Monday, October 27, 2014

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး မျှော်တိုင်းမဝေး

Written By - ဒေါက်တာရန်မျိုးသိမ်း

ပြည်တွင်းငြိမ်းချမ်းရေးဟုဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထုအကြား ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်လျက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေး အာမခံချက်သည် မြင့်မားမည်ဖြစ်သည်။ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများအနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုနှင့်အတူ ငြိမ်းချမ်းရေးခရီးကို ပွင့်လင်းမြင်သာရိုးသားစွာ ရှေ့ဆက်နိုင်မည်ဆိုလျှင် ငြိမ်းချမ်းရေးသည် မျှော်တိုင်းဝေးနိုင်ခြေ နည်းပါးမည်ဖြစ်သည်။


ပြည်တွင်းငြိမ်းချမ်းရေး၏ အနီးအဝေးသည် ယနေ့ငြိမ်းချမ်းရေး စားပွဲဝိုင်းများတွင် ထိုင်နေကြသော ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များတွင်သာမက နိုင်ငံရေးခေါင်းဆောင်များပေါ်တွင် မူတည်နေသည်မှာ မငြင်းနိုင်သောအချက် ဖြစ်သည်။ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ယုံကြည်မှုနှင့်နားလည်မှု တည်ဆောက်နိုင်ရေးတွင် အစိုးရနှင့်တပ်မတော်တို့၏ ကနဦးခြေလှမ်းများသည် အခရာကျသည်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ နိုင်ငံရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် ကျဉ်းမြောင်းနေဆဲဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် ဖယ်ကြဉ်ခံထားရသည့်အလျောက် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး၏ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များ၏ ဘေးပယောဂမပါဟု ပွင့်ပွင့်လင်းလင်း သုံးသပ်ရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော ကြီးလေးကြီး တွေ့ဆုံဆွေးနွေးရေးကို အလျင်အမြန် ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးဆီဦးတည်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးနိုင်မည်ဖြစ်သည်။ ကြီးလေးကြီးတွေ့ဆုံဆွေးနွေးမှုကို တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ ပါဝင်နိုင်သည်အထိ အခင်းအကျင်း ချဲ့ထွင်ပုံဖော်နိုင်မည်ဆိုလျှင် စနစ်ကျ၊ အခြေခိုင်သော နိုင်ငံရေးဆွေးနွေးပွဲများဆီ ဦးတည်နိုင်ရေး အားကောင်းမောင်းသန်လာမည် ဖြစ်သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပါတီ ၇၀ နီးပါး၏ ခေါင်းဆောင်များအနက် တစ်ဦးအဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ အနက် တစ်ဦးအဖြစ် လည်းကောင်း၊ သတ်မှတ်လျက် တစ်ပြေးညီ ဆက်ဆံနေဦးမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယခင်အစိုးရ အဆက်ဆက်၏ လမ်းရိုးလမ်းဟောင်းဘောင်ကြီးထဲတွင် ဆက်လက်ပိတ်မိနေဆဲဟုသာ မှတ်ချက်ပြုရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးလက်ထက် ငြိမ်းချမ်းရေးရရှိသွားလျှင် နိုင်ငံတော်သမ္မတကြီး နာမည်ကောင်းရရှိသွားမည်ကို မလိုလား၊ မနှစ်မြို့သူများ အမှန်တကယ်ရှိနေသည်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်တစ်ဦး၏ ထုတ်ဖော်ပြောကြားချက်သည် နိုင်ငံရေးအလံရှူးအကွက် ဖြစ်ကောင်းဖြစ်နိုင်သည်။ နှစ်ပေါင်းခြောက်ဆယ်ကျော် အမြစ်တွယ်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို သမ္မတသက်တမ်းတစ်ခုအတွင်း ဆွေးနွေးညှိနှိုင်းလျက် တိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရေးသည် သမ္မတနှင့် သော့ချက်နိုင်ငံရေးခေါင်းဆောင်များအကြား၊ သမ္မတ၊ သော့ချက်နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား၊ လက်တွေ့ကျသော၊ အလုပ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ၏ အခန်းကဏ္ဍကို ကနဦးအခင်းအကျင်းအဖြစ် ရှေ့တန်းမတင်နိုင်သမျှ အလှမ်းဝေးနေဦးမည်မှာ ဧကန်မုချဖြစ်သည်။

အကယ်၍ နိုင်ငံတော်သမ္မတသည် ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုအစိုးရ ဖွဲ့ပြီးလျှင်ပြီးချင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာခဲ့မည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့မည်ဆိုလျှင် နိုင်ငံရေးအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့မည်ဆိုလျှင် အားလုံးပါဝင်ပြီး ရေရှည်အမြင်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေး သမ္မတသက်တမ်း ပထမနှစ်ကတည်းက အုတ်မြစ်ချနိုင်ခဲ့မည်ဆိုလျှင် သမ္မတ၏ သက်တမ်းတစ်ခုအတွင်း ငြိမ်းချမ်းရေးနှင့်ဆက်စပ်သော နာမည်ကောင်းများရရှိဖို့ ဖြစ်နိုင်ခြေရှိသည်။ မလိုလား၊ မနှစ်မြို့သူများ မည်မျှပင်ရှိစေကာမူ သမ္မတနှင့် အစိုးရအနေဖြင့် ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်သော တိုးတက်မှုများနှင့် စိန်ခေါ်လက်ခမောင်းခတ်နိုင်သည်။ သို့သော် လက်ရှိငြိမ်းချမ်းရေး အခင်းအကျင်းတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရေး ဖရိုဖရဲဖြစ်လာခြင်း၊ ယိုင်နဲ့လာခြင်းတို့ကို အကြောင်းပြုလျက် သမ္မတနှင့် အစိုးရအနေဖြင့် နာမည်ကောင်းရနိုင်ခြေ နည်းပါးလွန်းသည်ဟု ကောက်ချက်ပြုနိုင်သည်။

အမျိုးသားညီညွတ်ရေးသည် နိုင်ငံရေး အမြတ်ထုတ်ကောင်းသောအရာ မဟုတ်သကဲ့သို့ နိုင်ငံရေးအကျိုးအမြတ်တို့နှင့် လဲလှယ်သင့်သော အရာလည်း မဟုတ်သည့်အပြင် ငြိမ်းချမ်းရေးခရီး နီး၊ မနီးသည် ယနေ့လက်ရှိ ခေါင်းဆောင်များအပေါ်တွင် မူတည်နေသည်ဟူသော ကောက်ချက်သည် ကြောင်းကျိုးဆီလျော်ဆဲဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး၏ အခြေခံဇာစ်မြစ် ပြဿနာ ဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့်အညီ ချဉ်းကပ်လျက် စားပွဲဝိုင်းပေါ်တွင် အဖြေရှာမှု အားနည်းခဲ့ခြင်းကို အဆောတလျင် ပြုပြင်နိုင်မည်ဆိုလျှင် ပိုမိုနိုင်ငံရေးဆန်ဆန် ချဉ်းကပ်ဖော်ဆောင်နိုင်မည်ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးသည် အတန်အသင့် ခရီးပေါက်မည်ဖြစ်သည်။ ပြည်နယ်အချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ စစ်ရေးတင်းမာမှုများ အရှိန်မြင့်မားနေခြင်းနှင့် စစ်ရေးပြင်ဆင်မှုများ အားကောင်းနေခြင်းတို့သည် ပြည်တွင်းငြိမ်းချမ်းရေးကို ဝေးသထက်ဝေးသွားစေနိုင်မည့် သဘောဦးတည်နေသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပထမအဆင့်အနေဖြင့် ဆောင်ရွက်နိုင်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေခြင်းသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နှစ်ဖက်စလုံးတွင် တာဝန်ရှိသည်ဟု ယေဘုယျကောက်ချက်ပြုနိုင်သော်လည်း ပြည်ထောင်စုအစိုးရတွင် ပိုမိုတာဝန်ရှိသည်ဟုဆိုလျှင် မှားမည်မထင်မိပါ။

နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း၊ အတည်ပြုထားသော မူဘောင်နှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်းဟု အဆင့်သုံးဆင့်သာ ပါဝင်သော်လည်း လက်တွေ့ဖော်ဆောင်မှုနှင့် မြေပြင်အခြေအနေ အပိုင်းတို့တွင် အကောက်အကွေ့များ၊ အရှုပ်အထွေးများက ကာဆီးလျက်ရှိနေဆဲဖြစ်သည်။ ရှင်းလင်းလွန်းသော အဆင့်သုံးဆင့်အနက် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးသည်မှာ ပကတိအခြေအနေပင် ဖြစ်သည်။ အဆင့်အလိုက် လုပ်ငန်းဖော်ဆောင်ရာတွင် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင် သတ်မှတ်ထားသော လုပ်ငန်းစဉ်များထဲသို့ ကျုံးသွင်းသည့်သဘော မပြုလုပ်မိရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုအများစု ထောက်ခံမှုကို လေးလေးနက်နက် အသိအမှတ်ပြုရန် လိုအပ်မည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးဟူသည် တစ်ချက်တည်းဖြင့် ကျင်းဝင်အောင်ရိုက်နိုင်သော အားကစား မဟုတ်သ်ာလည်း အပစ်ရပ်အဆင့်နှင့်တူသော အပစ်ရပ်ဆွေးနွေးပွဲကို အပစ်ရပ်နှင့်တူအောင် ဆွေးနွေးခြင်းထက် အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာနိုင်ခဲ့မည်ဆိုလျှင် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မလို။ တစ်နိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရေးသည် လွန်ခဲ့သောနှစ်များကပင် ရုပ်လုံးပေါ်ပြီးဖြစ်မည်။ ပြည်ထောင်စုအစိုးရ အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို လတ်တလော ထုတ်ပြန်ကြေညာခဲ့မည်ဆိုလျှင်ပင် နိုင်ငံရေးဆွေးနွေးပွဲများအပေါ် အလားအလာကောင်းများနှင့်အတူ စိတ်ဝင်စားမှု မြင့်မားလာနိုင်ခြေရှိသည်မှာ မြေပြင်အနေအထား ဖြစ်သည်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းနှင့် အပစ်ရပ်ဆွေးနွေးပွဲများ ရှေ့မတိုးနောက်မဆုတ် တင်းခံနေရခြင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား၊ ယုံကြည်မှုနှင့်နားလည်မှု အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှုနှင့်ရိုးသားမှု အားနည်းခြင်း၊ အားကြီးသူနှင့် အားနည်းသူအကြား ထိန်းညှိဆောင်ရွက်နိုင်မှု အားနည်းခြင်းတို့သည် အဓိကစိန်ခေါ်မှုများ ဖြစ်နိုင်သည်။ ရှေ့မတိုးနောက်မဆုတ်ဖြစ်လေ နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုလိုအပ်လေ ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အားနည်းချက်များ၊ ဟာကွက်များ ပိုများလေဖြစ်ပြီး ငြိမ်းချမ်းရေးအနာကျက်ဖို့ ပိုခက်ခဲလေဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဆင့်တွင်သာ ရပ်ဆိုင်းသွားခဲ့ပါလျှင် သေနတ်သံတစ်ချက်ဖောက်သည်နှင့် သဘောတူညီချက်အားလုံး ပြိုပျက်သွားနိုင်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ဆက်တိုက်တက်လှမ်းနိုင်ရန် လမ်းဖွင့်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်ဟုလည်းကောင်း၊ ဇာစ်မြစ်ဖြစ်သော နိုင်ငံရေးပြဿ နာများ ပြေလည်စေရန် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းရန် ဦးတည်ထားခြင်းလည်းဖြစ်သည်ဟု လည်းကောင်း၊ ဖော်ပြသော အစိုးရ၏ ဦးတည်ချက်များသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဆင့်တွင် သေနတ်သံတစ်ချက် ဖောက်သည်နှင့် သဘောတူညီချက်အားလုံး ပြိုပျက်သွားနိုင်သည်ဟု ဆိုလိုရင်းသည် ချဲ့ကားလွန်းရာကျမည်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော ကာလတွင် အခါအားလျော်စွာ သေနတ်သံများ ထွက်ပေါ်နိုင်သော်လည်း သေနတ်သံများ မကျယ်လောင်မီ ဆွေးနွေးညှိနှိုင်း အဖြေရှာ ယုံကြည်မှုနှင့်နားလည်မှု ပြန်လည်တည်ဆောက်နိုင်ပါက ကနဦးသဘောတူညီချက်များအားလုံး သဲထဲရေသွန် ဖြစ်ဖွယ်မရှိဟု သုံးသပ်နိုင်သည်။

ယခင်အစိုးရများလက်ထက် မရေရာ မသေချာသော နိုင်ငံရေးစနစ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးအဆင့်ကို ကာလရှည်ကြာတည်တံ့အောင် လုပ်ဆောင်နိုင်ခဲ့သည်မှာ အနီးစပ်ဆုံးသာဓက ဖြစ်သည်။ ယခင်အစိုးရများလက်ထက် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် အစိုးရ၏ ဘတ်ဂျက်ထဲမှ ဘဏ္ဍာငွေသုံးစွဲခဲ့သည်ဟု ယူဆနိုင်သည်။ အဆိုပါကာလတွင် နိုင်ငံရပ်ခြားနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီနှင့် အထောက်အပံ့ ရရှိမှုမှာလည်း နည်းပါးလွန်းခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။ လက်ရှိအပစ်ရပ်ရေး လုံးပန်းဆဲကာလနှင့် ယခင်အပစ်ရပ်ကာလတို့ကို ဘဏ္ဍာငွေကြေးသုံးစွဲမှုရှုထောင့်မှ ချဉ်းကပ်လျက် နှိုင်းယှဉ်သုံးသပ်မည်ဆိုလျှင် ငွေကြေးသုံးစွဲမှုနှင့် ရလဒ်ပြန်ရမှုအချိုးသည် ယခင်အစိုးရများလက်ထက်တွင် ပိုမိုသာလွန် ကောင်းမွန်နိုင်ဖွယ်ရှိသည်။ ယခင်အစိုးရများလက်ထက် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နှင့် ယခုအစိုးရ၏ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တို့အကြား ပြည်တွင်း၊ ပြည်ပထောက်ပံ့ငွေနှင့် ဘဏ္ဍာငွေကြေး သုံးစွဲမှုဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ချက်များကို ပြုစုလျက် တိုင်းရင်းသားပြည်သူလူထု သိရှိနိုင်အောင် ထုတ်ပြန်နိုင်မည်ဆိုလျှင် ပိုမိုလျော်ကန် သင့်မြတ်မည်ဖြစ်သည်။

နိုင်ငံရေး၏ သဘောသဘာဝတွင် အစိုးရနှင့် အတိုက်အခံအကြား အားပြိုင်မှုသည် မူလဘူတပင်ဖြစ်သည်။ ရွေးကောက်ပွဲနီးလေ အစိုးရနှင့် အတိုက်အခံအကြား အားပြိုင်မှုပြင်းထန်လေ ဖြစ်တတ်သည်မှာ ဒီမိုကရက်တစ်နိုင်ငံရေး၏ စရိုက်လက္ခဏာပင်ဖြစ်သည်။ နိုင်ငံရေးအတိုက်အခံများသည် အစိုးရအပေါ် အပြစ်ပုံချလျက် အပြစ်တင်ကစားကွက်ကို ပုံဖော်တတ်သည်မှာလည်း သမားရိုးကျ ကိစ္စတစ်ခုဖြစ်ပြီး အစိုးရနှင့် အာဏာရပါတီအနေဖြင့် အပြစ်တင်ကစားကွက်များကို တန်ပြန်နိုင်ရန် ပြင်ဆင်ထားရလေ့ရှိသည်။ ထို့ကြောင့် လက်ရှိအခင်းအကျင်းတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနီးကပ်လာလေ အပြစ်တင်ကစားကွက်များ ပိုမိုအားကောင်းလာလေ ဖြစ်နိုင်သည်မှာ ဒီမိုကရက်တစ်နိုင်ငံရေး၏ ပကတိအခင်းအကျင်းပင် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် နှုတ်တစ်ရာစာတစ်လုံး ဆိုသကဲ့သို့ စကားလုံးများနှင့် အကြိမ်ကြိမ် ကတိက၀တ်ပြုခြင်းထက် စာရွက်ပေါ်တွင် ကတိက၀တ်များကို အတည်ပြုနိုင်ရန် အရေးကြီးသည်။ ပြိုင်တူတွန်းဖို့ လိုအပ်နေချိန်တွင် အယူအဆ အမြင်ခြားနားသူများကို ပြိုင်တူမတွန်းလိုသူများအဖြစ် သတ်မှတ်လျက် မကူညီချင်နေပါ မနှောင့်ယှက်ပါနှင့်ဟု နိုင်ငံရေးစကားနာထိုးခြင်းသည် ကြောင်းကျိုးဆီလျော်မှု အားနည်းလွန်းသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဆက်စပ်နေသည့်အလျောက် အမြင်၊ အယူအဆ သဘောထားမတူ ခြားနားမှုများအကြား ပြန်လည်ရင်ကြားစေ့ရေးကို ကနဦးပုံဖော်လျက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားတို့နှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အားကိုပါ ရယူမောင်းနှင်နိုင်မည်ဆိုလျှင် မျှော်တိုင်းမဝေးသော ငြိမ်းချမ်းရေးကို ဆုပ်ဆုပ်ကိုင်ကိုင် ရယူနိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။

(ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် နိုင်ငံရေးပါတီများ၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ပြုလုပ်စဉ်)

Credit - Eleven Media Group

 

No comments:

Post a Comment