Written By - သစ်ထွဋ်
လက်ရှိပြည်တွင်းမှာ ပုံနှိပ်သတင်းမီဒီယာများ ထုတ်ဝေနိုင်မှု ယခင်ကထက်
ကျယ်ပြန့်လာပေမယ့် နိုင်ငံတကာ မီဒီယာနယ်ပယ်မှာတွင် ကျယ်စွာအသုံးပြုနေတဲ့
ရုပ်သံသတင်းလိုင်း (NEWS Channel) များ ထွက်ပေါ်လာဖို့ကတော့ အခက်အခဲတွေ
ရှိနေဆဲဖြစ်ပါတယ်။
လွတ်လပ်တဲ့ ရုပ်သံသတင်းလိုင်း
ယနေ့ ကမ္ဘာ့သတင်းမီဒီယာ နယ်ပယ်မှာ ပုံနှိပ်မီဒီယာအပြင် ရုပ်သံမီဒီယာများရဲ့
အခန်းကဏ္ဍဟာလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့
နိုင်ငံအများစုလွဲပြီး နိုင်ငံတိုင်းလိုလိုမှာ
လွတ်လပ်တဲ့ပုဂ္ဂလိက
ရုပ်သံသတင်း သီးသန့်လိုင်းများစွာကို ပုဂ္ဂလိကကို
လုပ်ကိုင်ခွင့်ပြုထားကြပါတယ
်။
ဒီအတွက် နိုင်ငံတစ်ခုတည်းမှာ ပုဂ္ဂလိကပိုင် သတင်းရုပ်သံလိုင်းတွေ
အများကြီးရှိနေပြီး အများပြည်သူတွေအနေနဲ့ ပုံနှိပ်သတင်းအပြင် အရုပ်အသံတွေပါ
မြင်သိနိုင်တဲ့ ရုပ်သံသတင်းတင်ဆက်မှုတွေကို ရရှိနေကြပါတယ်။
ရုပ်သံသတင်းတွေဟာ အချိန်နဲ့တစ်ပြေးညီ သတင်းဖြစ်စဉ်တွေကို တင်ဆက်နိုင်ပြီး
သတင်းဖြစ်စဉ်ကို အရုပ်၊ အသံနဲ့တကွ တွေ့မြင်ဖို့ ဆောင်ရွက်ပေးနိုင်တာကြောင့် ကြည့်ရှုသူများဟာ သတင်းဖြစ်စဉ်ရဲ့ အချက်အလက်များကို ပိုပြီးနားလည်သိရှိစေပါတယ်။
ဒီအတွက် နိုင်ငံတကာမှာ ဖျော်ဖြေရေး၊ ပညာပေးရုပ်သံလိုင်းတွေထက်
သတင်းရုပ်သံလိုင်းတွေဟာ လူတွေအပေါ် ဩဇာသက်ရောက်မှု ကြီးမားသလို
မကြည့်မဖြစ်ကြည့်ကြရတဲ့ ရုပ်သံလိုင်းတွေအဖြစ် ရှိနေကြပါတယ်။
ကိုယ်တိုင်မြင်သိခွင့်
နိုင်ငံတကာ သတင်းရုပ်သံလိုင်းတွေဟာ နောက်ဆုံးရသတင်းများ Breaking News၊
ရုပ်သံသတင်းဆောင်းပါးများ၊ သတင်းအင်တာဗျူးများ၊ သတင်းသုံးသပ်ချက်များ
အပါအဝင် သတင်းနဲ့ဆက်နွှယ်တဲ့ အစီအစဉ်များစွာကို တင်ဆက်ပေးလေ့ရှိတာကြောင့်
အများပြည်သူများအတွက် နေ့စဉ်လိုအပ်တဲ့ သတင်းအချက်အလက်များကို
ဖြန့်ဝေပေးနိုင်တဲ့ မီဒီယာများဖြစ်ပါတယ်။ ဥပမာအားဖြင့် အဓိကရုဏ်း
သတင်းဖြစ်စဉ်တစ်ခုကို ရုပ်သံသတင်းအဖြစ် တင်ဆက်ရာမှာ ဖြစ်စဉ်အတွင်း
ပါဝင်သူတွေရဲ့ အမှန်တကယ် လှုပ်ရှားဖြစ်ပျက်ခဲ့မှုတွေကို ရုပ်သံမှတ်တမ်းများဖြင့် ပြသတင်ဆက်ပေးနိုင်မယ်ဆိုပါက သတင်းကြည့်ရှုသူများဟာ ဘယ်အရာတွေဟာ ဘယ်လိုဖြစ်ပျက်ခဲ့ရသလဲဆိုတဲ့ အမှန်တရားကို ကိုယ်တိုင်မြင်သိခွင့်ရမယ့်
အခွင့်အလမ်း ရှိပါတယ်။ ဒါ့ပြင် သတင်းဖြစ်စဉ်မှာ ပါဝင်နေသူများရဲ့
ရုပ်သံအင်တာဗျူးများကိုပါ ဖော်ပြနိုင်မယ်ဆိုရင်လည်း သတင်းကို
ပိုမိုခိုင်မာစေတဲ့ ပံ့ပိုးမှုကို ရစေနိုင်တာကြောင့် နိုင်ငံတကာက
ရုပ်သံလိုင်းတွေမှာ သတင်းရုပ်သံလိုင်းတွေဟာ လူတွေအားကိုးယုံကြည်မှုကို
ရထားတဲ့ မီဒီယာထုတ်လုပ်ရေး လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ သတင်းရုပ်သံမီဒီယာဟာ
အားကောင်းတဲ့ မီဒီယာတင်ဆက်မှုပုံစံ ရှိတာကြောင့်လည်း မီဒီယာလွတ်လပ်ခွင့်ကို
ကန့်သတ်ထားတဲ့ နိုင်ငံတွေမှာတော့ သတင်းရုပ်သံ ထုတ်လွှင့်မှုတွေကို အစိုးရကသာ
ချုပ်ကိုင်ထားလေ့ရှိကြတာ တွေ့ရပါတယ်။
ဖျော်ဖြေရေးအစီအစဉ်များသာ
လက်ရှိမြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင်တော့ ရုပ်သံလိုင်းထုတ်လွှင့်တဲ့လုပ်ငန်းကို
နိုင်ငံတော်ပိုင် လုပ်ငန်းအဖြစ်သာ နှစ်ရှည်လုပ်ကိုင်ခဲ့ပြီး တပ်မတော်ပိုင်
မြဝတီရုပ်သံလိုင်း၊ MRTV-4 ရုပ်သံလိုင်းကို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်အဖြစ်
စတင်လုပ်ကိုင်ခဲ့တဲ့ Forever Group နဲ့ SkyNet ရုပ်သံလိုင်း
တည်ထောင်ထားတဲ့ ရွှေသံလွင်မီဒီယာတို့ကိုသာ ရုပ်သံလိုင်းများစွာ
ထုတ်လွှင့်ခွင့်ပြုထားတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ ထုတ်လွှင့်နေကြတဲ့
ရုပ်သံလိုင်းများကို လေ့လာကြည့်ရင်လည်း ဖျော်ဖြေရေးအစီအစဉ်များကသာ
ရုပ်သံလိုင်းများရဲ့ ထုတ်လွှင့်ချိန်များကို လွှမ်းမိုးထားပြီး
နိုင်ငံတကာကလို သတင်းဆိုင်ရာ အစီအစဉ်များ သီးသန့်ထုတ်လွှင့်ပေးနေတဲ့
သတင်းရုပ်သံလိုင်းစစ်စစ်ကို
ထုတ်လွှင့်နေတာ မတွေ့ရသေးဘူး။ ပုံမှန်ထက်သတင်းများ ပိုမိုပါဝင်ပြီး
ဖျော်ဖြေရေးပရိုဂမ်များနဲ့ တွဲဖက်တင်ဆက်နေတဲ့ ရုပ်သံလိုင်းတစ်လိုင်းနှစ်လိုင်းခန့်သာ ထုတ်လွှင့်နေတာ တွေ့ရပေမယ့်လည်း အားကောင်းတဲ့ ရုပ်သံသတင်းလိုင်းမျိုးကိုတော့
ပြည်တွင်းမှာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့
အမျိုးသားလွှတ်တော်မှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ
ဥပဒေကြမ်းကို အတည်ပြုခဲ့ရာ ပုဂ္ဂလိက ရုပ်သံလိုင်းများ ထူထောင်လာနိုင်မယ့်
အချက်အလက်များ ဥပဒေကြမ်းအတွင်း ပါဝင်လာခဲ့တာ တွေ့ရပါတယ်။
ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြု
အဲဒီဥပဒေကြမ်းမှာပါဝင်တဲ့ အချက်များတွင် ပုဂ္ဂလိက ရုပ်သံလိုင်းများ
ထူထောင်ဖို့အတွက် အချက်အလက်များစွာကို ထည့်သွင်းထားရာ
ထူးခြားတဲ့အချက်တစ်ချက် ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီအချက်ကတော့
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဇုန်တစ်ခုတွင် ပုဂ္ဂလိက
သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း
ဝန်ဆောင်မှုလုပ်ငန်းများကို ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြုဆိုတဲ့
အချက်ပဲဖြစ်ပါတယ်။ ဒီအချက်ကို ဘာအတွက် ထည့်သွင်းထားသလဲဆိုတာ မသိရပေမယ့်
ပြီးခဲ့တဲ့နှစ်က ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲများမှာတော့
အင်အားကြီးမီဒီယာများ လက်ဝါးကြီးအုပ်သွားခြင်းကို ရှောင်ရှားနိုင်အောင် ထည့်သွင်းထားရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ဖတ်ခဲ့ရဖူးပါတယ်။ လက်ဝါးကြီးအုပ်သွားနိုင်ခြင်းဆိုတဲ့ ရည်ညွှန်းချက်ဟာ မီဒီယာလုပ်ငန်းတစ်ခုကပဲ ပုံနှိပ်နဲ့ ရုပ်သံမီဒီယာ သတင်းလုပ်ငန်းဇုန်တစ်ခုမှာ လွှမ်းမိုးသွားမယ်လို့ဆိုတာကို ရည်ညွှန်းချင်တာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ သတင်းစာနဲ့ ရုပ်သံပူးတွဲလုပ်ကိုင်ခွင့်ကို ကန့်သတ်ထားခြင်းက အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂလိက သတင်းရုပ်သံလိုင်းတွေ ပေါ်ထွက်လာဖို့အတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်စေပါတယ်။
ငွေရှိတိုင်းလုပ်လို့မဖြစ်
တကယ်တော့ အဲဒီကန့်သတ်ချက်ကို ဆန်းစစ်ကြည့်ရင် ပြည်တွင်းက
မီဒီယာလုပ်ငန်းများရဲ့ လက်ရှိအခြေအနေနဲ့ ကင်းကွာနေတယ်လို့ ယေဘုယျပြောလို့
ရပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလောကကို ပြန်ကြည့်မယ်ဆိုရင်
ပုံနှိပ်သတင်းစာတွေ ပုဂ္ဂလိကပိုင်းက ထုတ်ဝေနေကြတယ်ဆိုပေမယ့် အများစုဟာ
အရှုံးပေါ်နေကြတာ ဖြစ်ပါတယ်။ အချို့သတင်းစာတွေဟာ အပတ်စဉ်ထုတ်ဂျာနယ်ကရတဲ့
အမြတ်ငွေနဲ့ ရှုံးနေတဲ့ နေ့စဉ်ထုတ်သတင်းစာမှာ ပြန်ရင်းနေရပါတယ်။
တစ်ရက်တစ်ရက် စာဖတ်ပရိသတ်အတွက် သတင်းစာပုံမှန်ထွက်ဖို့ အားလုံးဟာ
ရုန်းကန်ကြိုးစားနေကြရပါတယ်။
ဒီလို ဘာကြောင့်ဖြစ်နေရသလဲ၊ ဘယ်သူတွေကြောင့်လဲ ဆိုတာကတော့
မီဒီယာသမားတွေကိုယ်တိုင် မကြာခဏ ဝေဖန်နေကြတာကို သိပြီးသားဖြစ်ကြမှာမို့
ဒီနေရာမှာ အကျယ်ချဲ့ မပြောတော့ပါဘူး။ ပြောချင်တာက ရုပ်သံမီဒီယာတစ်ခု
ထူထောင်လုပ်ကိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး ဆိုတာကိုပါ။
ရုပ်သံသတင်းမီဒီယာတစ်ခု ထူထောင်ဖို့ဆိုရာမှာ ပုံနှိပ်မီဒီယာတစ်ခုထက်
ငွေကြေးအများကြီး ပိုကုန်နိုင်ပါတယ်။ သတင်းရိုက်ကူးဖို့ သင့်တော်တဲ့
ဗီဒီယိုကင်မရာတစ်လုံးကို ကျပ် ၁၅ သိန်းကနေ ကျပ်သိန်း ၅ဝ၊ ၆ဝ
လောက်ရှိနေချိန်မှာ သတင်းရုပ်သံလိုင်းတစ်ခု ထူထောင်ဖို့ဆိုတာ
ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အဆင့်မီတဲ့
သတင်းစတူဒီယို အသေးစားတစ်ခု ဆောက်ဖို့ဆိုရင်တောင်
သိန်းရာနဲ့ချီကုန်နိုင်ပါတယ်။
ရုပ်သံထုတ်လွှင့်တဲ့ စက်ပစ္စည်းကိရိယာတွေကို ရင်းနှီးမြှုပ်နှံရတဲ့
ပမာဏဟာကြီးမားသလို နည်းပညာပိုင်းမှာလည်း တတ်ကျွမ်းတဲ့သူ ရရှိဖို့ကလည်း
အခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဒီအတွက် သတင်းရုပ်သံထုတ်လုပ်ရေး လုပ်ငန်းဆိုတာ
ငွေရှိတိုင်းလည်း ထလုပ်လို့ဖြစ်တဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။
တကယ်အရေးကြီးတာက လူသားအရင်းအမြစ်ပါ။
လိုအပ်ချက်ရှိနေဆဲ
လက်ရှိမှာတော့ သတင်းရုပ်သံထုတ်လုပ် လုပ်ငန်းအတွေ့အကြုံ ရှိတဲ့သူဟာ
ပြည်တွင်းမှာ ရှားပါတယ်။ အထူးသဖြင့် ရုပ်သံသတင်းလုပ်ငန်းဆိုရင်
သေချာနားလည်တတ်ကျွမ်းတဲ့သူ ရှာရခက်ပါတယ်။ ရုပ်သံရိုက်ကူးရေးလုပ်ငန်းကို လုပ်တတ်တဲ့ကြပေမယ့် သတင်းကိုနားလည်ပြီး ရုပ်သံသတင်းတွေကိုတည်း ဖြတ်ထုတ်လုပ်နိုင်တဲ့သူတွေကတော့
လိုအပ်ချက်ရှိနေဆဲပါ။ ဒီအတွက် ယနေ့ပြည်တွင်းက ရုပ်သံသတင်းတင်ဆက်တဲ့
လုပ်ငန်းတွေမှာ ပုံနှိပ်မီဒီယာလောကက ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့သူတွေသာ သင်ရင်းလုပ်ရင်း လေ့လာရင်း ဝင်လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်သံသတင်းမီဒီယာလိုင်းတစ်ခု
ထုတ်လွှင့်တင်ဆက်မယ်ဆိုရင် သတင်းအကြောင်း နားလည်တတ်ကျွမ်းသူတွေ ရှိနေတဲ့
ပုံနှိပ်မီဒီယာက သူတွေကသာ တွဲဖက်လုပ်ကိုင်နိုင်မယ့် အခြေအနေရှိနေတာ
ဖြစ်ပါတယ်။ လက်ရှိမှာလည်း Forever Group နဲ့ SkyNet ရုပ်သံလိုင်းများက
သတင်းအစီအစဉ် အချို့မှာလည်း ပုံနှိပ်မီဒီယာက ပြောင်းရွှေ့သွားတဲ့
သတင်းသမားတွေ အများကြီး ဝင်လုပ်နေကြတာ ရှိပါတယ်။ ရုပ်သံထုတ်လွှင့်တဲ့
လုပ်ငန်းဟာ အရင်းအနှီး အခက်အခဲတွေ များနိုင်တာကြောင့်
လက်ရှိရုပ်သံထုတ်လုပ်ရေးလုပ်ငန်း
လုပ်ကိုင်နေကြတဲ့ Forever Group ဟာ စတင်တည်ထောင်ချိန်မှာ
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရှိနှင့်ပြီး အခြေခံအဆောက်အအုံကို
အဓိကအသုံးပြုခွင့် ရရှိခဲ့တာဖြစ်ပြီး ရွှေသံလွင်မီဒီယာကတော့
နိုင်ငံတော်သို့ လုပ်ငန်းစတင်လုပ်ကိုင်ချိန်မှ သုံးနှစ်တိတိ အကျိုးအမြတ် ပေးသွင်းစရာမလိုဘဲ ဆိုင်းငံ့ကင်းလွတ်ခွင့်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတကာမှာလည်း သတင်းမီဒီယာလုပ်ငန်းတွေဟာ ပုံနှိပ်၊ ရုပ်သံနဲ့
အခုနောက်ပိုင်း အွန်လိုင်းအပါအဝင် မီဒီယာပုံစံမျိုးစုံကို
ပူးတွဲလုပ်ကိုင်နေကြတာ မဆန်းတဲ့ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက်
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဇုန်တစ်ခုတွင် ပုဂ္ဂလိက
သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့်
အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ပူးတွဲပိုင်ဆိုင်ခြင်း
ခွင့်မပြုဆိုတဲ့ အချက်ဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့
ဆိုချင်တာဖြစ်ပါတယ်။ ပုဂ္ဂလိက မီဒီယာကြီးတွေ တကယ်အားကောင်းလာတဲ့
အချိန်ကျရင်တော့ အဲဒီလိုအချက်မျိုးတွေရှိဖို့
လိုရင်လိုပါလိမ့်မယ်။ အခုလိုပုဂ္ဂလိက မီဒီယာတွေ အားမကောင်းသေးတဲ့
အချိန်မှာတော့ အဲဒီအချက်ဟာ မလိုသေးဘူးလို့ ထင်ပါတယ်။ မီဒီယာ
လက်ဝါးကြီးအုပ်မှုကို ကာကွယ်ဖို့ဆိုတာကလည်း လက်ရှိအချိန်မှာ
ပုံနှိပ်မီဒီယာလောကမှာ ရုန်းကန်နေရဆဲဖြစ်တဲ့ ပုဂ္ဂလိက
မီဒီယာလုပ်ငန်းတွေအတွက် ရုပ်သံလုပ်ငန်းကို လက်လှမ်းဖို့ ငွေကြေးနဲ့
အတွေ့အကြုံ အခက်အခဲတွေ ရှိနိုင်တာကြောင့် ရုပ်သံလုပ်ငန်းကို
ပိုပြီးတိုးချဲ့နိုင်မှာက လက်ရှိရုပ်သံလိုင်းများစွာ
ထုတ်လွှင့်ခွင့်ရနေသူများသာ ဖြစ်ပါတယ်။ ယခင်မီဒီယာတွေမှာ ဖော်ပြချက်အရ
ရွှေသံလွင်မီဒီယာကို ၂ဝ၁ဝ ပြည့်နှစ်က စတင်လုပ်ကိုင်ခွင့်ပေးထားပြီး
သက်တမ်း ၃၃ နှစ် လုပ်ကိုင်ခွင့်ရရှိထားပြီး Forever Group ကိုတော့
လုပ်ကိုင်ခွင့်သက်တမ်း ၁၂ နှစ်ပေးထားပြီး ၂ဝ၁၆ ခုနှစ်တွင်
သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်ဆိုတာကြောင့် ဥပဒေကြမ်းမှာ ပါဝင်နိုင်တဲ့
ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်တွေအရ ဘာတွေအပြောင်းအလဲ ဖြစ်လာမလဲဆိုတာ
မသိရသေးပေမယ့် လက်ရှိအတွေ့အကြုံရှိထားပြီး ရုပ်သံထုတ်လုပ်ရေး လုပ်ငန်းတွေကို ယှဉ်ပြီးဝင်ရောက်လုပ်ကိုင်ဖို့ဆိုတာ လွယ်ကူတဲ့အခြေအနေ မဟုတ်ဘူးဆိုတာ အလွယ်တကူ သိမြင်နိုင်ပါတယ်။
အဆိုပါဥပဒေကြမ်းကို အများပြည်သူလေ့လာဖို့ ထုတ်ပြန်ခဲ့စဉ်ကတော့ အခန်း (၁၃)
ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များမှာ ယခင်ရုပ်မြင်သံကြားထုတ်လုပ်ရေး လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ လုပ်ငန်းတွေဟာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းချိန်မှ စတင်ပြီး နှစ်နှစ်အတွင်း ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း
လုပ်ငန်းလိုင်စင်ကို လျှောက်ထားရယူနိုင်တယ်လို့ ပါရှိခဲ့ပါတယ်။ ဒီအတွက်
အခြားရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူများ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် စတင်လျှောက်ထားချိန်မှာ ယခင်ရှိနှင့်ပြီး လုပ်ငန်းများကတော့ နှစ်နှစ်အတွင်း လိုင်စင်လျှောက်ထားစရာမလိုဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်ထုတ်ပြန်ခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းနဲ့
သက်ဆိုင်တဲ့ အမိန့်ကြော်ငြာစာ၊ အမိန်နှင့် ညွှန်ကြားချက်များ၊
သဘောတူစာချုပ်များဟာ လက်ရှိပြဋ္ဌာန်းမယ့် ဥပဒေနဲ့ မဆန့်ကျင်ရင်
ဆက်လက်ကျင့်သုံးနိုင်တယ်ဆိုတဲ့ အချက်တွေ ပါဝင်နေတာကြောင့် ယခင်ရှိနှင့်ပြီး လုပ်ငန်းများအတွက် အားသာချက်များစွာ ရှိနေနိုင်တာ ဖြစ်ပါတယ်။
ဖြစ်သင့်တာက လက်ရှိပြည်တွင်းမှာ လိုအပ်ချက်ရှိနေတဲ့ သတင်းရုပ်သံလိုင်းတွေ
တိုးပွားလာဖို့ ရှိနှင့်ပြီးသား ရုပ်သံမီဒီယာလုပ်ငန်းကသော် လည်းကောင်း၊
ပုံနှိပ်မီဒီယာလုပ်ငန်းကသော် လည်းကောင်း တိုးချဲ့လုပ်ကိုင်နိုင်ဖို့
အခွင့်အလမ်းတွေ ရှိနိုင်မယ့် အချက်အလက်တွေ ဖန်တီးပေးဖို့နဲ့
ရုပ်သံလိုင်းများ ထူထောင်ရာမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို
ကူညီဖြေရှင်းနိုင်ဖို့ပါ။ ဒါမှသာ နိုင်ငံသားတွေဟာ သတင်းအချက်အလက်တွေကို
ကျယ်ကျယ်ပြန့်ပြန့် သိရှိလာဖို့ အခွင့်ပိုရလာကြပြီး နေ့စဉ်သူတို့ရဲ့
ဘဝတွေအတွက် အထောက်အပံ့ဖြစ်နိုင်မယ့် သတင်းအစီအစဉ်တွေကို
ပုံနှိပ်မီဒီယာကသာမက ရုပ်သံမီဒီယာကပါ ပိုပြီးရရှိလာနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Credit - Eleven Media Group
(ပြည်တွင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းရယူနေစဉ် မြင်ကွင်း)
No comments:
Post a Comment