ကသာခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသုံးဦး သေဆုံးကာ ကျေးရွာပေါင်း ၆၈ ရွာ၊ စပါးစိုက်ဧက တစ်သောင်းကျော် ရေလွှမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း စက်တင်ဘာ ၁၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသုံးဦးသေဆုံးကာ ရထားသံလမ်းတံတားများ၊ ကားလမ်းတံတားများ ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၆၈ ရွာ၊ စပါးစိုက်ဧကပေါင်း တစ်သောင်းကျော် ရေလွှမ်းမိုးခံခဲ့ရကာ ကျွဲနွားတိရစ္ဆာန်များ၊ ကုန်စည်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသတွင် စက်တင်ဘာ ၁၈ ရက် နံနက် ၂ နာရီခန့်မှစတင်ကာ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ၅ နာရီဝန်းကျင်ခန့်တွင် တောင်ကျချောင်းရေလျှံမှုများကြောင့် ကသာ မြို့၊ အင်းတော်မြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့၊ ဗန်းမောက်မြို့နှင့် ပင်လယ်ဘူးမြို့များနှင့် ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ခံစားလာရကြောင်း သိရသည်။
ယင်းရေလွှမ်းမှုဒဏ်ကို ကသာမြို့နှင့် အင်းတော်မြို့များတွင် အများဆုံးခံရကာ ယင်းမြို့အနီးရှိ ကားလမ်းတံတားများ ၁ဝ ခုထက်မနည်း ပျက်စီးခဲ့ပြီး ရထားသံလမ်း ပိုင်းများတွင် တံတားနှစ်စင်းနှင့် သံလမ်းပိုင်း များ ရေတိုက်စားခံခဲ့ရပြီး ကသာမြို့အနီးရှိ ပြည်သာယာကျေးရွာမှ အိမ်သုံးလုံး ရေထဲ မျှောပါကာ သားအမိနှစ်ဦးနှင့် နန့်လှိုင် ချောင်းဘေးတွင် ယာခင်းလုပ်ကိုင်နေသူတစ်ဦးတို့ ရေထဲမျောပါသေဆုံးခဲ့ကြောင်း အစိုးရ ရုံးသို့ရောက်ရှိနေသော သတင်းများအရ သိရသည်။
ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူတစ်ဦးက “စံချိန်တင်မိုး ရွာသွန်းမှုတော့ မဟုတ်ဘူး။ ၁၈ ရက်နေ့မှာ မိုးရေချိန် ၄ ဒသမ ၉၂ လက်မပဲရှိပါတယ်။ ကသာခရိုင်တစ်ခုလုံးမိုးကြီးပြီး တစ်ခရိုင်လုံး ရေလွှမ်းသွားတယ်။ မဲဇာမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေလည်း ရေလွှမ်းမိုး မှုဖြစ်သွားတယ်။ ပျက်စီးတာက ကသာနယ် အများဆုံး ဖြစ်သွားတာ။ ဖက်ဆွတ်တောင် ကျောတစ်ခုလုံးကရေတွေက ကသာမြို့ဘက် ကိုပဲ လှည့်လာတာကိုး။ ဒီမှာတော့ ချောင်း ကမ်းဘေးအိမ်တွေ ရွေ့နေကြတုန်းရှိသေးတယ်” ဟုThe DailyEleven သတင်းစာသို့ ပြောကြားသည်။
ယင်းကဲ့သို့ တောင်ကျရေများ ကြီးခဲ့မှုကြောင့် ကသာ-အင်းတော်၊ အင်းတော်- မြစ်ကြီးနား ကားလမ်းပိုင်းများတွင် တံတား ၁ဝ စင်းထက်မနည်းပျက်စီးခဲ့ပြီး အချို့မှာ ရေထဲမျောပါသွားကြောင်း ခရိုင်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းခရိုင်အုပ်ချုပ်ရေး အရာရှိက “သတင်းတက်လာတာတော့ ကြေးနန်းပေါင်း နှစ်ရာကျော်တယ်။ ကျေးရွာပေါင်း ၆၈ ရွာ ရေလွှမ်းခံရတယ်။ မဲဇာချောင်းရေကြီးပြီး ရေကာတာအချို့လည်း ရေထဲပါသွားတယ်။ ကသာမှာ လူသုံးဦးသေဆုံးခဲ့ပြီး တံတား ၁ဝ စင်းထက်မနည်း ပျက်စီးခဲ့တယ်။ တိုင်းဝန်ကြီးချုပ်လည်း လာရောက်ပြီး ကူညီပါတယ်။ ကားလမ်းကတော့ သွားလို့မရအောင် ပျက်စီးသွားတယ်။ ယာယီသွားနိုင်ဖို့တော့ လုပ်နေကြတယ်။ ကသာမြို့နဲ့ အင်းတော် မြို့က အပျက်အစီးများတယ်။ သိန်းရာဂဏန်း နီးပါးအထိ ပျက်စီးကြတာရှိမယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ အရင်ကတော့ ဒီလိုဖြစ်ဖူးတာ မှတ်တမ်းမတွေ့ဘူး။ တံတားငယ်တွေ ရေထဲပါဖူးတာပဲ တွေ့ဖူးတယ်။ မန္တလေး-ရွှေဘို ကားလမ်းပိုင်းက အင်းတော်မြို့အနီးက တံတားတွေပါသွားတယ်။ စပါးစိုက်ဧက ပေါင်း ၁၂၂ဝ၈ ဧကမှာ ထိခိုက်ပျက်စီးနိုင်တဲ့ဧက ၁၂၆၄ ဧက ပါနေတယ်။ ပျက်စီးပြီလို့တော့ တပ်အပ်မပြောနိုင်ဘူး” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ယင်းရေလွှမ်းမိုးမှု၏ အကျိုးဆက်အဖြစ် မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ပင်ဝယ်ဘူတာနှင့် မော်လူးဘူတာကြားတွင် တံတားနှစ်စင်းနှင့် သံလမ်းများ ရေတိုက်စားခြင်းခံရပြီး မဲဇာဘူတာနှင့် ဘုံချောင်းဘူတာကြားတွင် ကျောက်တောင်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြေးဆွဲနေသော ရထားခရီးစဉ်များ စက်တင်ဘာ ၂ဝ ရက်အထိ ရပ်နားရပြီး စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မိုးလေဝသ ကောင်းမွန်ပါက ပြန်လည်ပြီးစီးနိုင်ကြောင်း သိရသည်။
မြစ်ကြီးနားရုံပိုင်ကြီး ဦးမြင့်အောင်က “မနက်ဖြန်ညနေပိုင်းလောက် လမ်းပေါက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိပ်စင်ရထားကလွဲပြီး ကျန်တဲ့ရထားတွေ မလွှတ်သေးဘူး။ လမ်းပြင်တာက နေ့ဆိုင်းညဆိုင်းဆိုပေမယ့် ရာသီဥတုကောင်းမှ ဖြစ်မှာဆိုတော့ အတိအကျပြောလို့မရဘူး” ဟု ဆိုသည်။
တန့်ဆည်နယ်မှ အိမ်ပြန်ခရီးသည် တစ်ဦးကလည်း “မြစ်ရိုးမှာပြောင်းခုတ်ပြီး ပြန်လာတာ။ သံလမ်းတံတား ရေထဲပါသွား တယ်ဆိုလို့ မိုးညှင်းကနေ ပြန်လှည့်လာကြရတာ။ နေစရိတ်၊ စားစရိတ်ကကြီးတော့ လုပ်အားခတောင် အိမ်ပါနိုင်ဦးမလား မသိဘူး။ စောင့်ရတာ သုံးရက်ရှိပြီ။ ကျွန်တော်တို့လို ဒုက္ခတွေ့တဲ့လူတွေ အတော်များတယ်” ဟု မြစ်ကြီးနားဘူတာရုံတွင် ရထားစောင့်ရင်း ပြောကြားသည်။
ကချင်ပြည်နယ်တွင် ကုန်စည်ပို့ဆောင်ရေးအတွက် ရထားလမ်းပိုင်းကိုသာ အဓိက အားထားနေရသဖြင့် ပြည်နယ်အတွင်းရှိ မြို့များတွင် ကုန်စည်ဈေးနှုန်းများလည်း အနည်းငယ်စီ မြင့်တက်နေကြောင်း သိရသည်။
Credit - Eleven Media Group

No comments:
Post a Comment