Thursday, December 4, 2014

ကျောင်းသားသမဂ္ဂ ပြန်ဆောက်ဖို့ ဖြစ်လာနိုင်တော့မလား

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဖြိုဖျက်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အရေးပါခဲ့တဲ့ ဒီအဆောက်အအုံကို ဖြိုဖျက်ခံရတဲ့ မူလနေရာမှာ ဆောက်လုပ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဆန္ဒထုတ်ဖော်ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပြီး သူ့ကို ထောက်ခံသူတွေလည်း လာရောက်ပူးပေါင်းဖို့ ရှိတယ်လို့ ဦးအောင်ခင်ဆင့်က ဆိုပါတယ်။

“ကျောင်းသားသမဂ္ဂ အဆောက်အအုံ မိုင်းခွဲခံရတာနဲ့ ပတ်သက်လို့ အင်မတန် စိတ်နာမိပါတယ်။ ဒီအဆောက်အအုံ ပြန်ဆောက်မယ် ဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် ငွေဆယ်သိန်း လှူသွားပါမယ်” လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုဖျက်ခံရတဲ့ ၁၉၆၂ ခုနှစ်တုန်းက ဦးအောင်ခင်ဆင့်ဟာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ဖြစ်ပြီး ဒဏ်ရာရကျောင်းသားတွေ အတွက် လိုက်ကူညီပေး ခဲ့သေးတယ်လို့ သူက ပြောထားပါတယ်။

ခုလို အရေးပါတဲ့နေရာက ပါဝင်ခဲ့တဲ့ အဆောက်အအုံဟာ ရဲဘော်သုံးကျိပ် အပါအဝင် သခင်ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ နေရာဖြစ်လို့ သမိုင်းအတွက် တန်ဖိုးကြီးမားပြီး လေးစား တန်ဖိုးထားသင့်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီကိစ္စကို သမ္မတ ဦးသိန်းစိန်ကနေပြီး အသိအမှတ်ပြုပြီး လာမယ့် ၂၀၁၅ အတွင်း အကောင်အထည်ဖော်ဆောင်ဖို့ ကတိတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့လည်း ဦးသိန်းညွန့်က ဆိုပါတယ်။


Credit - The Voice

No comments:

Post a Comment