Sunday, October 26, 2014

ဥပဒေနဲ့မညီမှန်းသိပေမယ့် မလုပ်ရင်ငတ်မှာမို့ သိသိနဲ့လုပ်နေရတာပါဟု စံပြငါးဈေးပျံကျဈေးသမားများဆို

ငယ်ထွေး(ကလေးမြို့)

ရန်ကုန်၊ အောက်တိုဘာ ၂၄

''ဒီပုံ နဲ့ဆိုရင် ထမင်းတော့ ငတ်တော့မှာပဲ။ ငွေက နှစ်ဆယ်တိုးနဲ့ ချေးလာရတာ။ ဒီည အလုပ်မဖြစ်ဘူးဆိုရင်တော့ ဒီငွေက အလကားနေရင်းရှုံးတာ ပေါ့''ဟု သာယာဝတီမှလာရောက် ပြီး ငါးရောင်းဝယ်ဖောက်ကားသူ အသက် ၅ဝ ဝန်းကျင်ခန့် အမျိုး သမီးကြီးတစ်ဦးက အောက်တိုဘာ ၂၃ရက်ညက စံပြငါးဈေးတွင် ဖြစ် ပျက်နေပုံကိုကြည့်၍ ညည်းညူပြော ဆိုလျက်သည်။


အချိန်ကား ည ၁၁နာရီ၊ နေ ရာကား ကြည့်မြင်တိုင်မြို့နယ်၊ ဗဟို စံပြငါးဈေးရှေ့တွင် ရဲတပ်ဖွဲ့ဝင်အင် အား ၃ဝခန့်ရောက်ရှိနေသည်။ စည် ပင်သာယာဝန်ထမ်းများလည်းပါသည်။

ပျံကျဈေးသည်များကို ရဲတပ် ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများက အောက်တိုဘာ ၂၃ရက် ည ၉နာရီမှ ၁၁နာရီအတွင်း အင်အားသုံး၍ ဖယ်ရှားခိုင်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် အနီးပတ်ဝန်း ကျင်မှပြည်သူအချို့ကလည်း စိတ်ဝင်တစား လာရောက် စောင့်ဆိုင်းကြည့်ရှုနေ ကြသည်။

ယင်းနှင့်ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဝင်ရောက်စုံ စမ်းမေးမြန်းရာတွင်''အင်အားသုံး ဖယ်ရှားမယ်ဆိုတာ မဟုတ်ပါဘူး။ ရွှေပိတောက် ငါးဈေးအသစ်ကို ပြောင်းဖို့ စည်ပင်တွေက ပျံကျဈေး သည်တွေကို လိုက်ပြောမှာပါ။ လိုင် စင်နဲ့လုပ်နေသူတွေကို ဘာမှမထိ ခိုက်ပါဘူး''ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးခဲ့ပြီး အချိန်ယူစောင့် ကြည့်ပေးစေလိုကြောင်းလည်းပြော ကြားခဲ့သည်။

ပျံကျဈေးသည် အချို့လည်း ရောက်ရှိနေကြပြီး တီးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံ ဝေဖန်နေကြ သည်။ ဈေးပတ်ဝန်းကျင် လက်ဖက် ရည်ဆိုင်နှင့် ကွမ်းယာဆိုင်ငယ်များ တွင် ''သူတို့က ဘယ်လိုနည်းလမ်းနဲ့ ရှင်းမှာလဲ'' ဟုစိတ်ဝင်တစားပြောဆို နေကြသည်။

စံပြငါးဈေးကြီးတွင် မှီခိုလုပ်ကိုင်စားသောက်နေကြသည့်သူများ ထဲတွင် ပျံကျဈေးသည်၊ ကယ်ရီသ မား၊ အနယ်နယ်အရပ်ရပ်မှငါးလာ သွင်းသူ၊ ငါးလာယူသူလက်လီလက် ကားသမားများ၊ အထမ်းသမားများ ဖြင့် ညဈေးအဖြစ် သက်ဝင်လှုပ်ရှား ပြေးလွှားရောင်းဝယ်ဖောက်ကားနေ ကြသည်။

ထိုအထဲတွင် ငါးခြစ်သမား များလည်း ပါဝင်ပြီး၊ ငါးခြစ်သမား တစ်ဦး၏ တစ်ညတာလုပ်အားခဝင် ငွေသည် မိသားစုဝင်လေးဦးကိုကျွေး မွေးနိုင်သည့်အနေအထားတွင်ရှိ သည်။ ယခုညတွင်မူ သူတို့ကြည့် မြင်တိုင်တစ်ဖက်ကမ်းသို့ကူး၍ ငါးခြစ်နေရတော့သည်။ အကြောင်း မှာယခုညတွင် စံပြငါးဈေးရှိ ပျံကျ ဈေးသည်များကို စည်ပင်ကလုပ်ခွင့် မပြုတော့ခြင်းကြောင့် ဖြစ်သည်။

ယခင်ကမူ သူတို့ ငါးခြစ်သမားများ အနေဖြင့် စံပြဈေး အဝင်ပေါက်ဝလမ်းများဖြစ်သော ဥယျာဉ်လမ်း၊ စကားဝါလမ်း၊ နတ်စင်လမ်းတို့တွင် ငါးများကို ခြစ်ကြခြင်းဖြစ်သည်။ သူ တို့ ခြစ်ပြီးသား ငါးခြစ်များကို ဖောက်သည်များက ညပိုင်းကျလျှင် လာယူသွားကြသည်။
သူတို့ငါးခြစ်ချိန်က ညနေသုံး နာရီခန့်တွင် ငါးများကို ဝယ်ယူ၍ စတင်ခြစ်ယူကြခြင်းဖြစ်ကာ ထိုခြစ် ပြီးသားငါးသားများကို ညဥ့်တစ်နာရီ ခန့်မှ မနက်ခြောက်နာရီခန့်အထိ ရောင်းဝယ် ဖောက်ကားကြခြင်းဖြစ် သည်။ ထိုသို့ငါးခြစ်ရာတွင် ထိုလမ်း များပေါ်တွင် နေရာထိုင်ခင်းချ၍ခြစ် ယူကြသလို အနီးပတ်ဝန်းကျင်အိမ် ခန်းများကို ငှားရမ်း၍လည်း လုပ်ကိုင် ကြခြင်းများလည်းရှိကြောင်း သိရ သည်။

ယခုမူ ကြည့်မြင်တိုင်တစ်ဖက် ကမ်းသို့သွားရောက်၍ ငါးများကိုသယ် ဆောင်ကာ လုပ်ကိုင်နေကြရသည် ဟု ယင်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
အထမ်းသမားတစ်ဦးက ''ပျံကျ ဈေးသည်ကမရှိဘူးဆို တစ်ရာအနည်း ဆုံးရှိမယ်။ သူတို့အပေါ်မှာ မှီခိုလုပ် နေရတဲ့ အထမ်းသမားတွေလဲ အ များကြီးပဲ။ သေချာစဉ်းစားပေးကြပါ လို့ ပြောပေးကြပါဗျာ''ဟု ဆိုသည်။

ညဆယ့်နှစ်နာရီခန့် ငါးဈေးစည် ကားမည့်အချိန်တွင် ဒိုင်းများ ကိုင် ဆောင်ထားပြီး ရာဘာတုတ်များကို ခါးတွင်ချိတ်ထားသည့် ရဲဝန်ထမ်းများ သည် ကမ်းနားလမ်းပေါ်တွင် ရပ် ထားသည့် လုံခြုံရေးကားပေါ်မှဆင်း လာကာ စံပြငါးဈေးအဝင်၊ ဈေးအ တွင်းနှင့် လမ်းထိပ်တို့တွင် အဖွဲ့များ ခွဲလျက် နေရာယူထားလိုက်ကြသည်။

ယင်းသို့ နေရာယူလိုက်သော် လည်း ငါးဈေးဝင်းအတွင်းရှိ လိုင်စင် ဖြင့်လုပ်ကိုင်သူများမှာ အလုပ်အ ကိုင်မပျက်ဘဲ မိမိတို့လုပ်ငန်းဆောင် တာများကို ဆက်လက်လုပ်ကိုင်နေ ကြသည်။ ပျံကျဈေးသည်များကိုစောင့် ဆိုင်းနေသည့် အထမ်းသမားများမှာ လုံခြုံရေးရဲများကို ကြည့်ရှုနေကြသည်။ လူအများစုက ဝိုင်းကြည့်၍ ယင်းတို့ ၏ဖုန်းများဖြင့် မှတ်တမ်းတင်ဓာတ် ပုံများ ရိုက်ကူးနေကြသည်။

ငါးဈေးဝင်းတာဝန်ခံတစ်ဦးအား မေးမြန်းရာတွင် ''အပြင်မှာဖြစ်တဲ့ ပြဿနာတွေက ဈေးအတွင်းပိုင်းနဲ့ မဆိုင်ပါဘူး။ ဒီဈေးကြီးကို မှီခိုစား သောက်နေရတဲ့ လက်လုပ်လက်စား တွေ အများကြီးပါပဲ။ ဒီလူတွေ အ ကျပ်အတည်းဖြစ်မှာတော့ သေချာ ပါတယ်။ ဟိုဘက်ဈေးကိုရွှေ့လို့ အ ဆင်မပြေတာတွေရှိလို့ ပြောင်းလာ မယ်ဆိုလဲ အချိန်မရွေးလက်ခံမှာပါ'' ဟု ပြောသည်။

ယင်းအချိန်တွင် ညပိုင်းရောင်း ဝယ်ဖောက်ကားသူများလည်း ရောက် ရှိလာသည်။ ရဲလုံခြုံရေးများရှိနေ သဖြင့် ပျံကျဈေးသည်များမှာ ယခင် ကဲ့သို့ လမ်းများပေါ်တွင် ရောင်းဝယ် ဖောက်ကားခြင်းမရှိသော်လည်း စောင့် ဆိုင်းနေသည့် ကားများပေါ်သို့ အ ထမ်းသမားများက တက်သုတ်ရိုက် တင်နေကြသည်။ ကားများကလည်း ကုန်ပြည့်သည်နှင့် ချက်ချင်းမောင်း နှင် ထွက်ခွာသွားကြသည်ကို တွေ့ ရသည်။ ယာဉ်ထိန်းရဲအချို့ကလည်း ယင်းသို့ထွက်လာသည့် ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး အတွက် လမ်းရှင်းလင်းပေးနေသည် ကိုလည်း တွေ့ရသည်။၏

ပျံကျဈေးသည်တစ်ဦးက ''တစ် ဈေးလုံးရွှေ့ဆိုရင် ရွှေ့လိုက်မှာပါ။ အခုတော့ လက်လုပ်လက်စားတွေ ကိုပဲရွှေ့ခိုင်းတော့ ဟိုဘက်ကျရင် ပိုက်ဆံလဲပေးရဦးမယ်လေ။ လုပ်နေ တာက နေ့ပြန်တိုးနဲ့ လုပ်စားနေရ တာ။ စရိတ်စကတွေ ပိုကြီးလာမယ် ဆိုရင် ဘယ်သူကလုပ်နိုင်တော့မှာ လဲ'ဟု ပြောသည်။

ထို့အပြင် ဈေးကို နှစ်ခုခွဲခြင်း ထက် တစ်နေရာတည်းတွင် လုပ်ခြင်း က ပိုမိုအဆင်ပြေမည်ဟု ထင်ကြောင်း ယင်းက ပြောသည်။
ညဥ့်၁နာရီဝန်းကျင်ခန့်တွင် လက်နက်ကိုင်အစောင့်များ လိုက်ပါ လျက် ရဲအရာရှိကြီးတစ်ဦးပါဝင်သည့် ရဲကားတစ်စီးသည် ကမ်းနားလမ်းမ ပေါ်တွင် စောင့်ဆိုင်းနေသည့် ရဲဝန် ထမ်းများအနီး ရောက်လာသည်ကို တွေ့ရသည်။
သို့သော် ထိုညက ဗဟိုစံပြငါး ဈေးရှိ ပျံကျဈေးသည်များကို ရဲတပ် ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများ က ဖယ်ရှင်းမည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း ဖယ်ရှင်းခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

သာယာဝတီမှလာသည့် ပျံကျ ဈေးသည်တစ်ဦးကမူ ''သူတို့က ပစ္စည်း တွေ သိမ်းလဲခံရမှာပေါ့။ ပြန်တုံ့ ပြန်ဖို့မရှိပါဘူး။ ကျွန်မတို့က မရှိလို့ ပျံကျဈေးသည်အဖြစ် လုပ်စားနေကြ ရတာလေ။ ဥပဒေနဲ့မညီဘူး သိပေ မယ့် မလုပ်ရင်ငတ်မှာမို့ သိသိနဲ့လုပ် နေရတာပါ''ဟု ပြောသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 
 

No comments:

Post a Comment