Monday, October 27, 2014

ဆရာကြီးဦးအောင်သင်း ဈာပနအခမ်းအနား

မျိုးဆက်သစ်လူငယ်များ တိုးတက်ကြစေရန်နှင့် ပညာရေးတန်ဖိုးထားရန် လူငယ်များအတွက် စာပေအများအပြား ရေးသားခဲ့သည့် တသက်တာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးအောင်သင်း၏ ဈာပနအခမ်းအနားကို အောက်တိုဘာ (၂၇)ရက်နေ့က ပြုလုပ်ခဲ့ပြီး ညနေ (၄း၃၀) အချိန်တွင် ရေဝေးသုသာန်၌ ဂူသွင်းသဂြုင်္ိဟ်ခဲ့ကြောင်းသိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ် ရှိပြီဖြစ်သည့် ဆရာကြီးဦးအောင်သင်းသည် လူငယ်များ ပြုပြင်ရန်၊ ပညာရေးတန်ဖိုးထားရန် နှင့် အနာဂတ်နိုင်ငံတော်ကို လူငယ်များ စွမ်းစွမ်းတမံဦးဆောင်နိုင်ရန် ရည်ရွယ်၍ စာပေအများအပြားရေးသားခဲ့ပြီး စာပေဟောပြောပွဲများလည်း နိုင်ငံအနှံ့ ပြုလုပ်ခဲ့သည်။

““သူ့ရဲ့ဦးတည်ချက်က လူငယ်တွေကိုပြုပြင်ဖို့၊ လူငယ်တွေကို ပညာရေးတိုးတက်ဖို့၊ အနာဂတ်နိုင်ငံတော်ကို လူငယ်တွေ စွမ်းစွမ်းတမံ ဦးဆောင်နိုင်ဖို့ အဲဒါတွေ တစိုက်မတ်မတ်ရေးခဲ့ပါတယ်။ ဆရာမရှိပေမယ့် ခေါင်းစဉ်တခု တွင်ကျန်ရစ်ခဲ့တယ်လို့ ပြောချင်ပါတယ်။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်တချက်က ဆရာက စာပေဝေဖန်ရေးတွေလည်းရေးပါတယ်။ တချို့ဆို စာပေဝေဖန်ရေး လူကြမ်းမင်းသားလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဆရာ့ကို ဝေဖန်ရေးလူကြမ်းမင်းသားလို့ မပြောခဲ့ပါဘူး။ ဆရာက ဘယ်သူ့ကိုမှ အားမနာပ မဝေဖန်ခဲ့ဘူး။ မြန်မာစာပေ ပိုမိုတိုးတက်တောက်ပြောင်အောင် ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်ခင်လေးစား အားကျ အတုယူရတဲ့ ဆရာကြီးဦးအောင်သင်းကွယ်လွန်သွားတာ ကျွန်တော်တို့ စာရေးဆရာတွေအတွက် အထူးနှမြောတသတယ်။ စာဖတ်သူတွေ အတွက် ကြီးစွာသောဆုံးရှုံးမှုပါပဲ။ ဒီအတိုင်းပဲ နိုင်ငံသူနိုင်ငံသားတွေအတွက်လည်း ကြီးစွာသောဆုံးရှုံးမှုတခုပါပဲလို့ပြောချင်ပါတယ်””ဟု စာရေး ဆရာလယ်တွင်းသားစောချစ်က ပြောသည်။
အဆိုပါဈာပနအခမ်းအနားသို့ စာရေးဆရာကြီးများဖြစ်သည့် ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာ ဖေမြင့်၊ ဆရာချစ်ဦးညိုအပါအ၀င် စာပေလောကမှ ပုဂ်္ဂိုလ်များနှင့် ဆရာကြီး၏ပရိသတ်အများအပြားက လာရောက်ဂါရ၀ပြုခဲ့သည်။
ဆရာဦးအောင်သင်းသည် ယနေ့ခေတ် စာပေဟောပြောပွဲများကို အလွန်စိတ်ပျက်လျက်ရှိပြီး လူငယ်များအတွက် ““အောင်သင်း အထူးဟောပြောပွဲ””တရပ် ပြုလုပ်လိုသော်လည်း အောက်တိုဘာ (၂၅)ရက်နေ့က ကွယ်လွန်ခဲ့သည်။

သတင်း/ဓါတ်ပုံ-သူရမင်းဇော်

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 

 

 

 

No comments:

Post a Comment