မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် အမည်ပျက်စာရင်းသွင်းထားသူများ အလုပ်မလုပ်ရန် အမေရိကန် အစိုးရက စောင့်ကြည့် နေမှုသည် အခြားနိုင်ငံများကို အခွင့်အရေးပေးနေခြင်းဖြစ်ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာရှင် ပရော်ဖက်ဆာရော်နယ်ဖင်းလေးကပြောကြားသည်။
‘‘နိုင်ငံရေး အခြေအနေအရ အမေရိကန်အစိုးရ စောင့်ကြည့် နေတာ။ သူပဲနောက်ကျမှာပဲ’’ဟု ၎င်းကပြောသည်။
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့က အပြိုင်အဆိုင်ဝင်ရောက်ရန် ကြိုးစားနေချိန်တွင် အမေရိကန် ကုမ္ပဏီများ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံမှု နည်းနေသေးသည်။
လက်ရှိ ၀င်ရောက်ရင်းနှီးမြှုပ်နှံနေသော ပက်(ပ)စီနှင့် ကိုကာကိုလာတို့မှာ တစ်ဆင့်ခံ လာရောက် ရင်းနှီးမြှုပ်နှံမှုများသာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်ရှေ့ပိုင်းကာလများက ရင်းနှီးမြှုပ်နှံထားသော အ မေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း ၁၅ခုနှင့် အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော် ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်မှု အားနည်းနေခြင်းသည် ပြည်တွင်းအ ခြေအနေပေါ်တွင် မူတည်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများထက် အခြေခံအဆောက်အအုံ မပြည့်စုံမှု၊ ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု စသော အခက်အခဲများကြောင့်သာဖြစ်ကြောင်း ရော်နယ်ဖင်းလေးက ပြောကြားသည်။
အမေရိကန် အစိုးရက စောင့်ကြည့်နေသော်လည်း မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ကဏ္ဍ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ဦးအောင်နိုင်ဦးက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲတွင် ကြုံတွေ့ခဲ့ရမှုကပြောကြားသည်။
‘‘အမေရိကန် လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံပိုင်းကို ရင်းနှီးမြှုပ်နှံဖို့ တော်တော်စိတ်ဝင်စားတယ်’’ ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးကပြောကြားသည်။
သို့သော် အမေရိကန် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်ရန် လတ်တလောတွင် ၂၀၁၅ နိုဝင်ဘာ၌ ကျင်းပမည့်ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်နေသော အနေအထားတွင် ရှိနေသည်။
Credit - 7DAY DAILY
No comments:
Post a Comment