![]() |
နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး၌ အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားများ သပိတ်မှောက်ခဲ့သည့် မြင်ကွင်း (ဓာတ်ပုံ-အေးပပ) |
ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ ရှိရမည်ဖြစ်ပြီး ကျောင်းသားသမဂ္ဂသမိုင်းသည် လွတ်လပ်ရေးသမိုင်း၊ ပြည်သူ့သမိုင်း၊ ဒီမိုကရေစီသမိုင်း၊ ငြိမ်းချမ်းရေးသမိုင်း၊ သွေးစည်းညီညွတ်ရေးသမိုင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးသမိုင်းပင် ဖြစ်သည်။ အာဏာရှင်နှင့် အာဏာရှင်အစိုးရ အဆက်ဆက်သည် ကျောင်းသားသမဂ္ဂကို မလိုမုန်းထားခဲ့သည်။ ကျောင်းသားများ၏ နိုင်ငံရေးစကားသံများကို ရွံရှာစက်ဆုပ်ခဲ့သည်။ ထို့ကြောင့် အာဏာရှင်နှင့် အာဏာရှင်ခေတ်ကုန်၊ မကုန်တိုင်းတာနိုင်သော ဘာရိုမီတာတစ်ခုမှာ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလွတ်လပ်ခွင့်၊ ကျောင်းသားနှင့် နိုင်ငံရေးအကြောင်းအကျိုးတို့ပင် ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းအဖြစ် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဦးဆောင်ခဲ့သည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်းသည် သခင်အောင်ဆန်း၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်းသို့ အကူးအပြောင်း၏အုတ်မြစ်သည် ကျောင်းသားသမဂ္ဂပင်ဖြစ်သည်။ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှုနှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံတို့သည် လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး၏ ရေသောက်မြစ်များဖြစ်သည်။ အာဏာရှင်နှင့် အာဏာရှင်အစိုးရများ၏ အုပ်ချုပ်မှုယန္တရားနှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ နဖူးတွေ့၊ ဒူးတွေ့ ဖြတ်သန်းရသောအခါ ကျောင်းသားနှင့်နိုင်ငံရေး၊ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလှုပ်ရှားမှုတို့ကို ကြည်ကြည်ဖြူဖြူ နှစ်ပါးသွားခွင့်ပြုခဲ့သည့် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ အစိုးရကို ကျေးဇူးတင်မိသည်။
အာဏာရှင်နှင့် အာဏာရှင်အစိုးရသည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရကပင် လိုလားခဲ့သော ကျောင်းသားသမဂ္ဂကို ဖျက်သိမ်း၊ သမိုင်းဖျောက်ခဲ့ပြီး နယ်ချဲ့အစိုးရလက်ထက် ဆောက်လုပ်ခဲ့သော တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အာဏာရှင်၊ အာဏာရှင်အစိုးရများနှင့် လက်ပါးစေများသည် နယ်ချဲ့အင်္ဂလိပ် အစိုးရကပင် ဆိတ်ဆိတ်နေခဲ့သော ကျောင်းသားနှင့်နိုင်ငံရေး ပတ်သက်မှုကို ဗြောင်ကျကျပိတ်ပင်ခဲ့၊ အပုတ်ချခဲ့၊ ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များက ကျောင်းသားများကို နိုင်ငံရေးအမြတ်ထုတ်၊ ခုတုံးလုပ်နေသည်ဟု မရိုးမအီနိုင်အောင် အကြိမ်ကြိမ်ယိုးစွပ်သော အာဏာရှင်နှင့် အာဏာရှင်အစိုးရများသည် စင်စစ်တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို အမြတ်ထုတ်၊ ခုတုံးလုပ်နေသည်မှာ ရှက်ဖွယ်လိလိဖြစ်သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အငြင်းပွားမှု၊ သဘောမတူမှုများနှင့် ပတ်သက်၍ ဥပဒေနည်းလမ်းများအတိုင်း ပြင်ဆင်ဖြည့်စွက်ရန် ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်ပြီး တက္ကသိုလ်များတွင် လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို အသိအမှတ်ပြုလက်ခံကြောင်း တရားဝင်ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်လနီးပါးကာလ စက်တင်ဘာ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်သည် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် ပါဝင်ခြင်းမရှိသော၊ အငြင်းပွားဖွယ်ဖြစ်သော အမျိုးသားပညာရေးဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်အနေဖြင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စကို တရားဝင်ပြောကြားခဲ့သည်ဟု မကြားသိခဲ့ရသော်လည်း၊ တက္ကသိုလ်ကျောင်းသားများက အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် ကန့်ကွက်ဆန္ဒပြမှုများ အားကောင်းလာသည့်အချိန်ကိုက် ကျောင်းသားသမဂ္ဂနှင့်ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောကြားမှုသည် နိုင်ငံရေးအကွက်ဆင်မှု၊ လှည့်စားမှုသို့မဟုတ် ပရိယာယ်ဆင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်အချို့က သုံးသပ်ကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏အကြီးအကဲ သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး အစိုးရအဖွဲ့ဝင်အများစုသည် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်သည်။ ထို့အတူ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အများစုပါတီ၊ အာဏာရပါတီဖြစ်ပြီး နာယကသည် ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သည်။ သို့ဖြစ်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကို ဇာတ်စီးနေသည်မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့်အညီ မောင်းနှင်နေသည်ဟု ကောက်ချက်ပြုနိုင်သည်။
တက္ကသိုလ်ကျောင်းသားများက အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန်၊ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ပြန်လည်တင်သွင်းလျက် လွှတ်တော်အသီးသီးတွင် ပြန်လည်ဆွေးနွေး၊ ပြင်ဆင်နိုင်ရန် တောင်းဆိုခြင်းသည် ကြောင်းကျိုးဆီလျော်သည်ဟု သုံးသပ်နိုင်သည်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် အပါအ၀င် ပြင်ဆင်လိုသည့်အချက်များကို ဆက်စပ်ဥပဒေများနှင့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းသောအခါ ထည့်သွင်း၊ ပြင်ဆင်နိုင်မည်ဟူသော အစိုးရနှင့် လွှတ်တော်ထောက်တိုင်အချို့၏ မှတ်ချက်များသည်လည်း စိတ်ပျက်ဖွယ်ဖြစ်သည့်အပြင် မီးလောင်ရာလေပင့်မည့်ဘက်သို့ ဦးတည်နေသည်။ မိခင်ဥပဒေပါ ပြဋ္ဌာန်းချက်သည် ပိုမိုအခြေခံကျ၊ အရေးကြီးပြီး၊ အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ်ဥပဒေများနှင့် နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများသည် အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် အပါအ၀င် ဒီမိုကရေစီပညာရေးကို အာမခံသည့် ပြဋ္ဌာန်းချက်များ ပါဝင်မှုမရှိသည့်အချက်ကို ကန့်ကွက်ဆန္ဒပြခြင်းအား သခွတ်ပင်ကမီးတကျီကျီဟု အာဏာပိုင်နောက်မြီးဆွဲ၊ လက်ပါးစေ၊ အလိုတော်ရိများက သမုတ်ကြသည်မှာ အဆန်းမဟုတ်ပေ။
တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့စဉ်ကလည်း အင်္ဂလိပ်အလိုတော်ရိနောက်မြီးဆွဲ၊ လက်ပါးစေများက သပိတ်မှောက်ကျောင်းသားများကို ပြဿနာရှာသူများ၊ နံရံကိုခေါင်းနှင့် တိုက်သူများ၊ အဖျက်သမားများ၊ ပညာမလိုသူများအဖြစ် ကဲ့ရဲ့ပြစ်တင်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်နှင့်အတူ ကိုလိုနီပညာရေး၏ မီးကျိုးမောင်းပျက် ပြဋ္ဌာန်းချက်များကို ပြည်သူလူထုတစ်ရပ်လုံး သိနားလည်အောင် စည်းရုံးလှုံ့ဆော်ခဲ့သူများသည် တက္ကသိုလ်ကျောင်းသားများပင်ဖြစ်သည်။ တက္ကသိုလ်ဝန်းကျင်၊ ကိုလိုနီပညာရေးကို အာခံအန်တုခဲ့သော တက္ကသိုလ်ကျောင်းသားသပိတ်ကြီးသည် လွတ်လပ်ရေးနှင့် အမျိုးသားရေးတံခါးပေါက်ကြီးကို စတင်တွန်းဖွင့်ခဲ့သော သမိုင်းဝင်လှုပ်ရှားမှုကြီးပင် ဖြစ်သည်။
တက္ကသိုလ်ဝန်းကျင်မှ မျိုးစေ့ချခဲ့သော ကျောင်းသားလှုပ်ရှားမှုများကို အခြေပြုလျက် တက္ကသိုလ်ကျောင်းသားများအကြား လွတ်လပ်ရေး၊ အမျိုးသားရေးနှင့်အတူ နိုင်ငံရေးစိတ်ပါဝင်စားသော ကျောင်းသားမျိုးဆက်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသည် နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များဖြစ်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ခေါင်းဆောင်ခဲ့သူ အများစုသည် တက္ကသိုလ်ဝန်းကျင်တွင် နိုင်ငံရေးအလေ့အကျင့်များ၊ အလေ့အထများကို မြေစမ်းခရမ်းပျိုးခဲ့ကြသည်ချည်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများသည် ချော့တိုင်းလည်းမပျော့၊ ခြောက်တိုင်းလည်းမကြောက်သူများဖြစ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်လျက် အစိုးရများ၊ အာဏာပိုင်များကို ဗြောင်ကျကျစိန်ခေါ် ဆန့်ကျင်ဝံ့သူများသည်လည်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရှင် ခေတ်အဆက်ဆက်၊ မင်းဆိုးမင်းညစ်များနှင့် အပေါင်းအပါများကို ပြည်သူလူထုအကြား အထုပ်ဖြေ၊ အာခံ၊ ဆန့်ကျင်ခဲ့ကြသူများသည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး၊ အာဏာရှင်အစိုးရ အဆက်ဆက်ကို ပြုတ်ကျစေခဲ့သည်မှာလည်း တက္ကသိုလ်ကျောင်းသားများပင်ဖြစ်သည်။ မျက်မှောက်ခေတ်တွင်လည်း အစိုးရများ၊ လွှတ်တော်များ၏ အလွဲအမှားများ၊ ဖြီးလုံးထွင်လုံးများ၊ မက်လုံးများ၊ ပရိယာယ်များ၊ လှည့်စားမှုများ၊ မျက်လှည့်ပြကွက်များကို ပြတ်ပြတ်သားသား ဖော်ထုတ်ဆန့်ကျင်၊ အာခံနေသူများသည်လည်း တက္ကသိုလ်ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများပင်ဖြစ်သည်။

တောင်ငူမြို့ ရွှေဆံတော်ဘုရားတွင် သပိတ်မှောက်ဆန္ဒပြပွဲ စတင်နေသော ဗကသကျောင်းသားများအား နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်) |
ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရများလက်ထက် အားကောင်းမောင်းသန်ခဲ့သော ကျောင်းသားသမဂ္ဂများကို လွတ်လပ်ပြီးခေတ် အစိုးရများအနေဖြင့် နည်းပေါင်းစုံနှင့် ချည့်နဲ့ယိုင်ထိုးအောင် ပုံဖော်ခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အုံကို ဖောက်ခွဲဖျက်ဆီးခြင်း၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း၊ လှုပ်ရှားမှုကို အပြင်းအထန် နှိပ်ကွပ်ခြင်းနှင့်အတူ ကျောင်းသားသမဂ္ဂများသည် မြေလျှိုးခဲ့ရသည်မှာ လွန်ခဲ့သောနှစ် အနည်းငယ်အထိ ဖြစ်သည်။ ကျောင်းသားသမဂ္ဂများသည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးဘက် ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်မှာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ခေတ်ဦးကတည်းက ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးနှင့် ကျောင်းသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာစစ်ကိုရရန် လွတ်လပ်စွာပြောဆို၊ ဆွေးနွေး၊ လုပ်ကိုင်လိုသော စိတ်ဓာတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပညာရှင်များက ပညာသင်ကြားရေးလွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်က ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလဲစေသည့် ရီနေဆန့်နှင့် ရီဖော်ပေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းအရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန်သဘောအရပင်တည်းဟု ရေးသားခဲ့သည်။ လွတ်လပ်စွာပြောဆို၊ ဆွေးနွေး၊ လုပ်ကိုင်လိုသော စိတ်ဓာတ်မွေးမြူမှသာ ပညာစစ်ကို ရရှိနိုင်ကြောင်းနှင့် ပညာသင်ကြားရေး လွတ်လပ်ခွင့်၏ အရေးပါမှုကို ဗိုလ်ချုပ်အောင်ဆန်းက မီးမောင်းထိုးပြ ဆွေးနွေးခဲ့သည်။
ကူးလူးဆက်ဆံ အမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်းသမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ၊ မလုပ်ရ၊ မဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုံမှ ပညာရေးအစစ်မည်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်ချက်ပြုခဲ့သည်။ လက်ရှိပညာရေးစနစ် ဗိသုကာများအနေဖြင့်လည်း အမျိုးသားပညာရေး အက်ဥပဒေသည် ပညာရေးလွတ်လပ်ခွင့်၊ သမဂ္ဂအပါအ၀င် အသင်းအပင်း ဖွဲ့စည်းခွင့်တို့နှင့် မည်၍မည်မျှ ကိုက်ညီသည်ကို ပြန်လည်ဆန်းစစ်သင့်ကြောင်း ဆော်သြလိုပါသည်။
တစ်ဖန်ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေသပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါတစ် နိုင်ငံနှင့်တစ်နိုင်ငံမှာ ခွဲစပ်၍မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို လည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကို လည်းကောင်း၊ လူသတ္တ၀ါတို့အား လည်းကောင်း မည်သို့မည်ပုံ ထိခိုက်မည်ဟုသိနိုင်အောင် ကမ္ဘာ့အခြေအနေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသို့ကား အကြမ်းမျှကျောင်းသားတို့ လုပ်ရမည့် ၀တ္တရားများ ဖြစ်ကြ၏ဟု ဗိုလ်ချုပ်အောင်ဆန်းက ရေးသားခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းက ကမ္ဘာရှိကျောင်းသား အပေါင်းတို့သည် လှုပ်လှုပ်ရွရွရှိ၍ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရား ကွဲလာ၏။ ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားကို အားလုံးသိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကိုဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ်၊ မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်းဟုလည်း အတိအလင်း ထုတ်ဖော်ခဲ့သည်။
အချုပ်အားဖြင့်ဆိုသော် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်း၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ ကျောင်းသားတို့၏ တာဝန်ဝတ္တရားများနှင့်စပ်လျဉ်း၍ ရေးသားချက်များသည် ယနေ့ခေတ်တိုင် ခေတ်မီနေဆဲဖြစ်ပြီး လွတ်လပ်ရေးရပြီး နှစ်ခြောက်ဆယ်ကျော်သည့်တိုင် အစိုးရအဆက်ဆက်တို့သည် ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားများအပေါ် ဗိုလ်ချုပ်အောင်ဆန်းမှာ စကားများနှင့်ကိုက်ညီအောင် ဖော်ဆောင်နိုင်ခြင်း မရှိသေးပေ။ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဝတ္တရား အမြင်များနှင့် ဆက်စပ်သုံးသပ်လျှင် အားနည်းချက်များ ပိုမိုမြင်သာလာမည်ဖြစ်သည်။ ရုံးခန်းနံရံများတွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ ပန်းချီကားချိတ်ဆွဲထားရုံမျှ အခါအားလျော်စွာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို လိုအပ်သလို ဖြတ်တောက်အကိုးအကားပြုရုံမျှ၊ မရောင်ရာဆီလူး လုပ်ထုံးလုပ်နည်းများကို ပစ်ပယ်လျက်ပြည်သူလူထုအကျိုးကို မျက်မှောက်ပြုနိုင်မှသာ ပညာရေးစနစ်သစ် အပါအ၀င် ဘက်စုံမြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည် အားကောင်းမောင်းသန်နိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။

Credit - Eleven Media Group
No comments:
Post a Comment