Wednesday, October 29, 2014

နိုင်ငံဖွံ့ဖြိုး တိုးတက်စေမှုအတွက် သတိထားရမည့် စီးပွားရေးအညွှန်းကိန်းများ ( ဆောင်းပါး )

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))

စီးပွားရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အညွှန်းကိန်းတွေ များစွာရှိပါတယ်။ အခုဆောင်းပါးမှာ စာရေးသူအနေနဲ့ ဒါတွေကို သိရှိနားလည် သဘောပေါက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ စဉ်းစားဆင်ခြင် လုပ်ဆောင်နိုင်စေဖို့ အဓိကကျတဲ့ စီးပွားရေးအညွှန်းကိန်းသုံးခုကို ဖော်ညွှန်းပေးလိုတယ်။
(၁) စားသုံးသူယုံကြည်မှု အညွှန်းကိန်း
(Consumer Confidence Index - CCI)
လူတိုင်းမှာ ပါးစပ်ပေါက်တွေ ပါကြတယ်။ ဒါကြောင့် လူတိုင်းက စားသုံးသူတွေ ဖြစ်ပါတယ်။ စားသုံးသူ ယုံကြည်မှုအညွှန်းကိန်းက ဈေးကွက်မှာ ခံစားသိသာနိုင်မှုက အလယ်အလတ်အဆင့်မှာ ရှိပေမယ့်
စီးပွားရေး အလှည့်အပြောင်းတစ်ခုမှာ မြင့်မားလာနိုင်တယ်လို့ ဆိုတယ်။ စီးပွားရေးအညွှန်းကိန်း ဆိုတာက လူတွေကနေ အလုပ်တွေ၊ စီးပွားရေးနဲ့ ငွေကြေးသုံးစွဲရမှုတွေအပေါ်မှာ ဘယ်လိုခံစားနေရသလဲဆိုတာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
စားသုံးသူတွေ ပျော်ရွှင်နေတယ်ဆိုရင် ဒါက စီးပွားရေးလုပ်ငန်းတွေ ကောင်းတယ်ဆိုတာကို ဖော်ညွှန်းတာဖြစ်တယ်။ တစ်နည်းဆိုရရင် လူတွေလက်ထဲမှာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေမှုတွေ ရှိကြတဲ့အတွက် ဝယ်ယူလိုတာတွေကို အချိန်မရွေး ဝယ်ယူကြမယ်။ ခရီးတွေထွက်ကြမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပြီး စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုကောင်းမွန်စေတဲ့ အခြေအနေဖြစ်တယ်။ လူတွေက နေ့စဉ်နဲ့အမျှ ဝယ်ယူစားသုံးနေကြရရာမှာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေ ငွေကြေးဝင်ငွေရရှိမှု ခက်ခဲလာရာကနေ စိတ်ပျော်ရွှင်မှုတွေ လျော့ပါးလာပြီး အရာရာကို မကျေနပ်တာတွေ များလာရင် စီးပွားရေးလုပ်ငန်းတွေကို ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ အသုံးစရိတ်တွေဖြစ်တာကြောင့် စားသုံးသူတွေရဲ့ ယုံကြည်မှုတွေ လျော့ကျနည်းပါးလာမှုက နိုင်ငံတစ်နိုင်ငံရဲ့ အခြေအနေကို ဖော်ညွှန်းပေးလိုက်တဲ့ အချက်ပေးသံဖြစ်တယ်လို့ ဆိုတယ်။
(၂) စားသုံးသူဈေးနှုန်းအညွှန်းကိန်း
(Comsumer Price Index - CPI)
စားသုံးသူအညွှန်းကိန်းက ဈေးကွက်မှာ မြင့်မားတဲ့ခံစားမှုကို ရရှိစေတဲ့အညွှန်း ဖြစ်ပါတယ်။ လက်လီကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေမှာ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ဈေးနှုန်းတွေမြင့်မားလာတာ စားသုံးသူတွေကို ချက်ချင်းသိသာစေတယ်။ ဒါကြောင့် နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုမရှိအောင် ထိန်းသိမ်းလုပ်ဆောင်ကြရတာဖြစ်တယ်။ ငွေကြေးဖောင်းပွမှုက လူတိုင်းကို ထိခိုက်စေလေို့ဖြစ်တယ်။ စီးပွားရေးပညာရှင်တွေက စားသုံးသူဈေးနှုန်း အညွှန်းကိန်းက ငွေကြေးဈေးကွက်တွေကို သိသိသာသာ ပိုင်းခြားလိုက်တဲ့ အနီရောင် စီးပွားရေးအညွှန်းဖြစ်တယ်လို့ ဆိုတယ်။ ငွေကြေးဖောင်းပွမှုကနေ စားသုံးသူတွေကို သူတို့ဝယ်ယူကြမယ့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ဘယ်လောက်ကုန်ကျသွားမှာလဲဆိုတာကို ဆုံးဖြတ်တာဖြစ်တယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ
အဘက်ဘက်မှာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ကျစရိတ်တွေအားလုံးက စီးပွားရေးလုပ်ငန်းတွေကိုလည်း ထိခိုက်စေလို့ဖြစ်တယ်။ လူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း ပျက်စီးထိခိုက်မှုတွေ ရှိလာစေတယ်။ ဒီနေရာမှာ စာရေးသူကြားဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ဖော်ညွှန်းပေးလိုတယ်။ ဟိုယခင်က လူတစ်ယောက်က တစ်သိန်းရှိရင် ရွှေတစ်ပိဿာ ဝယ်နိုင်တယ်။ သို့ပေမဲ့ အဲဒီလူက ရွှေမဝယ်ဘဲနဲ့ ဘဏ်မှာပဲ သူ့ရဲ့ငွေတစ်သိန်းကို အပ်ထားပြီး ဘဏ်တိုးကိုပဲ ထုတ်စားလာခဲ့တယ်။ အခုကျတော့ ငွေကြေးဖောင်းပွတာကြောင့် ရွှေတစ်ကျပ်သားရဲ့တန်ဖိုးက ခြောက်သိန်းကျော် ခုနစ်သိန်းဖြစ်လာတာ သူပိုင်ဆိုင်ခဲ့တဲ့ ငွေတစ်သိန်းက ရွှေတစ်မတ်သားသော်မှ ဝယ်ယူလို့မရတော့တဲ့ အခြေအနေကို ဆိုက်သွားတယ်။ ငွေကြေးဖောင်းပွမှုဖြစ်လာရင် ငွေများများပေးပါမှ ပစ္စည်းက နည်းနည်းသာရသွားတဲ့ အခြေအနေ ရောက်ရှိသွားတာဖြစ်တယ်။
ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုမရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ထိန်းကြရတာဖြစ်တယ်။ ၁၉၉၇ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ အာရှငွေကြေး အကျပ်အတည်းကလည်း ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွတာကို ဘယ်လိုတိုင်းတာနိုင်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေက လူတစ်ဦးချင်းစီရဲ့ တစ်နေ့တာအသုံးစရိတ် အညွှန်းကိန်း၊ ကုန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ ကုန်ပစ္စည်းဈေးနှုန်း စားသုံးသူဈေးနှုန်း အညွှန်းကိန်းကတော့ လစဉ်ထုတ်ပြန်နိုင်တာ ဖြစ်တယ်။ ငွေကြေးဖောင်းပွမှုက နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို နေရာပေါင်းစုံမှာ ထိခိုက်နိုင်စေသလို နောက်ဆုံးမှာ စားသုံးသူတစ်ဦးကိုပါ ထိခိုက်စေနိုင်စေတယ်။
(၃) ဒီအညွှန်းကိန်းကလည်း ဈေးကွက်မှာ သိသာနိုင်စေမှု အလွန်မြင့်မားတဲ့ အညွှန်းကိန်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ ပေးချေကြရတဲ့ ဈေးနှုန်းပြောင်းလဲမှုတွေနဲ့ တိုင်းတာနိုင်တယ်။ စားသုံးသူဈေးနှုန်း အညွှန်းကိန်းက ထုတ်လုပ်သူဈေးနှုန်း အညွှန်းကိန်းလိုပဲ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုက ငွေကြေးဈေးကွက်မှာ အကြီးမားဆုံး ရန်သူနံပါတ်တစ်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုတယ်။ ချေးငွေဈေးကွက်တွေ (Bond Markets) စတော့ဈေး (Stock Price) တွေရဲ့ ဈေးနှုန်းတွေ သိသာတဲ့ ကျဆင်းယိုင်လဲမှု ဖြစ်လာစေတယ်။ တစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှုကြောင့် အတိုးနှုန်းတွေလည်း မြင့်လာစေတာဖြစ်တယ်။
အထက်ပါအညွှန်းကိန်းတွေကို ထိန်းပေးနိုင်စေဖို့က နိုင်ငံတွေမှာ (Gross Domestic Product) လို့ခေါ်တဲ့ အသားတင်ထုတ်ကုန်တန်ဖိုး (Gross National Products - GNP) လည်း မြင့်မားလာစေရမှာ ဖြစ်တယ်။
စာရေးသူတို့နိုင်ငံမှာ တိုင်းတွေနဲ့ ပြည်နယ်တွေအလိုက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် မြေပေါ်မြေအောက် သဘာဝပေးထားတဲ့ သဘာဝအရင်းအနှီး (Natural Capital) တွေ များစွာရှိပါတယ်။ ဒါတွေကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေအလိုက် စနစ်တကျ သုတေသနလုပ်ဖော်ထုတ်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product-OVOP) ကို ထိထိမိမိ အကောင်အထည်ဖော်နိုင်ကြရင် နိုင်ငံရဲ့ (GDP) နဲ့ (GNP) တွေ မြင့်မားလာပြီး အထက်ပါအညွှန်းကိန်းသုံးခုကို လျော့နည်းသွားစေကာ နိုင်ငံအတွက် ဘက်ပေါင်းစုံ တိုးတက်လာနိုင်စေမှာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

Credit - Eleven Media Group

No comments:

Post a Comment