(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)
ဒီသုံးလေးရက် ကျွန်တော်
အလုပ်အတော်များနေသည်။ ထို့ကြောင့် ညဘက်ရောက်မှ ကမ္ဘာ့သတင်းများကိုသာ
ကြည့်နေမိသည်။ တီဗွီမှလာသော ဘီဘီစီ ကမ္ဘာ့သတင်း (BBC World News) ကို
အဓိကထားကြည့်သည်။
ယခုရက်ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်အကြောင်း
အမြဲပြသည်။ သူတို့နှင့်ကျွန်တော် အတော်ရင်းနှီးနေပြီဖြစ်သောကြောင့်
အီဘိုလာဗိုင်းရပ်စ်နှင့်တွေ့လျှင် “ဘယ့်နှယ့်လဲ၊ နေကောင်းလား၊
ခင်ဗျားဘော်ဒါတွေကော” ဟုပင် နှုတ်ဆက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
နောက်တစ်ခုက IS ဆိုသည့်အဖွဲ့ကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ဆိုသည့်
သတင်းပါပဲ။ အမေရိကန်က တိုက်လေလေ၊ သူတို့အင်အား တောင့်လာလေလေဟု ပြသည်။ IS
အဖွဲ့သည် မြန်မာပြည်ကိုပင် တိုက်ခိုက်မည်ဟု သတင်းကြားသောကြောင့်
ကြိုတင်ပြင်ဆင်နေကြသည်။
အီဂျစ်မှာ စစ်သည်များ (အယောက် ၃ဝ) သတ်ဖြတ်ခံရသည့်သတင်း။ ကနေဒါတွင် ပါလီမန်ထဲဝင်ပစ်၍ စစ်သားတစ်ဦး သေဆုံးသည့်သတင်းများလည်း ကြည့်ရသည်။
လွန်ခဲ့သည့်ညက တီဗွီကြည့်နေစဉ် News Bar တွင် တွေ့လိုက်ရသည့်သတင်းကြောင့် လန့်ဖျပ်သွားမိသည်။
“Myanmar detained journalist is shot dead."
‘ဖမ်းဆီးထားသော မြန်မာသတင်းထောက် ပစ်သတ်ခံရခြင်း’ တဲ့။
“ဟယ်၊ ဘယ်လိုဖြစ်တာလဲ”
ဟု မိတ်ဆွေသတင်းစာဆရာတွေကို ဖုန်းဆက်မေးပါသည်။
“ဟုတ်တယ်ဆရာညို၊ ကိုပါကြီးပါ” ဟု မိတ်ဆွေကဖြေသည်။
“ဘယ်ကလဲ”
“ကရင်ပြည်နယ်ကပါ၊ အလွတ်သတင်းထောက်”
နောက်တစ်ယောက်ကို ဆက်မေးတော့ “Facebook ထဲမှာ ပျံ့နေပြီ၊ ခင်ဗျား မကြည့်ရသေးဘူးလား” ဟု ပြောသည်။
ကျွန်တော်က အချိန်အင်မတန်ကုန်သော အဝိုင်းသာလည်နေသည့် Facebook ကို တခုတ်တရ မကြည့်တတ်ပါ။
ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးသည် လက်နက်လုကာ ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးသည်။
အသေသာရမိသည်ဟု ဆိုသည်။
တရားဝင်ထုတ်ပြန်တဲ့ သတင်းအရ သူသည် KNU မှ ဗိုလ်ကြီးအဆင့်ရှိသူဟု သိရသည်။
“ကျွန်တော်တို့ကတော့ သတင်းထောက်ဟာ သတင်းထောက်ပါပဲ” ဟု ဝါရင့်သတင်းထောက်ကြီးတစ်ဦးက ဆိုသည်။
ကျွန်တော်သည် နိုင်ငံခြားရှိ ဂျာနယ်လစ်ဇင်သင်တန်းများကို တက်ဖူးပါသည်။
Diploma ဘွဲ့လက်မှတ်ကိုလည်း ရဖူးခဲ့ပါသည်။ လက်တွေ့ သတင်းလိုက်ရသည်။
သတင်းရေးရသည်။ အမှားအမှန် ဆွေးနွေးသည်။
ကမ္ဘောဒီးယားတွင်
ရွေးကောက်ပွဲသတင်းလိုက်စဉ် ပေါက်ကွဲမှုများအကြား အပြေးအလွှား
စိတ်ချောက်ချားဖွယ်ကောင်းလှသော သတင်းရယူမှုကို သတိရသည်။ လွတ်လပ်၍
တရားမျှတသောရွေးကောက်ပွဲ (Free and Fair Election) ဟုပြောကြသော်လည်း
တကယ်တမ်း ဒီအကြောင်းပြောရမှာကို ကြောက်နေကြသည်။ ဒီမိုကရေစီ
အကူးအပြောင်းတွင် လူတို့၏ Mind-set ကို ကျော်လွှားရတာ ခက်လှသည်။
အာဆီယံဆွေးနွေးပွဲသတင်းများ ယူဖူးသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝယ်ကို တွေ့ဆုံသတင်း ရယူဖူးသည်။
အမေရိကန်ပြည်ထောင်စု အက်တလန်တာရှိ CNN သတင်းဌာနကို ရောက်ဖူးသည်။
ဝါရှင်တန်ရှိ RFA, VOA တို့နှင့် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ဖူးသည်။
ပြည်တွင်းသတင်းဌာနများစွာနှင့် ပါဝင်ပတ်သက်ခဲ့သည်။
သတင်းထောက်ဘဝသည်
မလွယ်ကူသော အလုပ်ဖြစ်သည်။ သတင်းပညာနှင့် ပတ်သက်၍ ပို့ချမှုများကို
ပြုလုပ်သည်။ တစ်ခါတစ်ခါ သတင်းမီဒီယာများတွင် လိုအပ်သော
ဂျာနယ်လစ်များကိုလည်း အင်တာဗျူးလုပ်ကာ ရွေးချယ်ပေးခဲ့ရသည်။
ဂျာနယ်လစ် အင်တာဗျူးများတွင် အဓိကမေးဖြစ်သည်က
“သတင်းထောက်ဆိုတာ အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာ သိလား” ဟူ၍ ဖြစ်သည်။
ကျွန်တော်တို့နှင့်အတူ အလုပ်လုပ်သူ မိတ်ဆွေသတင်းထောက် အများသည် အာဖဂန်၊
အစ္စရေး၊ ဆီးရီးယားတို့တွင် အမှုထမ်းဆဲဖြစ်သည်။
နှစ်စဉ်သတင်းထောက်များစွာ အသတ်ခံထိပါသည်။ အရှေ့အလယ်ပိုင်း၊ အာဖဂန်၊
ပါကစ္စတန် စသည့်နေရာများရှိ သတင်းထောက်များစွာ အသက်ဆုံးရှုံးခဲ့ကြသည်။
ပြန်ပေးဆွဲခံရသည်။
မကြာသေးမီက တွေ့ရသော ဗီဒီယိုမှတ်တမ်းတွင် IS အဖွဲ့က သတင်းထောက်များကို သတ်ဖြတ်သည်ကို ဖော်ပြထားသည်။
အမှန်တော့ စစ်မြေပြင်များ ရောက်မှသာ အန္တရာယ်ရှိသည် မဟုတ်။
သတင်းထောက်များသည် ရပ်ထဲရွာထဲတွင်လည်း အရိုက်ခံထိသည်။ အသတ်ခံလည်းထိသည်။
၂ဝဝ၇ ခုနှစ် သံဃာအရေးအခင်းတွင် ဂျပန်သတင်းထောက်တစ်ဦး သေနတ်မှန်သေဆုံးရသည်။
သတင်းထောက်များသည် ခြိမ်းခြောက်ခံရသည်။ အဆဲလည်းခံရသည်။ စော်ကားခံရသည်လည်း ရှိသည်။ တစ်ခါတစ်ခါလည်း သတင်းထောက်များသည် အဝယ်ခံရသည်။
ဝယ်လို့မရသည့်အခါ သိက္ခာချခံထိကြသည်။
“ဘာလို့ သတင်းထောက်လုပ်ချင်တာလဲ”
ဒီအမေးကို သတင်းထောက်တစ်ယောက်က
“ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးပေးချင်လို့” ဟုဖြေသည်။
မှန်ပါသည်။ ပြည်သူတွေ ဘာကိုလိုအပ်လဲ အစိုးရက သိချင်သည်။ အစိုးရအဖွဲ့တွေ ဘာလုပ်နေလဲ၊ ပြည်သူက သိချင်သည်။
မီဒီယာတွေက ပေါင်းကူးပေးသည်။ အင်မတန်မွန်မြတ်သော အလုပ်ဖြစ်သည်။ သတင်းထောက်လုပ်ငန်းသည် သာသနာပြုလုပ်ငန်းနှင့် ဆင်သည်။ တူတော့မတူပေ။
သာသနာပြုလုပ်ငန်းသည် တရားဓမ္မကို ပေါင်းကူး၍ အမှန်ကိုညွှန်ပြရသော အလုပ်ဖြစ်သည်။
မီဒီယာလုပ်ငန်းကတော့ သတင်းအချက်အလက်များကို ပေါင်းကူးပေး၍ အရှိကိုအရှိအတိုင်း တင်ပြရသည်။
တူတာက သာသနာပြုတွေရော မီဒီယာသမားတွေပါ မုန်းသူများရှိနိုင်ပြီး အန္တရာယ်ရှိခြင်းဖြစ်သည်။
သာသနာပြုသည်နှင့် ပတ်သက်ပြီး ဘုရားရှင်လက်ထက်က ရှင်ပုဏ္ဏအကြောင်း
သတိရမိသည်။ ရှင်ပုဏ္ဏသည် သုနာပရန္တတိုင်းတွင် သာသနာသွားပြုရန်ကြံရွယ်ပြီး
ဘုရားရှင်ကိုဖူးမြော်ကာ လျှောက်ထားသည်။ ဘုရားရှင်က
“ရှင်ပုဏ္ဏ.. သုနာပရန္တတိုင်းသားတို့သည် ကြမ်းတမ်းကုန်၏။ သင့်ကို သူတို့ ဆဲရေးကုန်ကြမည်”
“ဆဲသောသူတို့အား ငါ့ကိုခဲနှင့်မပေါက်တာ တော်သေးတယ်လို့ နှလုံးသွင်းပါမယ်ဘုရား”
“ခဲနှင့် ပေါက်ရင်ကော”
“ငါ့ကို တုတ်နှင့်မရိုက်တာ တော်သေးတယ်လို့ နှလုံးသွင်းပါမယ်ဘုရား”
“တုတ်နှင့် ရိုက်ရင်ကော”
“ငါ့အား ဓားနဲ့မခုတ်သေးတာ တော်သေးတယ်လို့ နှလုံးသွင်းပါမယ်ဘုရား”
“ဓားနဲ့ ခုတ်ရင်ကော”
“ငါ့ကို သေအောင်မသတ်တာ တော်သေးတယ်လို့ နှလုံးသွင်းပါမယ်ဘုရား”
“သေအောင် သတ်ရင်ကော”
“စက်ဆုပ်စရာကိုယ်ခန္ဓာကြီးကို ပယ်စွန့်ပေးတာ ကျေးဇူးတင်ရဦးမယ်ဘုရား”
ဒီစကားကို ကြားတော့ ဘုရားရှင်က “သာဓု၊ သာဓု၊ သာဓု ကောင်းစွချစ်သားတပည့်ြ ကွလေလော့” ဟု သာဓုခေါ်ခဲ့ပါသည်။
နိဂုံး
များစွာသော သတင်းထောက်များကို ဂုဏ်ပြုပါသည်။
သတင်းထောက်ကိုပါကြီး အပါအဝင် အသက်ကိုစွန့်လွှတ်သွားသော သတင်းထောက်များ၊ လူစဉ်မမီအောင် ရိုက်ပုတ်ခံရသူ သတင်းထောက်များစွာ ရှိပါသည်။
သတင်းထောက်များ ဖမ်းဆီးထောင်ချ အရေးယူခံရသည်များစွာ ရှိပါသည်။
ဒီမိုကရေစီသည် ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းမှာသာ တိုးတက်ပါသည်။
သတင်းမီဒီယာများက ဒါကိုကူညီသည်။ မီဒီယာသည် ဒီမိုကရေစီ၏
ဒေါက်တိုင်တစ်ခုဖြစ်သလို သတင်းထောက်များသည်လည်း မီဒီယာ၏ ဒေါက်တိုင်ဖြစ်သည်။
မှန်ကန်၍ ဘက်မလိုက်သော ပြည်သူချစ်သည့် သတင်းထောက်များကို ဂုဏ်ပြုကြပါစို့။
Credit - Eleven Media Group
No comments:
Post a Comment