Written by: ဒေါက်တာရန်မျိုးသိမ်း
လွတ်လပ်၊ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအလွန်၊
အစိုးရများ၊ လွှတ်တော်များ ဖွဲ့စည်းပြီးသည့် အခါသမယတွင်
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးကို
ဦးစားပေးစဉ်းစားသင့်သည်။ နိုင်ငံရေးဆွေးနွေးပွဲများကို သက်တမ်းတစ်နှစ်ကျော်ကျော်သာ
ကျန်ရှိမည့် အစိုးရများနှင့် လွှတ်တော်များခေတ်တွင် စတင်ကျင်းပခြင်းထက်
သက်တမ်းငါးနှစ် တင်းပြည့်ကျပ်ပြည့်ရှိမည့် အစိုးရများ၊
လွှတ်တော်များခေတ်တွင် စတင်ကျင်းပခြင်းက နိုင်ငံရေးအရ
ပိုမိုအားကောင်းမောင်းသန်စေမည် ဖြစ်သည်။
ပြည်ထောင်စုအဆင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများအသံသည်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား အပစ်ရပ်စာချုပ်
လက်မှတ်ရေးထိုးရန် နီးစပ်လွန်းနေသော အခြေအနေတွင် ပိုမိုကျယ်ကျယ်လောင်လောင်
ထွက်ပေါ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထု၏ လွတ်လပ်ကတည်းက
ဆုံးရှုံးလျက်ရှိသော မျှော်လင့်ချက်များ ပြန်အသက်သွင်းနိုင်မည့်
နိုင်ငံရေးဆွေးနွေးပွဲများကို
ဖော်ဆောင်နိုင်ရေးဆိုလျှင် အချိန်ယူရမည်။ အကျေအလည် ညှိနှိုင်းရမည်။
ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရမည်။ ရေရှည်အမြင်နှင့် ချဉ်းကပ်ရမည်။
သို့မှသာ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပခဲ့သော
အမျိုးသားညီလာခံနှင့်မတူ ကွဲပြားခြားနားမည်ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါက
ရက်ပေါင်းခြောက်ဆယ်အတွင်း မူဝါဒချမှတ်ရေး အစည်းအဝေး ကျင်းပရန်နှင့်
ရက်ပေါင်းကိုးဆယ်အတွင်း ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်သော
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို
စတင်ရန် စီစဉ်ထားသည်ဟူသော အသံများကို ကြားသိနေရသည်။
တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ နိုင်ငံရေးမူဝါဒ ချမှတ်ရေး အစည်းအဝေးများသည်
တစ်လကိုးသီတင်းနှင့် ပြီးပြတ်နိုင်ရန် ခဲယဉ်းသည်ကို မျက်ခြည်မပြတ်သင့်ပါ။
အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သဖြင့် နိုင်ငံရေးမူဝါဒနှင့်
လုပ်ငန်းစဉ်များ ဆွေးနွေး၊ အတည်ပြုမည့် အစည်းအဝေးများကို
အချိန်ယူကျင်းပနိုင်ရေးသည် လတ်တလော နိုင်ငံရေးစိန်ခေါ်မှု ဖြစ်လာနေသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲအလွန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့်
အမျိုးသားညီလာခံလမ်းကြောင်းကို
ပြင်ဆင်ခဲ့သည့် ကာလသည်ပင် အနည်းဆုံး တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။
ကိုယ့်လူအချင်းချင်း၊ နှစ်သင်းခွဲကန်ခဲ့သော အမျိုးသားညီလာခံ အကြိုမူဝါဒ၊
လမ်းစဉ်၊ စီမံချက်ပြင်ဆင်ရေး အစည်းအဝေးများသည် အကြိတ်အနယ်ဖြစ်မှု
အလျှင်မရှိခဲ့သော်လည်း လစ်ကွက်ဟာကွက်များ နည်းနိုင်သမျှနည်းအောင်
ဆွေးနွေးအဖြေရှာခဲ့ရသည့်အတွက် အချိန်ယူခဲ့ရခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ နိုင်ငံရေးအရ ပိုမိုအကြိတ်အနယ်ရှိမည့် နိုင်ငံရေးဆွေးနွေးပွဲများဆိုလျှင် ပြင်ဆင်မှုကာလ ပိုမိုအချိန်ယူရနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံဟုပင် သတ်မှတ်နိုင်မည့် အစိုးရ၊
လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊
နိုင်ငံရေးပါတီများနှင့် အခြားဖိတ်ကြားသင့်သူများ ပါဝင်မည့်
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ၏ အကြိုဆွေးနွေးပွဲကာလကို တစ်လ၊
နှစ်လနှင့် ဖြတ်သန်းမရနိုင်သည့်အပြင် အနည်းဆုံး တစ်နှစ်ခန့်
အချိန်ယူပြင်ဆင်ရဖွယ် ရှိနေသည်ဟု သုံးသပ်နိုင်သည်။ ပြည်ထောင်စုနိုင်ငံရေး
ဆွေးနွေးပွဲတွင် ပါဝင်မည့် အမြင်သဘောထား ကွဲပြားခြားနားသူများအကြား
ဘုံမူဝါဒ၊ ဘုံလမ်းစဉ်၊ ဘုံလုပ်ငန်းစဉ်တစ်ရပ် ချမှတ်ရေးသည်
လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါသည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲကြီးတွင် ကိုယ်စားလှယ်ရွေးချယ်မှုဆိုင်ရာ
မူဝါဒများချမှတ်ရန်ပင် အချေအတင် ငြင်းခုံဆွေးနွေးရဖွယ် ရှိနေသည်။ အာဏာရ
အစုအဖွဲ့နှင့် အတိုက်အခံ အစုအဖွဲ့အကြား ကိုယ်စားလှယ်အများစု
ရရှိနိုင်ရေးကို အားပြိုင်ရှေးရှုကြမည်ဖြစ်သည်။
အစိုးရ၊ အာဏာရပါတီနှင့် တပ်မတော်အနေဖြင့် ကိုယ်စားလှယ်စုစုပေါင်း၏
ရာခိုင်နှုန်း ၆၀ ကိုယ်စားပြုမှုကို မဖြစ်မနေ ရယူလာနိုင်ခြေ ရှိနေသည်။ ၂၀၁၅
ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပမည်ဆိုလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသည် အာဏာရပါတီလည်းဖြစ်၊ အင်အားကြီးပါတီလည်း
ဖြစ်သည့်အားလျော်စွာ ကိုယ်စားလှယ်အများစု ကိုယ်စားပြုခွင့် ရရှိနိုင်ခြေသည်
မြေကြီးလက်ခတ်မလွဲဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန်
ကာလတွင် လွှတ်တော်များ၌ နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုမှုပုံစံသည်
သိသိသာသာ ပြောင်းလဲသွားနိုင်ခြေ ရှိသည့်အလျောက် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲမတိုင်မီ အစိုးရလွှတ်တော်များနှင့် နိုင်ငံရေးပါတီများ၏
ကိုယ်စားလှယ်များ ရွေးချယ်ခြင်းထက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင်
ရွေးချယ်ခြင်းက ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲ၌ တရားမျှတသော
ကိုယ်စားပြုမှုကို မြင့်မားစေမည်ဖြစ်သည်။
နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များရွေးချယ်မှု
အပိုင်းကိုလည်း စနစ်တကျ ချဉ်းကပ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံရေးပါတီများ၏ တရားဝင်ပါတီဝင် အရေအတွက် ရွေးကောက်ပွဲတွင်ရရှိသော
ဆန္ဒမဲအရေအတွက်တို့အပေါ် အခြေခံလျက် နိုင်ငံရေးပါတီအလိုက် ကိုယ်စားလှယ်ဦးရေ
သတ်မှတ်မည်ဆိုသည့် အခြေခံမူဝါဒမျိုးကို ချမှတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
ဥပမာအားဖြင့် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်
အနိမ့်ဆုံးမဲအရေအတွက် ရာခိုင်နှုန်း သတ်မှတ်ချက်တစ်ခုရရှိသော
နိုင်ငံရေးပါတီများသည်သာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများတွင်
ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခွင့်ရရှိမည်ဟု သတ်မှတ်နိုင်ရန်
အကြိုညှိနှိုင်းဆွေးနွေးပွဲများ ကာလတွင် ဆွေးနွေးညှိနှိုင်းသင့်သည်။
နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရွေးချယ်ရေးသည် ၂၀၁၅ ခုနှစ်
အထွေထွေရွေးကောက်ပွဲတွင် ပါတီများ၏ မဲရရှိမှုနှင့် ဆက်စပ်နေနိုင်သဖြင့်
ကိုယ်စားလှယ်များရွေးချယ်မှုကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှ ပြုလုပ်ခြင်းသည် ပိုမိုကြောင်းကျိုးဆီလျော်မည်
ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ ထိုနည်းတူ အစိုးရများနှင့် လွှတ်တော်များ၏
ကိုယ်စားလှယ်များသည်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင်
အပြောင်းအလဲများစွာ ရှိလာမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်
နှစ်လယ်ပိုင်းတွင် အတည်ပြုနိုင်ဖွယ်ရှိနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) ပြင်ဆင်သည့် ဥပဒေကြမ်းသည်လည်း နိုင်ငံရေးဆွေးနွေးပွဲ၏ မူဝါဒ၊
လမ်းစဉ် ကိုယ်စားလှယ်ရွေးချယ်မှုတို့အပေါ်
သက်ရောက်မှုရှိမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပါ
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးသည့် ကဏ္ဍတွင်
နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးသည့် ပြဋ္ဌာန်းချက်အား
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်
ပြည်နယ်လွှတ်တော်က ခန့်အပ်တာဝန်ပေးသည့် ပြဋ္ဌာန်းချက်ဖြင့်
ပြင်ဆင်နိုင်မည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ၂၀၁၆ ခုနှစ်
မတ်လဖွဲ့စည်းမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၌
တိုင်းရင်းသားပါတီများနှင့်
အခြားပါတီများက ဦးဆောင်ဖွဲ့စည်းသော အစိုးရများ ပေါ်ပေါက်လာနိုင်ခြေ
မြင့်မားသည်။ အဆိုပါ အခြေအနေသည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲတွင်
အစိုးရများ၏ ကိုယ်စားပြုမှုအပေါ် သက်ရောက်လာနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲ၏ ကိုယ်စားလှယ်ရွေးချယ်မှုနှင့်
စပ်လျဉ်း၍ လတ်တလော ကြားသိနေရသော အသံတစ်ခုဖြစ်သည့်
နိုင်ငံရေးပါတီအားလုံးကို တစ်ပါတီလျှင် ကိုယ်စားလှယ်နှစ်ယောက်
တက်ရောက်ခွင့်ပြုရေးဆိုသည်မှာ
လက်တွေ့အားဖြင့် အလုပ်ဖြစ်သော၊ မျှတသော သတ်မှတ်ချက် မဖြစ်နိုင်သည့်အပြင်
ဖျက်မြင်းပါတီများ၊ သူ့လူကိုယ့်ဘက်သား ပါတီများ၊ အချောင်သမား ပါတီများ၊
အခွင့်အရေးသမား ပါတီများ အသွင်အမျိုးမျိုးဖြင့် ပြည်ထောင်စုနိုင်ငံရေး
ဆွေးနွေးပွဲများတွင် နေရာယူလာပြီး တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူထု
အများစု၏ အကျိုးစီးပွားကိုေ၀၀ါးထွေပြားစေလာမည့် အခင်းအကျင်း
ဖြစ်လာနိုင်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲသို့
တက်ရောက်ရန် လုံလောက်သောမဲအရေအတွက် မရရှိသော နိုင်ငံရေးပါတီ
ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို
လေ့လာသူများအဖြစ် သတ်မှတ်လျက် တက်ရောက်ခွင့်ပေးနိုင်မည်ဆိုလျှင်
ပိုမိုကောင်းမွန်သည်။ လေ့လာသူများအဖြစ် တက်ရောက်ခွင့်ရရှိမည့်
နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့်
သီးခြားအကြံပြုချက်များကို ဆွေးနွေးပွဲသို့ တင်ပြခွင့်ကိုလည်း ရရှိနိုင်ရန်
လိုအပ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပါသူများ
သြဇာကြီးမားသူများကို ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များအဖြစ်
သီးခြားဖိတ်ကြားနိုင်ရေးကို ထည့်သွင်းစဉ်းစားသင့်သည်။
တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့်
တစ်ပါတီချင်း ဖြစ်စေ၊ တပ်ပေါင်းစုအလိုက် ဖြစ်စေ၊
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကြိုပြင်ဆင်မှုနှင့်
ပတ်သက်၍လည်းကောင်း၊ နိုင်ငံရေးမူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့်
ပတ်သက်၍လည်းကောင်း၊ အကြံပြုစာတမ်းများကို ထုတ်ပြန်နိုင်သည့်အပြင်
တိုင်းရင်းသားပြည်သူလူထုအကြား ဆွေးနွေးဟောပြောမှုများကိုလည်း ပြုလုပ်နိုင်ခွင့် အပြည့်အ၀ ရရှိသင့်သည်။ တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူထု၏ ရေရှည်အကျိုးအတွက် ရည်ရွယ်ဖော်ဆောင်ကြခြင်းဖြစ်သည့် အားလျော်စွာ အားလုံးပါဝင်ခွင့်ကို လွတ်လွတ်လပ်လပ် ပေးအပ်ထားရန် လိုအပ်မည်ဖြစ်သည်။
လက်ငင်းနိုင်ငံရေး အခင်းအကျင်းတွင် ကြားသိနေရသော နိုင်ငံရေးပါတီများ
အားလုံးအနေဖြင့် တစ်သံတည်းထွက်ရေး၊ နိုင်ငံရေးမူဝါဒ၊ လမ်းစဉ်ဘောင်တစ်ခုတည်း
အဆိုပြုရေးဆိုသည်မှာ နားဝင်ချိုသော်လည်း ဖြစ်နိုင်ခြေနည်းသည်ဟု
သုံးသပ်နိုင်သည်။ နိုင်ငံရေးပါတီ ၇၀ နီးပါးထဲတွင် အာဏာရပါတီနှင့်နီးစပ်သော
ပါတီကြီးများကို မကျေမချမ်းဖြစ်နေသော ပါတီများစွာ ပါဝင်နေနိုင်သည့်အလျောက်
နိုင်ငံရေးအရ ခရီးပေါက်နိုင်ခြေနည်းသည်ဟု
ရှုမြင်နိုင်သည်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲမတိုင်မီ
တစ်သံတည်းထွက်ရေးထက် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပေတံနှင့်
စံနှုန်းတိုင်းတာသော တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုနှင့်အညီ
အချိုးကျကိုယ်စားပြုသော ကိုယ်စားလှယ်များ ပြည်ထောင်စုနိုင်ငံရေး
ဆွေးနွေးပွဲတွင် နေရာရရှိရေးကို ဦးစားပေးရှေးရှုသင့်သည်။
၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများမတိုင်မီ အကြိုညှိနှိုင်းဆွေးနွေးပွဲကာလတွင်
နိုင်ငံရေးပါတီများအကြား နိုင်ငံရေးပါတီများနှင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများ၊
နှီးနှောဖလှယ်ပွဲများ ကျင်းပလျက် အမြင်၊ သဘောထား၊ အယူအဆများကို
ဖလှယ်ကြခြင်းသည် ကောင်းမွန်သည့်အလျောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်(ယူအင်န်အေ)အဖွဲ့ဝင်
ပါတီများအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးသင့်သည်။ သို့ရာတွင်
အားလုံးပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများအတွက်
မေးခွန်းကြိုပေါက်သည့် သဘောမဖြစ်ရန်ကိုမူ သတိကြီးကြီးထား ဆောင်ရွက်သင့်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်လာမည့် နိုင်ငံရေးဆိုင်ရာ
ပြဋ္ဌာန်းချက်များကိုလည်း စောင့်ကြည့်၊ ထည့်သွင်းစဉ်းစားရန်
လိုအပ်မည်ဖြစ်သည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအင်န်အက်ဖ်စီ)နှင့်
ယူအန်အက်ဖ်စီ အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏
ပြည်ထောင်စုနိုင်ငံရေး မူဝါဒများ၊ လမ်းစဉ်များကို မျက်ခြည်မပြတ်ရန်
လိုအပ်သည့်အပြင် စဉ်ဆက်မပြတ် စောင့်ကြည့်နေရန် လိုအပ်မည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်
ရက်ပေါင်းခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲရန်နှင့်
ရက်ပေါင်းကိုးဆယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်
အဆိုပြုခဲ့သည်ဆိုလျှင် ယင်းအဆိုပြုချက်ကို ယခုအချိန်တွင် ပြန်လည်ဆန်းစစ်
သုံးသပ်သင့်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အလွန် ဖော်ဆောင်မည့်
နိုင်ငံရေးဆွေးနွေးပွဲများကို ရေရှည်အမြင်နှင့် ဗျူဟာမြောက် ချဉ်းကပ်အကောင်အထည်ဖော်ရမည် ဖြစ်သည့်အလျောက် နှစ်လ၊ သုံးလအတွင်း ဖော်ဆောင်မည်ဆိုလျှင် အကျိုးထက်၊ အဆိုးဖြစ်လာမည်ကို ဆင်ခြင်သင့်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ် သဘောတူညီချက်အလွန်
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများမတိုင်မီ အစိုးရ၊ လွှတ်တော်၊
တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်
နိုင်ငံရေးပါတီများ၏ သော့ချက်ခေါင်းဆောင်များအကြား
ပဏာမနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဦးစွာကျင်းပသင့်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော ကြီးလေးကြီး
တွေ့ဆုံဆွေးနွေးပွဲကို အခြေခံလျက် သော့ချက်ခေါင်းဆောင်များ၏
ထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ၂၁ ရာစု
ပင်လုံညီလာခံဟု ဆိုနိုင်မည့် ပြည်ထောင်စုနိုင်ငံရေး
တွေ့ဆုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပမည့် ကော်မတီတစ်ရပ်ကို
ထိပ်သီးခေါင်းဆောင်များအကြား
သဘောတူညီမှုဖြင့် ဖွဲ့စည်းသင့်သည်။ ကြားနေသော လူရိုသေရှင်ရိုသေ
ပုဂ္ဂိုလ်များကို ကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ပါဝင်စေနိုင်ရေးကိုလည်း
ထည့်သွင်းစဉ်းစားသင့်သည်။ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊
ဆွေးနွေးမည့် အကြောင်းအရာများ၊ အတည်ပြုဆုံးဖြတ်မည့် ပုံစံ၊ ဆွေးနွေးပွဲ
အချိန်ဇယား၊ သဘောတူညီချက်များကို ဖော်ဆောင်မည့် အစီအစဉ်၊
သဘောတူညီချက်များနှင့် အပစ်အခတ်ရပ်စဲရေးအကြား ဆက်စပ်မှု
စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အပစ်ရပ်စာချုပ်အလွန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို
ရက်ကိုးဆယ်အတွင်း ကျင်းပခြင်းထက်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှ
ကျင်းပခြင်းသည် နိုင်ငံရေးအရ ပိုမိုမျှတသော ကိုယ်စားပြုမှုကို
ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲ၌ ရရှိသော ဆန္ဒမဲအပေါ် အခြေခံလျက် အချိုးကျကိုယ်စားပြု
ပါဝင်နိုင်ရေးကို စဉ်းစားသင့်သည်။ အနိမ့်ဆုံး သတ်မှတ်ထားသော
ဆန္ဒမဲရာခိုင်နှုန်း မပြည့်မီသော ပါတီများ ကိုယ်စားလှယ်များ အနေဖြင့်
လေ့လာသူအဖြစ်သာ ပါဝင်စေရေးကိုလည်း ဆန်းစစ်သင့်သည်။ မည်သို့ပင်ဖြစ်စေ
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရေးကို လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော ကြီးလေးကြီးတွေ့ဆုံဆွေးနွေးရေးအပေါ် အခြေပြုလျက် သော့ချက်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးခြေလှမ်းနှင့်
စတင်သင့်ကြောင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများကို
မရွှေ့ဆိုင်းနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား
ရွေးကောက်ပွဲအလွန်ကျင်းပမည့် အစီအစဉ်ဖြင့် ထိန်းညှိသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်
Credit - Eleven Media Group
(ရန်ကုန်မြို့တွင် သြဂုတ် ၁၈ ရက်ကပြုလုပ်သည့် အစိုးရ၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီများ၏
သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တွေ့ရစဉ်)
No comments:
Post a Comment