြားသွားတတ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ပြဿနာများကို ဖြေရှင်းရာတွင်လည်း ရှုမြင်၊ စဉ်းစား၊ သုံးသပ်သော ရှုထောင့်တို့အပေါ် မူတည်ကာ ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ၏ အောင်မြင်၊ ကျရှုံးမှု၊ ရှေ့မတိုး နောက်မဆုတ် ဖြစ်မှုတို့ကို တွေ့မြင်နေရခြင်း ဖြစ်သည်။

များသောအားဖြင့် နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်လာခဲ့သူများနှင့် ယင်းသို့ အာဏာဆုပ်ကိုင်မှုကို ဆန့်ကျင်လာခဲ့သူများအကြား လက်ရှိအခြေအနေ အရပ်ရပ်အပေါ် ရှုမြင်သုံးသပ်မှု၊ အဓိပ္ပာယ် ကောက်ယူမှုမှာ မတူညီနိုင်သည့်အပြင် ဆန့်ကျင်ဘက် အမြင်များပင် ရှိနေနိုင်ပေသည်။ ယင်းမှာ အကြောင်း၊ အကျိုး ဆက်စပ်မှု ရှိနေသည့်အတွက် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများမှ ထွက်ပေါ်လာတတ်သည့် အမြင်မတူညီမှုများကို လက်ခံနားလည်ပေးရန် အထူးအရေးကြီးလှသည်။

သို့သော် ထိုအမြင်၊ သုံးသပ်ချက်နှင့် ရှုထောင့်အမြင်တို့သည် ပုံသေကားကျ၊ လှေနံဓားထစ် မှတ်ထား၍ မရဘဲ အခြေအနေနှင့် အချိန်အခါအပေါ် မူတည်ကာ ပြောင်းလဲသွားတတ်သည်ကိုလည်း သတိပြုမိရန် လိုပေသည်။

ကမ္ဘာကြီး တစ်ခုလုံး၏ ပြောင်းနေသော အခြေအနေများကို ကမ္ဘာပေါ်တွင် ခေတ်ကုန် ကျဆုံးနေပြီ ဖြစ်သော အတွေးအခေါ်၊ အယူဝါဒများ၊ စနစ်များ၏ သြဇာသက်ရောက်မှုဖြင့် ရှုမြင်သုံးသပ်ပါက သဟဇာတ မဖြစ်နိုင်၊ ဆီလျော်အပ်စပ်မှု မရှိနိုင်ဘဲ ပဋိပက္ခဘက်သို့ အလေးကဲသွားတတ်ပေသည်။

အထူးသဖြင့် အနိမ့်ဆုံးအဆင့် အာဏာချုပ်ကိုင်ခဲ့သူများနှင့် ယင်းကို ဆန့်ကျင် တိုက်ခိုက်ခဲ့သူများ အကြား ပြဿနာ၊ အခက်အခဲနှင့် အကဲစမ်း စိန်ခေါ်မှုတိုင်းကို မိမိတို့၏ မူလအထိုင်၊ ရှုထောင့်များမှ ပုံဖော်နေပါက ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာသွားနိုင်ပေသည်။ အာဏာ စွဲကိုင်ခဲ့သူများကလည်း အရာရာကို လုံခြုံရေး၊ အမျိုးသားရေး၊ ကာကွယ်ရေး ရှုထောင့်သက်သက်မှ ကြည့်ကာ အဓိပ္ပာယ်ကောက်ယူ၊ ဖြေရှင်းနေပြီး အာဏာ စွဲကိုင်ခဲ့သူများကို ဆန့်ကျင် တိုက်ခိုက်လာခဲ့သူများဘက်ကလည်း အရာရာကို သံသယ၊ မယုံကြည်မှု အမြင်များဖြင့် လိုရာဆွဲတွေး တုံ့ပြန်နေကြလျှင် ငြိမ်းချမ်းရေးအဆင့် မဆိုထားနှင့် နားလည်မှု၊ ယုံကြည်မှု ရရှိရန်ပင် မလွယ်ကူနိုင်ပေ။ သံသယ၊ မယုံကြည်မှု၊ အထင်အမြင်သေးစိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခြင်းနှင့် ကိုယ်ကျိုးအတ္တ၊ လောဘများကို လျှော့ချကာ မိမိတို့ ကိုယ်စားပြုနေသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ငြိမ်းချမ်းသာယာသော လူမှုဘဝများ တည်ဆောက်နိုင်ရေး ရှုထောင့်ကိုသာ ရိုးသားဖြောင့်မတ်မှု ရှိရှိ ဦးတည်ကြပါမည့် အကြောင်း တိုက်တွန်း နှိုးဆော်အပ်ပေသည်။

အယ်ဒီတာ (၂၁-၉-၂၀၁၄)

===========================
The Voice Daily, Editorial, Vol-2/No-138 (#voiceeditorial)


 
 

No comments:

Post a Comment