![]() |
သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ် (ဓာတ်ပုံ− china.org) |
ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMF-CCI) တွင်ပြောသည်။
‘‘မြန်မာ့စီးပွားရေးအကူးအပြောင်းအရေးကိစ္စများနှင့် ရွေးချယ်နိုင်သော အခွင့်အလမ်းများ’’ အမည်ရှိ ဆွေးနွေးဟောပြောပွဲတွင် ‘‘ပညာရေးသည် နိုင်ငံရေး ကစားကွက် မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေးတွေ နာပါတယ်။ အဲဒီတော့ စိတ်ရှည်ရပါမယ်’’ ဟု ဒေါက်တာ ရင်ရင်နွယ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေဆိုးရွားနေမှုကို လူတိုင်း နားလည်လက်ခံမှုရှိနေပြီး အပြစ်တင်ပြောဆိုနေမည့်အစား မိဘပြည်သူများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘အမျိုးသားပညာရေးဥပဒေကို တချို့တွေ ဆန္ဒပြနေကြတယ်။ ဒါပေမဲ့ နဂိုဘာမူမှမရှိတဲ့ ဘ၀ကနေ ဒီဟာလုပ်တယ်ဆိုတာ တိုးတက်မှုလို့ပြောလို့ရတယ်’’ဟု ဒေါက်တာရင်ရင်နွယ်က ပြောသည်။
မြန်မာနိုင်ငံသမိုင်းတွင် ပထ မဆုံးအကြိမ်အနေဖြင့် မူလတန်း နှင့် အလယ်တန်းအဆင့်ကို အခမဲ့ပညာရေးအဖြစ် သတ်မှတ်လိုက်ပြီး ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆရာများခန့်အပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
စစ်အစိုးရ လက်ထက်တွင် မြန်မာ့ပညာရေး ပျက်စီးသွားခဲ့ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်အစိုးရကို အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။ ယခုအခါ သမ္မတအကြံပေးပညာရှင်က ဆန္ဒပြမှုများနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ် သင့်ကြောင်း ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။
‘‘အခုချိန်ထိတော့ ဘယ် နိုင်ငံရေးအဖွဲ့ကမှ ကျောင်းသားတွေရဲ့ ဆန္ဒပြတဲ့အထဲမှာ ၀င်လာတာ မတွေ့ရသေးပါဘူး။ ကျောင်းသားတွေကလည်း အမျိုးသား ပညာရေးဥပဒေက ပညာရေးကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်တဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေကြတာပါ။ အခု ရက်ပေါင်း ၆၀ အတွင်းမှာ သူတို့ တောင်းဆိုတာတွေကို လျစ်လျူရှု မယ်ဆိုရင်တော့ သူတို့အင်အားနဲ့ မနိုင်တော့တဲ့အတွက် အထွေထွေသပိတ်ဆင်နွှဲဖို့ ကြွေးကြော်ထားတာတွေ့ရပါတယ်’’ ဟု နိုင်ငံလုံး ဆိုင်ရာ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက်(NNER) မှ ဒေါ်သူသူမာကပြောသည်။
အစိုးရ ဖွဲ့စည်းထားသော ပညာရေးအကြံပေးပညာရှင်များက အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ စိတ်ရှည်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြေညာထားသော်လည်း ကျောင်းသားသမဂ္ဂ၊ ဆရာအသင်းများနှင့် အရပ်ဘက် ပညာရေးအဖွဲ့အစည်းများတွင် ဗဟိုချုပ်ကိုင်မှုများ ရှိနေဆဲဖြစ်ကြောင်း ကြေညာကန့်ကွက်ထားသည်။

Credit - 7DAY DAILY
No comments:
Post a Comment