Sunday, September 28, 2014

အရင်းပြတ်သူ မောဟ၊ ထမင်းငတ်သူဒေါသ နှင့် သတင်းဖတ်သူ သောက


ဆောင်းပါးရှင် - ရီနေနိုင်
---------------
လုပ်အားတွေပေါ မြေနေရာတွေပေါ သ ဘာဝကုန်ကြမ်းတွေလည်းပေါလို့ တိုင်းပြည် နာမည်တောင် “ပေါနိုင်ငံတော်ကြီး”လို့ ပြောင်း ရတော့မယ်ဆိုခဲ့ ရမလောက် လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က ပေါသရဖူဆောင်းခဲ့တဲ့ ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံတော်ကြီးဟာ အဲဒီကာလက ပြည်ပ ရင်းနှီးမြုပ်နှံ သူတွေ အ နေနဲ့ နိုင်ငံရေးမတည်ငြိမ်တာတစ်ခုတည်းနဲ့ကို မလာရဲကြရာကနေ အခုတော့ အားလုံး က လက်ခံလက်ကမ်း ဖိတ်ခေါ်ပါပြီဆိုတဲ့ အခါကျပြန်တော့ ရင်းနှီးမြုပ်နှံဖို့ လာချင်တဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ရင်ဘတ်ဆောင့် တွန်းထား သလို ပြဿနာပေါင်းစုံက ဆီးကြို နေပြန်ပြန်ပြီလေ။

အရင်ပျက်နေကျ လျှပ်စစ်မီးက အခု လည်း ဘာမှပိုမကောင်းလာသေးပါဘူး။ အရင် က သူလိုငါလို ပိတ်တဲ့လမ်းက အခုသွားမရ အောင်ကျပ်နေပြီ။ အရင် က ပေါလှတယ်ဆိုတဲ့ မြေကလည်း နိုင်ငံတကာမှာ မြေဈေးအကြီး ဆုံး စံချိန်ယူ တာပြိုင်ကြစို့ဆိုရင် “မြန်မာ နိုင် ပြီ၊ တို့မြန်မာနိုင်ပြီ” သီချင်းကို သေချာပေါက် ဖွင့်ဖို့ ဟန်ပြင်နေပြီ။ ဒီအထဲမှာ ရင်းနှီးမြုပ်နှံ သူတွေ လက်တွန့်သွားလောက် စရာ တစ်ခု ကတော့ မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သ မား ပြဿနာ အလွန် များပြားပြီး ၂၀၁၃ ခုနှစ် မှာ အလုပ်ရှင်အလုပ်သမား ပဋိပက္ခပေါင်း ၉၀၀ ကျော်တောင် ရှိခဲ့တယ်ဆိုတာပါပဲ။

ပဋိပက္ခ ဖြစ်ကြတယ်ဆိုရာမှာလည်း အလုပ်ရှင်နဲ့အလုပ်သမား ငြင်းကြခုံကြပြီ ဆို အ စိုးရကညှိနှိုင်းလို့ သဘောတူ လက်မှတ်ထိုးပြီး လက်ဆွဲနှုတ်ဆက် ၊ ရေရှည် အကျိုးတူ ဆက် ချီတက် ဆိုတာမျိုးဖြစ်ရင်တော့ နှစ်ဦးနှစ်ဖက် မင်္ဂလာပေါ့ ခင်ဗျ။ အခုတော့ ပဋိပက္ခဖြစ် တယ်၊ ညှိနှိုင်းပေးတယ်၊ သဘောတူ လက်မှတ် တော့ထိုးတယ်၊ သဘောတူထားတဲ့အတိုင်း သတ်မှတ်ရက်မှာ မလုပ် တဲ့ပြင် အလုပ်သမား တွေကို သွေးခွဲ၊ အချိန်ဆွဲ၊ တချို့စက်ရုံတွေုမှာ အလုပ်သမား အရေး တောင်းဆိုရာမှာ ခေါင်း ဆောင်သူတွေကို အလုပ်ဖြုတ်ပစ် စသဖြင့် နောက်ဆက်တွဲ အမင်္ဂလာသတင်းတွေပဲ ထပ် ကြားရတတ်ပြီး အလုပ်သမားတွေက ထပ်ပြီး ဆူကြပူကြ၊ သပိတ်မှောက်ကြနဲ့ သံသရာထပ် လည်ပြန်တာပါပဲ။

ဒီနေရာမှာ အလုပ်သမားတွေဖက်က လူ မသိသူမသိနစ်နာမှုတွေ မကျေလည်နိုင် စရာ ခံစားရမှုတွေ အတော်များများ ရှိနိုင်သလို အလုပ်ရှင် ဖက်မှာလည်း ဘယ်နိုင်ငံမှာမှ မ ကြားခဲ့ဖူးတဲ့ “ကြုံဖူးပေါင် ဂုဏ်ထူးဆောင်” ပြဿနာတွေ၊ ရင်ဖွင့်မရတဲ့ “အဆင်မသင့် သမျှတွေ” ရှိနိုင် ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ် ရှင်တချို့ဆို ပြည်ပကဖြစ်ပြီး မြတ်မယ်ထင်လို့ ဒီကိုလာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြတာပဲလေ။ အဝေးကနေတကူးတက အလုပ်သမားနဲ့ ရန် ဖြစ်ဖို့လာတဲ့သူတို့၊ အလုပ်သမား ဆန္ဒပြတာ ကို မမြင်ဖူးလို့ ကြည့်ဖို့လာတဲ့သူတို့ မဟုတ် မှာတော့ သေချာတယ်။ ဒီနိုင်ငံလာရင် တွေ့ ကြုံရနိုင်တာတွေ၊ ကျော်လွှားရမှာတွေကို (များသောအားဖြင့်) လေ့လာ သိထား ပြီး လာကတည်းက ငွေကြေးရင်းနှီးမြုပ်နှံမှုနဲ့ အတူ စွန့်စားလိုမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ တိုးတက်အောင်မြင်မယ်လို့ မျှော်လင့်အိပ် မက်မှုတွေကိုပါ “အရင်း အနှီး” အဖြစ် မြုပ်နှံ ပြီး လာတာဖြစ်မှာပါ။

တချို့လည်း ဘာမှနားမလည်ပါးမလည် တွေဆီ သွားပြီး အမြတ်ထုတ်ကြည့် လိုက်ဦး မှတို့၊ မြန်မာပြည်မှာဆို အောက်ခြေလူထုဆီ က အဆီအသား“နုတ်”ဖို့ အထက်ဆိုင်ရာ ပိုင်ရာများကို “မြှောက်”လို့ ဒါမှမဟုတ် “ပေါင်း လို့” ရှိရင် “စား” ဖို့သိပ်လွယ်တယ်ဆိုပဲတို့ စတဲ့စတဲ့ စုတ်ပဲ့တဲ့အတွေးစိတ်ကူးတွေကို အရင်း အနှီး လုပ် လာသူတွေလည်း ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကာလတစ်ခုကြာတဲ့အခါ ရင်း နှီးမြုပ်နှံသူတွေဟာ သူ အရင်းအနှီးလုပ်လာ တဲ့ ငွေဖြစ်ဖြစ်၊ မျှော်လင့် ချက်ဖြစ်ဖြစ်၊ စုတ်ပဲ့ တဲ့အကြံဖြစ်ဖြစ် ဒါမှမဟုတ်၊ စွန့်စားလိုမှုတို့ ကိုယ့်ကို ကိုယ်ယုံကြည်မှုဖြစ်ဖြစ်ဟာ မူလရင်း နှီးထားသမျှကနေ လျော့ကျကုန်ခမ်း သွား ပါတော့တယ်။ ဒီလိုသူရင်းထားသမျှ ကုန် သွားလို့ တစ်နည်းအားဖြင့် အရင်းပြတ် လို့ ထွက်သွားဖို့ ကြံသူကြံတဲ့အခါ သူ့အလုပ်ကို မှီခိုရတဲ့ အလုပ်သမား မိသားစုတွေလည်း ထမင်းငတ် သွားတော့တာပေါ့။ အဲဒီအခါမှာ အရင်းပြတ်သူနဲ့ ထမင်းငတ်သူတို့ရဲ့ ပဋိပက္ခ သံသရာ စတာပါပဲ။

ဒီနေရာမှာ အရင်းပြတ်သူဟာ သူမျှော် လင့်ထားသလို စီးပွားမဖြစ်တာက သူ မြန်မာပြည်အကြောင်း မသိတာ တွေများလို့လည်း ဖြစ်နိုင်ပါတယ်။ မသိခြင်းက မောဟဆိုတော့ “အရင်ပြတ်သူရဲ့မောဟ”လို့ ဆိုရမှာပေါ့ခင်ဗျ။ ဒီ စီးပွားရေး သမားတွေဟာ နိုင်ငံတကာလှည့် ပြီး စီးပွားလုပ်ဖူးကြမှာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာနဲ့ မြန်မာပြည်နဲ့ မတူတာတွေက အ များကြီးဆိုတာ သူမသိတဲ့ မောဟထဲက တစ်ခုဖြစ်မှာပဲ။ ဥပမာ တင်ဒါပြိုင်ရမယ်ဆိုပါတော့။ တင်ဒါမှာပါတဲ့ ငွေပမာဏများရုံနဲ့တော့ တင် ဒါအောင်မယ် ထင်ရင်မှားမှာပေါ့။ တကယ် တော့ (စားပွဲပေါ်)တင်ဒါထက် “စားပွဲအောက်” (၀င်တာ)က ပိုအရေးကြီး တာကိုး။ (အပေါ်မှာ)တင်ဒါမှာ ဘယ်လောက်များများ၊ (အောက် ဘက်မှာ လူမမြင်သူမမြင်) ၀င်တာနည်းရင် မရနိုင်ဘူး။ ဒါပေမဲ့ ၀င်တာက များများ၊ တင်ဒါ ကနည်းနည်းနဲ့ အဘတွေကို မရဲတရဲ လူလည် လုပ်တဲ့ အပေါက် လုပ်လို့တော့မဖြစ်ဘူး။ အ ဘတွေက ကိုယ့်အတွက်ချည်းသာ မနည်းစေ နဲ့လို့ မဟုတ်ဘူး၊ တိုင်းပြည် အတွက် အများ အတွက်လည်း ကြည့်ကောင်းအောင်တော့ လုပ်ဦး၊ ငါ့နာမည်ပျက်အောင်မလုပ်နဲ့ ဆိုတာ မျိုးလည်း ရှိတတ်သကိုး။

မီးပျက်ရင် ဘက်ထရီဘက်ကပ်ပ်တို့၊ ယူဘီအက်စ်တို့သုံးပြီး လျှပ်စစ် အသက်ဆက် ထားရင်း အင်ဂျင်နဲ့ မောင်းပြီး စက်လည်ရ တာ သူ့နိုင်ငံမှာလည်း ရှိကောင်းရှိမှာပါ။ ဒါ ပေမဲ့ တစ်နေကုန် အင်ဂျင်နဲ့ပဲမောင်းရပြီး မီး ကတော့ ဒီနေ့လာချင်လည်းလာမယ်၊ လာ ချင်မှလည်းလာတော့မယ် ဆိုတာမျိုးကတော့ သူ ကြုံဖူးမယ်မထင်ဘူးလေ။ ဒီတော့ မီး ပျက်လွန်းတဲ့အခါ ဆီဖိုး မတတ်နိုင်တော့ “ရေ” ထည့်မောင်းတော့မှ မီးလည်းမှန်မှန်လာ၊ သူများပျက် လည်း ကိုယ်မပျက်၊ ဒါပေမဲ့ “ရေ” လောင်းရတဲ့လိုင်းကြေးပဲ မှန်မှန်ထွက်ဆိုတာ မျိုးပဲ ဖြစ်ရပြီပေါ့။ ဒီတော့ မီတာဖိုးပဲ တွက် ချက်ပြီး ရင်းနှီးမြုပ်နှံသူ ခမျာ ဆီဖိုးဖြစ်ဖြစ် ရေဖိုးဖြစ်ဖြစ်ထပ်ကုန်မှ စက်လည်နိုင်တာ သိသွားတဲ့ အခါ ငွေမကုန်ခင် စိတ်အရင်ကုန် သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့် တချို့လုပ်ငန်းရှင်များက ပြောသ တဲ့။ “နိုင်ငံတကာစံနဲ့ လုပ်အား ခပေးရမယ် ဆိုရင် နိုင်ငံတကာစံနဲ့ လျှပ်စစ်မှန်မှန်ရအောင် လုပ်ပေးလေ”” တဲ့။ ကဲ၊ ဒါလည်း ဟုတ် တာပဲလေ။

မကြာသေးခင်က သတင်းထဲမှာ ကျယ် ကျယ်လောင်လောင်ကြားရတဲ့ ကိုရီးယား မာစတာစပေါ့ ဖိနပ်စက်ရုံက အလုပ်သမားများဆိုရင် အလုပ်ရှင်က ရုတ်တရက်ကြီး စက်ရုံ ပိတ်သိမ်းသွားလို့ အတော်ဒုက္ခရောက်နေကြ ရတာပါ။ သူတို့ ခမျာ ဇွန်လလစာကို အခု အထိ မရကြသေးပါဘူး။ စက်ရုံကို စနစ်တ ကျပိတ်သိမ်းတာမျိုးမလုပ်ဘဲ အလုပ်သမား တွေကို လစာမပေးပဲပစ်ထားခဲ့ပြီး စက်ရုံပိုင် ရှင်က မြေလျှိုးမိုးပျံသွားခဲ့ဆိုကိုး။ Mr.Ban In Ho ဆိုတဲ့ အဲဒီကိုရီးယား လူမျိုး စီးပွားရေး သမားကြီးဟာ ဘယ်ရောက်ဘယ်ပျောက်သွားတယ် ဆိုတာတော့ ကျွန်တော်တို့ သတင်း ဖတ်သူများ သဲသဲကွဲကွဲမသိရပါဘူး။ (ဒါပေမဲ့ သူကသာပျောက်နေတာ၊ အလုပ်သမားတွေကို တစ်လစာ ပဲလျော်ကြေးပေးပြီး လက်မှတ် ထိုးခိုင်းတာတို့ ဘာတို့ အလုပ်ရှင်ဘက်က လုပ်နေတာတွေ ကတော့ ဆက်ရှိနေတယ် ဆိုတာ သတင်းထဲ ဖတ်နေရပြန် တယ်လေ။ သြော်၊ ကိုရီးယားသားတောင် မြန်မာပြည်ရောက်တော့ ဇာခန်းဆီးနောက်ကွယ်မှာ ဇာတ်ကားရိုက်ချင်စိတ် ပေါ်သွားတော့တာကိုး လို့ တွေးမိပါတယ်)။

ရဲနဲ့ အလုပ်သမား အပြန်အလှန်ရိုက်ပွဲ ကြောင့် ပလာစတာကပ်ရတဲ့ မာစတာ ဖိနပ် ဇာတ်လမ်းအကျဉ်းကို ပြန်ပြောရရင် ၂၀၁၃ ခုနှစ်မှာမှ စဖွင့်ခဲ့တဲ့ ဒီစက်ရုံ ဟာ လွန်ခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ ရုတ်တရက် ပိတ်သွားတာ ဖြစ်ပြီး အလုပ်သမားများခမျာ အဲဒီဇွန်လက စပြီး လစာရောနစ်နာကြေးပါ မရကြ ဘူးတဲ့။ အလုပ်သမားများရဲ့ အကျိုးဆောင် ရှေ့နေ ဦးဌေးအဆိုအရ ဒီလိုဖြစ်မှာကို ကြိုမြင်လို့ ဇွန်လ ၉ ရက်နေ့ ကတည်းက စက်ရံပိတ်မှာ ကိုတားပေးဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ပြီး အဲဒီအချိန်ကဆို ပိုင်ရှင်လည်း ရှိနေသေးပါ ရက်နဲ့ အရေးယူဆောင်ရွက်မပေးတဲ့အပြင် အလုပ်သမား တွေကို တရားစွဲလို့ ရတယ် လို့ တောင် ခြိမ်းခြောက်သေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ညှိနှိုင်းဖြေရှင်းတာ သုံးရက်ကျော်ရင် ခုံသမာဓိကို လွှဲပေးရမှာပေမယ့် မလွှဲပေးခဲ့ လို့လည်း အခုလို အထိ ဖြစ်ခဲ့ရတာလို့ပြော ပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာ သက် ဆိုင်ရာက ဆုံးဖြတ်ပေးထားတာကတော့ အခု လို စက်ရုံပိတ်သိမ်းတဲ့အတွက် သုံးလအောက် ၀န်ထမ်းဆို တစ်လစာ၊ သုံးလကနေတစ်နှစ် ၀န်ထမ်းဆို လစာရဲ့နှစ်ဆ၊ တစ်နှစ်အထက်ကို သုံးဆသတ်မှတ်ပေးထားပါသတဲ့။

ဒါပေမဲ့ နစ်နာကြေးဝေးလို့ ဇွန်လလစာတောင် မရ လို့ သံရုံးရှေ့ ဆန္ဒပြတာတို့၊ စက်ရုံရှေ့ ဆန္ဒ ပြတာတို့ လုပ်ကြရပြန်ပြီး ဒီစက်ရုံကိစ္စမှာ အပြန်အလှန် ငြင်းခုံ မှုသတင်းတွေကို လည်း ကျွန်တော်တို့လို “အတင်းပြောဇာတ်”တွေကို သတင်း သဘောအမှတ်နဲ့ ဖတ်နေရသူများ (ပိုက်ဆံပေးပြီး) ဖတ်ခဲ့ကြရပါတယ်။ ဥပမာ ဆို အလုပ်သမားတွေဟာ ပိုင်ရှင်ဆီက လျော် ကြေးရပြီးပါပြီလို့ အလုပ်သမား ၀န်ကြ်ီးဌာန ညွှန်ချုပ်ဦးဝင်းရှိန်က ပြောတဲ့အတွက် ဒါမဟုတ် မမှန်ကြောင်း၊ လျော်ကြေးလုံးဝ မရပါကြောင်း အလုပ်သမားတွေက ၈၈ ပွင့်လင်း ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်တာကို လွန်ခဲ့တဲ့ နှစ်လလောက် က ဖတ်ခဲ့ရပါတယ်။

တစ်ခါ အလုပ်သမားများက ပိုင်ရှင်ကို အရေးယူပေးဖို့ တောင်းဆိုချက်များနဲ့ ဇူလိုင် လ ၁၇ ရက်နေ့မှာ ကိုရီးယား သံရုံးရှေ့ ဆန္ဒ ပြရာမှာ အမျိုးသမီး အလုပ်သမား ၇၅၀ ကျော် နဲ့ အမျိုးသား ၅၀ ကျော် ပါဝင်ခဲ့သတဲ့။ ဇူ လိုင်လ ၂၃ ရက်နေ့ စံတော်ချိန်သတင်းစာမှာ တော့ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန် ကြီးဒေါ်ဝင်းမော်ထွန်းက ကိုရီးယားသံရုံးရှေ့ ဆန္ဒပြတဲ့ အလုပ်သမား ၆၀၀ ကျော်ကို အ လုပ်တွေပြန်ရှာခန့်ပေးထားပြီ၊ ကျန်လူတွေ အတွက်လည်း ဆက်စီစဉ်ပေးဦးမှာလို့ ဆိုပြန် တယ်။ ဒါကို အဟုတ်မှတ်ပြီး ကျွန်တော်တို့ သတင်းဖတ်သူများ သာဓုခေါ်ပြီး ကြိုဆိုကြရ တာပေါ့။

ဒါပေမဲ့ သာဓုမှ နှစ်ခွန်းမပြည့်ခင် ဇူလိုင်လ ၂၄ ရက် (သတင်းစာပါပြီးနောက် ရက်)မှာ အဲဒီစကားမမှန်ပါဘူးလို့ အလုပ်သ မားတွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ငြင်း ချက်ထုတ်ပါတယ်။ သူတို့ထဲက တစ်ယောက် မှ အလုပ်ပြန် မရသေးပါဘူးတဲ့။ ဆဲဗင်းဒေး သတင်းစာမှာပါတဲ့ လုပ်ငန်းတူစက်ရုံနှစ်ခုက မာစတာ စက်ရုံ အလုပ်သမား ၆၀ ကို အ လုပ်ခန့်ပေးထားတယ် ဆိုတဲ့ သတင်း ကလည်း မမှန်ပါဘူးလို့ သူတို့က တစ်လက်စာတည်း ငြင်းလိုက်တယ်။

ဒီကနေတစ်ခါ စက်တင်ဘာ ၁၆ ရက်နေ့ မှာ အလုပ်သမားကိစ္စ ဖြေရှင်းပေးဖို့ မာစတာ စက်ရုံကို ရောက်လာပြန်တဲ့ ညွှန်ချုပ်ဦးဝင်းရှိန် ကို သူတို့လျော်ကြေးငွေ ဘယ်ရက်ရမယ်လို့ အတိအကျသိချင်နေတဲ့ အလုပ်သမား များက အတိအကျအဖြေတောင်းရင်း အခန်းထဲမှာ သော့ခတ် ပိတ်လှောင် ထားတဲ့ အဖြစ်ကို ရောက် သွားပါတယ်။ ဒါကို ရဲတွေ ရောက်လာပြီး အလုပ်သမားတွေကို ရိုက်ပြီး ဖြေရှင်းလိုက် တော့ ပိုပြီးကျော်မကောင်း ကြားမကောင်းဖြစ်သွားပါတယ်။ အဲဒီကိစ္စမှာ ရဲတွေရော အလုပ် သမားတွေပါ ဒဏ်ရာတွေ ရပြီး နောက်တော့ သတင်းစာရှင်းလင်းပွဲတွေ အပြန် အလှန်လုပ် ကြရတာလည်း အများအသိပါပဲ။ နောက်ဆုံး မှာ ရဲတာဝန်ရှိလူကြီးမင်းက အလုပ်သမား တွေကို အရေးမယူပါဘူးလို့ ပြောတဲ့ သတင်း နဲ့ တစ်ခါ ဒုဝန်ကြီး ဦးထင်အောင်ကလည်း အောက်တိုဘာ ၉ ရက်နေ့မှာ နစ်နာကြေး သိန်းနှစ်ထောင် ကို ပေးမယ်လို့ဆိုတဲ့ မင်္ဂလာ သတင်းနှစ်ပုဒ်ကို ဖတ်ရပြန် ပါတယ်။

တစ်ဖက်မှာလည်း ဦးဝင်းရှိန်ကို ချုပ်နှောင် ထားတယ်ဆိုတာလည်း လုံးဝ မဟုတ်မှန် ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က အ လုပ်သမားတွေက သတင်းစာ ရှင်းလင်းပွဲလုပ် ပြန်ပြီး အဲဒီပွဲမှာ ရဲလက်ချက်နဲ့ ဒဏ်ရာရသူ တွေကို ရုပ်မြင်သံကြား သတင်းမှာ မြင်ရတာ က စိတ်မကောင်းစရာပါပဲ။ အလုပ်သမား တွေက သော့သူတို့ကိုင်တာမဟုတ်လို့ အခန်း ကို သော့ခတ်တာ သူတို့မဟုတ်ကြောင်း ရှင်း လင်းပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီ ရဲနဲ့ ပဋိပက္ခဖြစ်တဲ့နေ့ နောက်ရက် ဒီဗီဘီသ တင်းမှာ ““စက်တင်ဘာ ၁၆ ရက်နေ့ ပေးမယ်ဆိုတဲ့လစာ မပေးဘဲ အောက်တိုဘာ ၉ ရက်နေ့မှ စက်ရုံ လေလံတင်ပြီးပေးမယ်ဆိုလို့ သမီးတို့လို ခံစားရအောင် ဦးဝင်းရှိန်ကို ပိတ်ထားလိုက်တာပဲ”” လို့ အလုပ်သမားတစ်ဦး ပြောစကားတော့ ကြားမိထား တာက ရှိနေပါ သေးတယ်။

အင်းလေ၊ ဘာပဲဖြစ်ဖြစ် အလုပ်သမားတွေရဲ့ ဘ၀ကို စာနာ နားလည်နိုင်ပါ တယ်။ ထွက်ပေါက်မဲ့ သူတို့အခက်အခဲကို လည်း (ကိုယ်တိုင်အလုပ်ပြုတ်ဖူးလို့) တကယ် ကိုယ်ချင်းစာပေးနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါကြောင့် ကျွန်တော်တို့က တော့ အရင်းပြတ်သူရဲ့မောဟကိုရော၊ ထမင်း ငတ်သူရဲ့ဒေါသကိုပါ နားလည်စာနာ ခံစား နိုင်သူတွေပါ။ ဒါကြောင့် သံသယ၊ မုသား၊ ရက်စက်မှု၊ လှည့်ဖျားမွှု၊ ခြိမ်းခြောက်မှုတွေနဲ့ ပေါင်းစပ် ဖွဲ့စည်း ထားတဲ့ ဆိုးသွမ်းသံသရာ ကြီး အပြန်အလှန်လည်မဆုံး ဖြစ်နေတော့မှာ ပူပန်နေတဲ့ “သတင်းဖတ်သူ သောက”ကိုလည်း ပါဝင်သူအားလုံးက နားလည်နိုင် စွာနဲ့ အကောင်းဆုံး ဆုံးဖြတ်လုပ်ကိုင်ကြဖို့ပဲ ဆုတောင်းရတော့ တာပါပဲခင်ဗျား။

ရီနေနိုင်
 
 


No comments:

Post a Comment