ယနေ့ အယ်ဒီတာ့ အာဘော် Credit - 7DAY DAILY
ဒေါ်လာ ကိုးဘီလီယံ။ ပြည်ပနိုင်ငံများ၊ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့ အစည်းများမှ မြန်မာချေးထားသော ငွေပမာဏ စုစုပေါင်းဖြစ်သည်။
ပြည်ပကြွေးမြီ ဒေါ်လာ ကိုးဘီလီယံတွင် ၁၉၆၂ မှ ၁၉၈၈ အတွင်း ပြည်ပအကြွေး ငါးဘီလီယံကျော်၊ ၁၉၈၈ မှ ၂၀၁၀ ကြား သုံးဘီလီယံကျော်နှင့် လက်ရှိအစိုးရလက်ထက်တွင် ပြည်ပမှချေးငွေ တစ်ဘီလီယံပင် မပြည့်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊
ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စက်တင်ဘာ ၁၉ ရက်တွင်
ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။
ကမ္ဘာ့တွင် အကြွေးကင်းသောနိုင်ငံ ၆ နိုင်ငံသာ ရှိသည်။ ဘရူနိုင်း၊ မကာအို၊ လက်ချင်းစတိန်၊ ပုလော၊ဗြိတိသျှ၊ ဗာဂျင်ကျွန်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာ့ကြွေးမြီအများဆုံးနိုင်ငံ စာရင်းတွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီတို့ ထိပ်ဆုံးမှ ဦးဆောင်ပြီး မြန်မာတို့က အကြွေးငါးဘီလီယံကျော်ဖြင့် တွက်စဉ်အဆင့် (၁၀၇) ၌ ရပ်တည်နေသည်။
ကမ္ဘာတွင်(၁၂) နိုင်ငံမြောက် အဆင်းရဲဆုံး နိုင်ငံအနေဖြင့် ပြည်ပမှချေးငွေ ရယူသည်မှာ မထူးဆန်းသော်လည်း ချေးငွေများကို ထိရောက်စွာ အသုံးပြုရေး အလွန်အရေးကြီးသည်။
အမှန်တော့ ခေတ်အဆက်ဆက် အာဏာရှင် အစိုးရများကောင်းမှုဖြင့် မြန်မာပြည်၏ ကြွေးမြီမှာ အထက်တွင်ဆိုခဲ့သော ပမာဏထက် နှစ်ဆကျော် ပိုများပါသည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် အကြွေးရှင်များက ဆုလာဘ်အဖြစ် တင်ရှိနေသော အကြွေးများလျှော်ပေးမှုမှာ ၁၁ ဘီလီယံဝန်းကျင်ရှိသည်။ ပြင်သစ် ပဲရစ်ကလပ်ဝင် နိုင်ငံများက ဒေါ်လာခြောက်ဘီလီယံခန့်၊ ဂျပန်နိုင်ငံမှ ၃ ဒသမ ၅ ဘ်ီလီယံကျော်၊ နော်ဝေးမှ ဒေါ်လာ ၅၈၅ သန်း၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ဒေါ်လာသန်း ၉၀၀ ကျော်၊ ဒိန်းမတ်က ဒေါ်လာ ၅၂ သန်း စသဖြင့် မြန်မာအပေါ် အကြွေးများကို လျှော်ပေးကာ ချေးငွေအသစ်များပင် ထပ်မံပေးသွားဖြစ်ခဲ့သည်။
လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံတကာမှ ချေးငွေနည်းနည်းသာ ယူရသေးသည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်ပကြွေးမြီများ အလွယ်တကူမချေးရန်တော့ လိုသည်။ အထူးသဖြင့် ဝန်ကြီးဌာနတစ်ခုချင်း စီမံကိန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အဂတိလိုက်စားမှုများရှိနေပြီး ယိုပေါက်များနေကြောင်း၊ ထိရောက်မှုအားနည်းကြောင်း၊ စီမခံခန့်ခွဲမှုညံ့ဖျင်းကြောင်း ဝေဖန်သုံးသပ်မှုများရှိနေချိန်တွင် ချေးငွေထပ်ပေးမည့် ဌာနများ၏ စီမံကိန်းများ စွမ်းဆောင်ချက်များနှင့် ပတ်သက်၍ အားမနာတမ်း သုံးသပ် ဆန်းစစ်မှုများပြုလုပ်ရန် လိုပါသည်။
စာရွက်ပေါ်တွင် ရလဒ်ကောင်းလွန်းနေသော စီမံကိန်းများကို မြေပြင်အထိ ကွင်းဆင်းလေ့လာပြီးမှ ချေးငွေထပ်ချေးရန် စဉ်းစားရ မည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူလူထုနှင့် ပိုမိုသက်ဆိုင်သော ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော စီမံကိန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသက်ဝင်လာသော သမဝါယမချေးငွေများ၊ မွေးရေကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဆောင်ရွက်ချက်များကို အမြဲစောင့်ကြည့်သုံးသပ်ရန် လိုပါသည်။ ရလဒ်မကောင်းပါက ဦးဆောင်သူများ တာဝန်ခံမှုရှိစေရပါမည်။ ထိုသို့မဟုတ်ပါက တိုင်းပြည်မှာ အကြွေးပိုပိလာသလို စက္ကူပေါ်တွင်သာ စီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်နေသော၊ အပြောကောင်းသော အစိုးရအဖွဲ့မှ လူရည်လည်သူများ၊ ကြားပွဲစားများသာ ဓနအင်အား ပိုတိုးပွားလာမည်ဖြစ်သည်။
ပြည်ပကြွေးမြီများကို အခွန်အရပ်ရပ်ရငွေဖြင့် ဆပ်မည်ဆို၍ အခွန်တိန်းရှောင်နေသော လုပ်ငန်းရှင်ကြီးများ၊ လုပ်ငန်းများကိုဖော်ထုတ်ပြီး ထိုက်တန်စွာ အခွန်ကောက်ရန်လည်း လိုနေပါသည်။
လက်ရှိ ပြည်ပကြွေးမြီကို သန်းခေါင်းစာရင်းရှေ့ပြေးလူဦးရေစာရင်းနှင့် ပျမ်းမျှတွက်လျှင် နိုင်ငံသားတစ်ဦးလျှင် ၁၇၅ ဒေါ်လာ (၁၇၁,၅၀၀ ကျပ်) အကြွေးရှိသည်။ နောင်တစ်ချိန်တွင် မြန်မာတို့ဆပ်ရမည့်အကြွေးကို လုပ်ပိုင်ခွင့်ရှိသူတစ်စု ကောင်းစားရေးအတွက် ရင်းနှီးငွေ မဖြစ်ရေး လက်ရှိအစိုးရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမည်။

No comments:
Post a Comment