ရန်ကုန်၊ အောက်တိုဘာ ၂၄
တပ်မတော်နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) တို့ ကျိုက်မရာမြို့နယ် ရွှေဝါချောင်း တိုက်ပွဲအပြီးတွင် အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင်(ခ)ကိုပါကြီးကို တစ်လဝန်းကျင်ကြာ တပ်မတော်က ဖမ်းဆီးခဲ့ပြီး ယခုအခါ သေဆုံးပြီဟု သတင်းထုတ်ပြန်သဖြင့် ကိုပါကြီး မိသားစုဝင်များက ဥပဒေမဲ့ ဖမ်းဆီးခြင်းကို တရားစွဲဆိုမည် ဖြစ်ကြောင်း သေဆုံးသူ၏ဇနီး ဒေါ်သန္တာက ပြောကြားသည်။
သေဆုံးသူ ကိုပါကြီးသည် Kloh-toobaw Karen Organization (KKO) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်ဖြစ်သည်ဟု ဆိုခြင်းနှင့် သေနတ်လုယူ ထွက်ပြေးခြင်းကြောင့်
ကင်းစောင့်စစ်သည် ပစ်ခတ်ရာမှ အသေဖမ်းမိသည်ဟု ထုတ်ပြန်ချက်သည် တပ်မတော်ဘက်မှ စွပ်စွဲချက်များသာ ဖြစ်ကြောင်း၊ ကိုပါကြီး အလောင်းကို ရွှေဝါချောင်းကျေးရွာတွင် မြှုပ်နှံထားခြင်းကို အလောင်းပြန်လည် တူးဖော်ခွင့် တောင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အသေဖမ်းမိတာထက် အရှင်ဖမ်းမိတာ တစ်မြို့လုံးအသိ။ ရဲစခန်းအသိ။ သတင်းထောက်တွေ အရှေ့မှာ ပြောတာ” ဟု ဒေါ်သန္တာက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ဌာနချုပ်က ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာကို ခေါ်ယူပြီး ဖြစ်စဉ်အခြေအနေများကို အသိပေးမည်ဖြစ်ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများလည်း ပေးအပ်မည် ဖြစ်ကြောင်း တပ်မတော်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
KKO အဖွဲ့သည် ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် DKBA တပ်နှင့် တပ်မတော်တို့ အပစ်အခတ်ရပ်ပြီးချိန် ၂၀၁၂ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး တပ်မတော်က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ကြောင်း၊ ဦးမိုးသီးဇွန်၊ ဦးကိုကိုအောင်၊ ကိုပါကြီးတို့က ဗိုလ်နှုတ်ခမ်းမွှေးကို အင်တာဗျူး သွားရောက်စဉ် ရိုက်ထားသည့် ဓာတ်ပုံဖြစ်ကြောင်း ယမုံနာ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
Credit - The Voice
No comments:
Post a Comment