Thursday, December 4, 2014

နိုင်ငံသားတွေခံစားနေကြရတဲ့ အတက်နဲ့ အကျဒဏ်ပယ်ဖျောက်နိုင်စေဖို့ (ဆောင်းပါး)

Written by : ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ရန်ကုန်မြို့ ဈေးတစ်ခုမြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)


ကျွဲနှစ်ကောင်ခတ်တဲ့အကြား မြေစာပင်ခံရတယ်ဆိုတဲ့စကား ရှိပါတယ်။ အခုလည်း နိုင်ငံသားတွေက အတက်နဲ့အကျနှစ်ခုအကြားမှာ ဒဏ်ခံနေကြရတယ်။ မကြာသေးမီကပဲ ဒေါ်လာဈေးနှုန်းရဲ့ မြန်မာငွေလဲလှယ်နှုန်း မြင့်တက်လာမှုကနေ နိုင်ငံခြားကသွင်းယူတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းတက်လာတဲ့အတွက် မြန်မာနိုင်ငံစားသုံးသူတွေ ဈေးကြီးပေးဝယ်ယူနေကြရတယ်။ နိုင်ငံတိုးတက်တာက ကောင်းတဲ့အသွင်သဏ္ဌာန်ကိုဆောင်ပေမယ့် ကုန်ဈေးနှုန်းတက်တာကတော့ မကောင်းတဲ့အသွင်အပြင် ဖြစ်တယ်။

စာရေးသူတို့နိုင်ငံမှာ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိသူတွေ၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုသူတွေရဲ့ အတ္တဆန်တဲ့အတွေး၊ ကိုယ်ကျိုးရှာတဲ့လုပ်ဆောင်ချက်တွေကနေ နိုင်ငံသားတွေရဲ့ဘဝအခြေအနေတွေ ကျဆင်းလာခဲ့ကြတယ်။ လူတွေက ဆင်းရဲတွင်းနက်လာကြတော့ ဘာကျွေးမယ်၊ ဘာလုပ်ပေးမယ်ဆိုရင် လုပ်ပေးတတ်ကြတယ်။ အဓိကကတော့ ဝမ်းရေးဖြေရှင်းဖို့သာ ဖြစ်တယ်။

နိုင်ငံသားတွေက ဘာအတွက် ဘာတွေကိုင်ဆောင်ပြီး ဆန္ဒပြတယ်ဆိုရင် ဒါတွေက အခိုင်းခံရလို့ လုပ်ကြတာလား၊ သို့တည်းမဟုတ် သူတို့ရဲ့ပင်ကိုစိတ်ဓာတ်အရင်းခံနဲ့ လုပ်ကြတာလားဆိုတာ သိနေတယ်။ လုပ်ဆောင်ချက်တွေက ရှင်းနေတာကိုး။
အဲဒီလို ဖြစ်ရတဲ့အကြောင်းရင်းကလည်း နှစ်ပေါင်း ရာစုနှစ်ဝက်တိုင်အောင် မိမိနိုင်ငံသားတွေကို အကြောက်တရားဖုံးလွှမ်းစေမှု (Fear) ပညာမဲ့စေမှု (Ignorance) နဲ့ ဆင်းရဲတွင်းနက်စေမှု (Poverty) တွေရဲ့အကျိုးဆက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် သတ္တိတွေကျဆင်းစေတာ၊ ပညာတွေကျဆင်းစေတာ၊ ချမ်းသာစေမှုတွေ ကျဆင်းစေတာတွေက မကောင်းတဲ့အကျတွေ ဖြစ်တယ်။

လူတွေမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (Protectionism for Self) ကိုကျင့်သုံးတတ်ကြတယ်။ စာရေးသူ ယခင်ဆောင်းပါးတွေမှာရေးခဲ့သလို ပညာတော့ရှိပြီး အသိတရားမရှိသူကလည်း သူ့ကိုယ်ကျိုးအတွက်ဆိုရင် ဘာမဆိုလုပ်တတ်တယ်။ ပညာလည်းမရှိ အသိလည်းမရှိရင်တော့ အဆိုးရွားဆုံး ဖြစ်တယ်။ ပညာမရှိပေမယ့် အသိရှိတဲ့သူက တော်သေးတယ်။ အသိတရားကြောင့် မလုပ်သင့်တာကိုမလုပ်ဘဲ ရှောင်နိုင်တယ်။ အကောင်းဆုံးကတော့ ပညာလည်းရှိ အသိလည်းရှိဖို့ဖြစ်တယ်။ ပညာလည်းရှိ၊ အသိလည်းရှိရာမှ နှလုံးသားအသိနဲ့ ဦးနှောက်အသိ ပေါင်းစပ်ထားတာဖြစ်လို့ အမှားဆိုရင် လုံးဝ(လုံးဝ) မလုပ်သူဖြစ်တယ်။ လူတစ်ဦးချင်းစီက လူ့တန်ဖိုးကို တတ်သိနားလည်ကြရမှာဖြစ်တယ်။

အာဏာရှိသူတွေက မိမိမှာ ပိုင်စိုးထားတဲ့အာဏာကို အသုံးပြုပြီး အသိတရားကင်းမဲ့ရာကနေ အမှားတွေလုပ်တတ်ကြတယ်။ ကိုယ်ကျိုးရှာတတ်ကြတယ်။ ကိုယ်ကျိုးရှာရာမှာ ငွေကိုအဓိကထားသူတွေနဲ့ ပူးပေါင်းပြီး ဓာတ်တူနံတူေ ဆးဖက်ယူလုပ်တတ်ကြတယ်။
ဒီလိုလုပ်တဲ့ အာဏာရှိသူတွေနဲ့ ခရိုနီတွေက လူနည်းစုအနေနဲ့သာ ကြွယ်ဝလာကြ၊ သူတို့ရဲ့ဘဝအခြေအနေတွေ တက်လာစေတယ်။

ဆင်းရဲသားလူတန်းစားအများစုရဲ့ ဘဝကတော့ အောက်ဆုံးအဆင့်အထိ ကျသွားတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစုက ချမ်းသာ၊ လူများစုကဆင်းရဲပြီး ဆင်းရဲချမ်းသာကွာဟမှုများရင် နိုင်ငံအတွက် မကောင်းတဲ့အခြေအနေ ဖြစ်တယ်။

နိုင်ငံကို ကောင်းသောတိုးတက်ခြင်းတွေ ဖြစ်စေရမယ်။ အခုကတော့ နိုင်ငံက အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာတော့ အောက်ဆုံးအဆင့် ကျလာတာဖြစ်တယ်။ ဆင်းရဲသားလူတန်းစားအများစုက အကျဖြစ်တဲ့ အကျရဲ့ဒဏ်ကို မချိတင်ကဲ ခံစားနေကြရတယ်။
ဒီဒဏ်ကိုခံစားနေကြရတဲ့ ဆင်းရဲတွင်းနက်နေကြတဲ့သူတွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းက အလုပ်အကိုင်အခွင့်အလမ်းတွေ များများပေါ်ထွက်လာအောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းဖြစ်တယ်။

၂ဝ၁၅ မှာပေါ်ပေါက်လာစေတော့မယ့် စတော့အိတ်ချိန်းဈေးကွက်ကလည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရင် ဆင်းရဲသားလူတန်းစားတွေအတွက် ရေရှည်အကျိုးရှိနိုင်စေမယ့် နည်းလမ်းဖြစ်တယ်။ သို့ပေမဲ့ စတော့အိတ်ချိန်းဈေးကွက် သဘောတရားတွေကိုတော့ နိုင်ငံသားတွေအားလုံးသိအောင် နားလည်အောင်လုပ်ပေးဖို့တော့ လိုအပ်တယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးနိုင်စေမယ့်နည်းလမ်းက စာရေးသူတို့နိုင်ငံအနှံ့ ကျေးရွာထုတ်ကုန်တစ်မျိုး (One Village One Product) ကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ရုပ်လုံးဖော်ပေးကြရမှာ ဖြစ်တယ်။ ဒီနည်းလမ်းက စာရေးသူတို့နိုင်ငံမှာ ရှေးမြန်မာရှင်ဘုရင်တွေလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။

သံလုပ်ငန်း လုပ်ရင်သံရွာ၊ ပန်းပဲလုပ်ငန်းလုပ်ရင် ပန်းပဲရွာ စသည်ဖြင့်အမည်တွေ ရှိခဲ့တယ်။ မွန်ပြည်နယ် ရွာလွတ်က ဆေးတံဆိုရင် ကမ္ဘာမှာနာမည်ကြီးပါတယ်။ နိုင်ငံခြားပညာသင်သွားသူတွေသော်မှ Made in Ywalut ဆိုတာကို မြန်မာနိုင်ငံထွက်ပစ္စည်းမှန်းမသိလို့ ဝယ်သုံးခဲ့ကြတယ်။ မြန်မာနိုင်ငံပြန်ရောက်မှ မိမိနိုင်ငံထွက်ပစ္စည်းမှန်းသိခဲ့ရလို့ ရှက်လိုက်တာဗျာလို့ ပြောဖူးတယ်။

စာရေးသူတို့နိုင်ငံက မြေပေါ်မြေအောက် သယံဇာတတွေ အလျှံပယ်ထွက်ရှိတယ်။ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေအလိုက် ရရှိနိုင်မယ့်ကုန်ကြမ်းပစ္စည်းတွေကို သုတေသနလုပ်ကြရမယ်။ ပြီးရင် မိမိတို့တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေအတွင်းမှာရှိနေတဲ့ ရွာတွေမှာ ထုတ်ကုန်တစ်မျိုးစီ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းကြရမယ်။ ကျေးရွာတစ်ရွာချင်းအလိုက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးနဲ့ ပတ်သက်တဲ့ စီးပွားရေးအသိပညာပေးမှုတွေ လုပ်ကြရမယ်။ ဥပမာဆိုရရင် ပုသိမ်ထီးက နာမည်ရှိတယ်။ အဲဒါကိုလည်း ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးပုံစံ ထုတ်လုပ်နိုင်တယ်။

စာရေးသူတို့နယ်ဘက်မှာ Talcum Powder ထုတ်လုပ်နိုင်တဲ့ကုန်ကြမ်းတွေ များစွာရှိတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင် ထန်းရည်တွေ အလျှံပယ်ထွက်ပါတယ်။ အဲဒီထန်းရည်ကို သတ္တုဘူးတွေနဲ့ ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်တယ်။
အလားတူဈေးကွက်မှ ရနိုင်မယ့် ထုတ်ကုန်ပစ္စည်းတွေများစွာ ထွက်ရှိလာမှာပါ။ ဒါကို စနစ်တကျသာ နိုင်ငံအစိုးရအနေနဲ့ ရုပ်လုံးဖော်လုပ်ဆောင်ပေးနိုင်ရင် မိမိနိုင်ငံသားတွေ ခံစားနေကြရတဲ့ အတက်နဲ့အကျဒဏ်တွေ ပယ်ဖျောက်ပစ်နိုင်စေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

စာရေးသူရဲ့သင်တန်းသားတစ်ဦးဆိုရင် ရွှံ့တွေကနေ အရုပ်တွေလုပ်ပြီး ပြင်သစ်နိုင်ငံကို တင်ပို့တယ်လို့ သိရတယ်။ သို့ပေမဲ့ သူက စာရေးသူတို့နိုင်ငံအတွင်းမှာ ရွှံ့ရုပ်လုပ်တဲ့မြေတွေရှိတာကိုမသိဘဲ တရုတ်နိုင်ငံက ရွှံ့တွေကိုသွင်းပြီးလုပ်ရာမှာ ကုန်ကျစရိတ်ကြောင့် ရေရှည်မလုပ်နိုင်ဘဲ လုပ်ငန်းရပ်သွားခဲ့ရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် သုတေသနလုပ်ကြည့်ရင် အဖြေထွက်လာမှာ ဖြစ်ပါတယ်။

အစိုးရရယ်၊ မိမိနိုင်ငံအတွက် စေတနာပြန်ထားနိုင်မယ့် ခရိုနီဆိုသူတွေရယ်၊ အသိပညာ အတတ်ပညာရှင်တွေရယ် ပေါင်းစည်းလိုက်ရင်ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကနေ ကျေးရွာများစွာ ထုတ်ကုန်များစွာအဆင့်အထိ တိုးတက်လာပြီး ၂၁ ရာစုရဲ့ ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ထိန်းထားနိုင်မှာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

၂၁ ရာစုမှာ အာရှနိုင်ငံတွေက ကမ္ဘာ့ထုတ်ကုန်ပစ္စည်းဈေးကွက် ဖြစ်လာမယ်။ အကယ်၍ စာရေးသူတို့မြန်မာနိုင်ငံအနေနဲ့ စာရေးသူအထက်မှာဆိုခဲ့သလို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကို စနစ်တကျရုပ်လုံးဖော်ပေးနိုင်ရင် အဲဒီကနေ ကျေးရွာများစွာ ထုတ်ကုန်များစွာ (Many Village Many Products) ကို လုပ်ဆောင်နိုင်ရင် ၂၁ ရာစုမှာ အာရှတိုက်နိုင်ငံတွေအနက် မြန်မာနိုင်ငံ ကမ္ဘာ့ထုတ်ကုန်ဈေးကွက်ဖြစ်လာစေမှာပါ။

Credit - Eleven Media Group

No comments:

Post a Comment