Monday, October 27, 2014

ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ - ဆောင်းပါး

(ဆောင်းပါးရှင် - နီမင်းဆွေ)
ငယ်စဉ်ဘဝတုန်းက ကိုယ်ကြည့်ခဲ့ရဖူးတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ နာမည်တွေဟာ အတော်လေး လှနေလေ့ရှိတာကို သတိထားမိပါတယ်။ ဥပမာအားဖြင့် လာလုလုငေး၊ စိမ်းသင့်မှစိမ်း၊ သိကြားစေသက်သေညွှန်း၊ ဖြေနိုင်ပေါင် စတဲ့နာမည်လေးတွေ ဖြစ်ပါတယ်။ ဒီလို နာမည်လှလှလေးတွေကို ဘယ်လိုလုပ် ရွေးခဲ့ကြသလဲဆိုတာကို ဟိုတုန်းကတော့ မသိခဲ့ပါဘူး။ နောက် အသက်အရွယ် နည်းနည်းရလာတဲ့ အခါကျမှ ဒီနာမည်လေးတွေကို မဟာဂီတ ရှေးသီချင်းကြီး စာသားတွေထဲက ယူထားကြတာပါလားဆိုတာကို သိခဲ့ရပါတယ်။ ဒီလိုပါပဲ အင်္ဂလိပ်ရုပ်ရှင် ဇာတ်ကားတွေရဲ့ နာမည်လေးတွေဟာလည်း လှနေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် No Man is an Island, For
Whom the Bell Tolls, No Country for Old Men စတာတွေဖြစ်ပါတယ်။ ဒီနာမည်လေးတွေလည်း ဘယ်လိုလုပ်လှနေရတာလဲဆိုတာ အရင်ကမသိခဲ့ပေမယ့် သူတို့လည်းပဲ နာမည်ကြီး ရှေးဂန္ထဝင် အင်္ဂလိပ်ကဗျာတွေထဲက စာသားတွေကို ယူထားကြတာပါလားဆိုတာကို နောက်ပိုင်းမှာ သိလာရပါတယ်။ အဲဒီလို ဇာတ်ကားမျိုးတွေထဲက “ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ” For Whom The Bell Tolls ဆိုတဲ့စာသားကို ဇာတ်ကားနာမည်ယူထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မြန်မာပရိသတ်တချို့ ခုချိန်ထိ မှတ်မိနေကြဦးမယ် ထင်ပါတယ်။
ဒီဇာတ်ကားဟာ စာပေနိုဘယ်ဆုရ အမေရိကန် စာရေးဆရာကြီး “အားနက်စ်ဟဲမင်းဝေး” Ernest Hemingway ရေးခဲ့တဲ့ ဝတ္ထုကို မူရင်းနာမည်နဲ့ပဲ မှီငြမ်းရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ စပိန်ပြည်တွင်းစစ်ကို အခြေခံထားတာပါ။ ဟဲမင်းဝေးဟာ အမေရိကားက North American Newspaper Alliance သတင်းစာတိုက်ရဲ့ သတင်းထောက်အဖြစ် စစ်အတွင်း စပိန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်းက သူ့ရဲ့အတွေ့အကြုံတွေကို အခြေခံပြီး ဒီဝတ္ထုကို ရေးခဲ့တာဖြစ်ပါတယ်။ ဟဲမင်းဝေး ရေးသားထုတ်ဝေခဲ့ဖူးတဲ့ လုံးချင်းဝတ္ထု ခုနစ်အုပ်အထဲမှာ ဒီစစ်ဆန့်ကျင်ရေး ဇာတ်လမ်းဝတ္ထုက တကယ့်ကိုရိုးရိုးလေးနဲ့ လူ့သဘောလူ့သဘာဝ အစစ်အမှန်ကို အခြေခံထားပြီး ရဲရဲဝံ့ဝံ့ တင်ပြနိုင်ခဲ့လို့ စာဖတ်ပရိသတ်တွေကြားမှာ လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။
“ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ” ရုပ်ရှင်ဇာတ်လမ်းကတော့ ၁၉၃၉ ခုနှစ်ထဲမှာ စပိန်နိုင်ငံရဲ့ အရွေးကောက်ခံအစိုးရ ရီပတ်ဘလစ်ကန်တွေဘက်ကဝင်ပြီး ကူညီတိုက်ခိုက်ပေးခဲ့တဲ့ အမေရိကန်တစ်ယောက်ရဲ့ အဖြစ်အပျက်တချို့ကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ကျွမ်းကျင်တဲ့ ဖောက်ခွဲရေးသမား “ရောဘတ်ဂျော်ဒန်” အဖြစ် မင်းသားကြီး “ဂယ်ရီကူးပါး” (Gary Cooper) က သရုပ်ဆောင်ထားပါတယ်။ အဲဒီအချိန်က ကွန်မြူနစ် ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးဟာ လက်ရှိအာဏာရအစိုးရ ရီပတ်ပလီကန်ဘက်မှာ စစ်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေပြီး သူဟာ တံတားတစ်စင်းကို ဖောက်ခွဲဖို့ ဂျော်ဒန့်ကို တာဝန်ပေးပါတယ်။ အဲဒီအချိန်က ဆိုဗီယက်ယူနီယံက စပိန်အစိုးရဘက်ကို အကူအညီပေးနေပြီး ဂျာမနီနဲ့ အီတလီတို့ကတော့ ဗိုလ်ချုပ်ကြီးဖရန်ကိုဦးစီးတဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ဖွဲ့တွေကို လေယာဉ်တွေ တင့်ကားတွေသာမက စစ်သည်တွေကိုပါ စေလွှတ်ပြီး ထောက်ပံ့ကူညီနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဂျော်ဒန်ဖောက်ခွဲရမယ့် တံတားဟာ ရန်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နောက်ဘက်စစ်မျက်နှာမှာ ရှိပါတယ်။ အဲဒီတံတားကို ဖောက်ခွဲလိုက်နိုင်မှ ဖက်ဆစ်တပ်ဖွဲ့တွေဟာ လက်ရှိရီပတ်ဘလီကန် အစိုးရတပ်ဖွဲ့တွေကို ထိုးစစ်မဆင်နိုင်မှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်အစိုးရ ပြောက်ကြားတပ်စခန်းမှာ ဂျော်ဒန်ဟာ စပိန်အမျိုးသမီးလေး “မာရီယာ” (Ingrid Bergman) နဲ့ မေတ္တာရှိသွားပါတယ်။ မာရီယာရဲ့ မိဘနှစ်ပါးဟာ ဖက်ဆစ်တော်လှန်ရေး တပ်သားတွေရဲ့ ကွပ်မျက်တာကို ခံခဲ့ရတဲ့အတွက် သမီးဖြစ်သူ မာရီယာဟာ ခိုကိုးရာမဲ့နေသူတစ်ဦး ဖြစ်ပါတယ်။ ဒါတင်မက မာရီယာကိုယ်တိုင်ကလည်း အဲဒီတပ်သားတွေရဲ့ မတော်မတရား ပြုကျင့်တာကိုလည်း ခံခဲ့ရပါသေးတယ်။ အစိုးရစစ်တပ်ရဲ့ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် “ပက်ဘလို”ဟာ တံတားဖောက်ခွဲရေးလုပ်ငန်းကို ဂျော်ဒန် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် လိုက်ပြီးလုံခြုံရေးလုပ်ပေးဖို့ တာဝန်ယူထားရသူ ဖြစ်ပါတယ်။
ဂျောဒန်တို့ တံတားနားရောက်ပြီး တံတားအောက်က သံပေါင်တွေကို ယမ်းတွေကပ်ပြီးတဲ့အချိန်မှာ တင့်ကားတွေအများကြီးပါတဲ့ ရန်သူ့စစ်ကြောင်းတစ်ကြောင်းဟာ တံတားနားကို ချဉ်းကပ်လာပါတယ်။ တင့်ကားတွေ တံတားထိပ်ရောက်လာတဲ့ အချိန်မှာပဲ တံတားကို အောင်အောင်မြင်မြင် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရန်သူတွေရှိနေတဲ့ တံတားဟိုဘက်ထိပ်က ဂျော်ဒန်တို့ရှိနေတဲ့ ဒီဘက်ထိပ်ထက် နည်းနည်းပိုမြင့်နေလို့ ရန်သူတွေဟာ ဆုတ်ခွာဖို့ကြိုးစားနေတဲ့ ဂျော်ဒန်တို့ကို အပေါ်စီးကနေ လက်နက်ငယ်နဲ့ရော တင့်ကားကအမြောက်တွေနဲ့ပါ အလွယ်တကူ လှမ်းပစ်လို့ရနေပါတယ်။ ဒါ့ကြောင့် ဂျော်ဒန်တို့ဟာ လွတ်လွတ်လပ်လပ် အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာလို့မရနိုင်အောင် ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ဂျော်ဒန်ဒဏ်ရာရပြီး ခြေတစ်ဖက်ကျိုးသွားတဲ့အတွက် မြင်းမစီးနိုင်တော့အောင် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဂျော်ဒန်ဟာ ချစ်သူမာရီယာနဲ့ အစိုးရပြောက်ကျားတပ်ဖွဲ့ဝင်တွေ လွတ်လွတ်ကျွတ်ကျွတ် ဆုတ်ခွာသွားနိုင်ဖို့ တစ်ယောက်တည်းကျန်နေခဲ့ပြီး အသက်သေတဲ့အထိ ရန်သူကိုခံပစ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချစ်သူမာရီယာနဲ့ သူ့ပြောက်ကြားတပ်ဖွဲ့ဝင်တွေကတော့ ဂျော်ဒန့်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူကြပေမယ့် ပြောမရနိုင်တဲ့အဆုံး သူ့ကို မထားချင်ထားချင်နဲ့ ထားပစ်ခဲ့ပြီး ဆုတ်ခွာသွားကြပါတယ်။
ဂျော်ဒန်ဟာ အဲဒီအချိန်မှာ ဒဏ်ရာက အနာသည်းနေလို့ စက်သေနတ်ပေါ် ခေါင်းငိုက်စိုက်ကျနေပြီး ခေါင်းပြန်မထူနိုင်အောင် ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအကြောင်း စဉ်းစားမိတဲ့အခါမှာလည်း ခေါင်းမထူနိုင်။ စပိန်နိုင်ငံအကြောင်း စဉ်းစားမိတဲ့အခါမှာလည်း ခေါင်းမထူနိုင်ပါဘူး။ မာရီယာ့ကို သတိရပြီး မာရီယာလွတ်လွတ်ကျွတ်ကျွတ် ဆုတ်ခွာနိုင်အောင်ဆိုပြီး အားတင်းလိုက်ခါမှ ဦးခေါင်းထောင်လာနိုင်ပါတော့တယ်။ (ရုပ်ရှင်ထဲမှာမပါဘဲ ဝတ္ထုထဲမှာပဲပါတဲ့ အခန်းတစ်ခန်းမှာ တံတားကို မဖောက်ခွဲခင် ပြောက်ကျားအခြေစိုက်စခန်းမှာ အတူရှိနေကြတုန်းက အစိုးရပြောက်ကျား တပ်စခန်းမှူး ပက်ဘလိုရဲ့ဇနီး “ပင်လာ” ဟာ ဂျော်ဒန့်ရဲ့ လက္ခဏာကိုကြည့်ပြီး သေမယ်ဆိုတာကိုသိလို့ ဘာမှဆက်မဟောခဲ့တဲ့ အခန်းတစ်ခန်းလည်း ပါပါတယ်။ နောက် မာရီယာ လွတ်မြောက်ရေးအတွက်ဆိုပြီး စဉ်းစားမိကာမှ အားတင်းနိုင်တယ်ဆိုတဲ့ အထက်က အတွေးအခေါ် အယူအဆဟာလည်း စာရေးဆရာရဲ့ ပင်ကိုယုံကြည်ချက်က ထွက်ပေါ်လာတဲ့နောက် အတွေးအခေါ်တစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်ဝင်တစား ဆွေးနွေးကြရတဲ့ အကြောင်းအရာတွေ ဖြစ်လာပါတယ်။) အဲဒီနောက် ဂျော်ဒန် ရန်သူကို စက်သေနတ်နဲ့ပစ်နေတဲ့ အချိန်မှာပဲ ခေါင်းလောင်းထိုးနေတဲ့ ပြကွက်တစ်ခုကို ပြောင်းပြလိုက်ပြီး ရုပ်ရှင်ကို ဇာတ်သိမ်းလိုက်ပါတယ်။
တကယ်တမ်းကျတော့ “ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ” ဆိုတဲ့ စာသားဟာ အင်္ဂလိပ်ကဗျာဆရာ “ဂျွန်ဒန်း” (၁၅၇၂-၁၆၃၁) ရဲ့ “ကျွန်းမဟုတ်တဲ့လူသား” No Man is An Island ဆိုတဲ့ ကဗျာထဲကယူထားတဲ့ စာသားဖြစ်ပါတယ်။ “လူဟာ တစ်ကိုယ်တည်း သီးခြားရပ်တည်နေတဲ့ ကျွန်းတစ်ကျွန်း မဟုတ်ဘူး။ လူသားအားလုံးဟာ ပင်မတိုက်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုစီသာ ဖြစ်ကြတယ်။ မြေစတစ်စ ဒါမှမဟုတ် ကျွန်းဆွယ်တစ်ဆွယ်ပဲ့ပြီး ပင်လယ်ထဲမျောပါသွားရင် အဲဒီတိုက်ကြီးဟာ နဂိုပုံစံအတိုင်း မဖြစ်နိုင်တော့ဘူး။ ကမ္ဘာပေါ်က လူသားတစ်ဦး ကွယ်လွန်သွားခြင်းဟာ ကိုယ့်ဆီက ပစ္စည်းတစ်ခု လျော့နည်းသွားတာနဲ့ အတူတူပဲ။ ဒါကြောင့် ခေါင်းလောင်းထိုးသံ ကြားရပြီဆိုတာနဲ့ ဘယ်သူသေလို့ ထိုးတာလဲဆိုပြီး သွားကြည့်မနေနဲ့ ဘယ်သူပဲသေသေ ကိုယ့်အတွက် ဆုံးရှုံးတာပဲမို့ အဲဒီခေါင်းလောင်းသံဟာ ကိုယ့်အတွက်ထိုးတဲ့ ခေါင်းလောင်းသံပဲဖြစ်တယ်” လို့ ကဗျာဆရာက ဆိုလိုတာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု၊ လူမျိုးစုတစ်စုအတွက်ကို မဆိုထားနဲ့ လူသားတစ်ယောက်ရဲ့ တန်ဖိုးကိုတောင် အလွန်တန်ဖိုးထားဖို့ သင့်တဲ့အကြောင်း စပ်ဆိုထားတဲ့အတွက် ဒီကဗျာဟာ ကမ္ဘာ့ဂန္တဝင် စာပေနယ်ပယ်မှာ နေရာအများကြီး ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်နိုင်ငံမှာလည်း လူတွေရဲ့တန်ဖိုးကို နားလည်ကြစေချင်ပါတယ်။ လူတိုင်းလူတိုင်း လူတွေရဲ့တန်ဖိုးကို သိထားကြမှ လူမျိုးစုတွေရဲ့ တန်ဖိုးကိုနားလည်မှ ခေါင်းလောင်းထိုးသံကြားတိုင်း ဒါဟာ ငါ့အတွက်ထိုးတဲ့ ခေါင်းလောင်းသံပါလားဆိုတာကို နားလည်သဘောပေါက်ကြမှ တောင့်တင်းခိုင်မာတဲ့ ကာယအင်အား စိတ်ဓာတ်အင်အားတွေကို ထူထောင်နိုင်မှာဖြစ်သလို တစ်နိုင်ငံလုံးအတွက် ထာဝရငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment