Wednesday, December 3, 2014

မိမိတို့တာဝန် မိမိတို့ ယူကြကုန်လော့

 (ပညာမရှင်တစ်ဦး)

ဥပဒေသဘောတရားအရ အမျိုးသား ပညာရေးဥပဒေသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် စည်းနှောင်မှုစွမ်းအား (Binding Force) ရှိသည့် တည်ဆဲဥပဒေတစ်ခု (Existing Law) ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေပြုသူ များ၏ စောဒကများဖြစ်သည့် “ဥပဒေကို အသုံးတောင်မပြုရသေး၍ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ မဖြစ်နိုင်ပါ”၊ “နည်းဥပဒေများ မပြဋ္ဌာန်းရသေးပါ၍ ဥပဒေသည် စာရွက်ပေါ်မှာသာ ရှိနေသည့်ဥပဒေပါ” ဆိုသည့် ပြောကြားချက်များသည်လည်း ဆင်ခြေမျှသာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ အမျိုးသားပညာရေး ဥပဒေသည် အတည် ဖြစ်သည့်နေ့မှစ၍ အသက်ဝင်ခဲ့ပြီး ပြဋ္ဌာန်းဥပဒေပါ ပုဒ်မတိုင်းသည် အရေး ယူဆောင်ရွက်နိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များ ဖြစ်နေပြီး ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် ပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေ၊ အခန်း (၃)၊ ပုဒ်မ ၄ (ဈ) တွင် “ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး” ဟု ပြဋ္ဌာန်းပါသည်။

တစ်ဖန် အဆိုပါဥပဒေ အခန်း (၁)၊ ပုဒ်မ ၂ (၀) တွင် “ကျောင်းဆိုသည်မှာ မူကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့် ပညာရေးအတွက် သင်ကြား၊ သင်ယူသည့် နေရာဌာနကိုဆိုသည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
ရှင်းလင်းပါအံ့ ...။

အခြေခံပညာရေးကဏ္ဍရှိ ကျောင်းများ၊ အဆင့်မြင့်ပညာကဏ္ဍရှိ သင်ကြား၊ သင်ယူသည့် နေရာဌာန တက္ကသိုလ်၊ ကောလိပ်များတွင် ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးများဖြစ်သည့် ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင် စုပေါင်းဘုံကထိန် ခင်းခြင်းများ နှစ်စဉ်တက္ကသိုလ်၏ လှုပ်ရှားမှုများ (Activities) အဖြစ် ပျော်ရွှင်စွာ ဆောင်ရွက်ကြပါသည်။ “...ဘာသာရေး ဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေ ရေး ...” ဟူသည့် ပြဋ္ဌာန်းချက်ကို ဥပဒေ ပြုသူများနှင့် ဆော်သြသူများဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာ ရှိကြီးများ၊ ပညာရှင်ကြီးများ အဖြေပေး၊ ရှင်းလင်းရန် လိုပါမည်။

ဤပညာရေးအခြေခံမူသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်း ရှိ မရှိ (Whether Unconstitutional law or not) စိစစ်၊ သုံးသပ် ပြီးကြပါပြီလားဟုလည်း အမေးပြုပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ တွင်
“နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်” ဟု ပြဋ္ဌာန်းပါသည်။ ထို့ပြင် ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ် ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” ဟု ပြဋ္ဌာန်းထားပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူသားတိုင်း၏ ကိုးကွယ်ရာ၊ အားထားရာ ဘာသာရေးကို မပစ်ပယ်ဘဲ မိမိနိုင်ငံတွင်း မျှတစွာ အသိအမှတ် ပြုထားပေသည်။ သာဓကအနေနှင့် ကျောင်းများ၊ တက္ကသိုလ်များသည် စာမေးပွဲကာလ ဖြစ်လင့်ကစား “သီတင်းကျွတ်” “တန်ဆောင်တိုင” “အစ်နေ့” “ဒေဝါလီနေ့” “ခရစ္စမတ်နေ့” များတွင် ပိတ်ရက်အဖြစ် ခံစားစေ၍ မိမိ ကိုးကွယ်သည့် ဘာသာအလိုက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ကူညီပံ့ပိုးပါသည်။

တစ်ဖန် ယင်းအခြေခံမူအရ ဆိုပါက ကျောင်းများ၊ တက္ကသိုလ်များတွင် “... နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး” ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံရေး ပါတီများကို ကိုယ်စားပြုသူ ပါတီနိုင်ငံရေး သမားများ (Party Politicians) International Politicians များဖြစ်သည့် နိုင်ငံခေါင်းဆောင်များ Statesmen ဘုရင်၊ ဘုရင်မကြီး၊ သမ္မတ၊ ဝန်ကြီးချုပ် (The King/ The Queen/ The President/ The Prime Minister) များ လာရောက်စည်းဝေးခြင်း၊ ဟောပြောခြင်း၊ တွေ့ဆုံခြင်းများ မပြုလုပ်ရန် တားမြစ်သည့် ပြဋ္ဌာန်းချက် ဖြစ်ပါ၏လော။ အဖြေပြုရန် လိုပါမည်။

သို့ဆိုပါက ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် အတည်ဖြစ်ပြီး ဖြစ်သည့် ဤအမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းပြီးနောက် တက္ကသိုလ်နယ်မြေ စိန်ရတုခန်းမတွင် ကမ္ဘာ့အကျော်ဇေယျ နိုင်ငံရေးသမားကြီး အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားအား ကျောင်းသား များနှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ပေးခဲ့ခြင်းသည် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီး ဌာနတို့မှ ပူးပေါင်း၍ ဤအခြေခံမူကို ဝိနည်းလွတ်၊ လက်တစ်လုံးခြား ပြုခဲ့သည်မှာ ထင်ရှားပါသည်။ ယခင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် လုပ်လာသည့် အစဉ်အလာကို ဖျက်၍ စိန်ရတုဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ဒီဇင်ဘာလ ၂ ရက် နော်ဝေ ဘုရင်မင်းမြတ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် “ဒီမိုကရေစီဖွံ့ဖြိုးရေး” နှင့် ပတ်သက်၍ ၁၅ မိနစ်ခန့် မိန့်ခွန်းပြောကြားမည်ဟု သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု (7 Day Daily) တွင် ဖော်ပြထားသည်ကို ဖတ်ရပါသည်။ အမှန်တကယ် မိန့်ခွန်း ပြောကြားဖြစ်သည် ဆိုပါက မြန်မာနိုင်ငံရှိ တာဝန်ရှိသူများသည် ဤအမျိုးသား ပညာရေးဥပဒေ၊ ပုဒ်မ ၄ (ဈ) ကို မသိ သည့် နော်ဝေဘုရင်အား ဝန်တင်စေခြင်းပင် ဖြစ်ပါသည်။ နိုင်ငံတကာတွင် လက်ခံထားသည့် ဥပဒေဆိုရိုးစကား (Legal Maxim) အရဆိုပါက “ဥပဒေကို မသိဆို ရုံဖြင့် ခွင့်မလွှတ်နိုင်ပါ” (Ignorance of Law is No Excuse)။

ဥပဒေသည် လိုရာလူအတွက် လိုသလို ဆွဲရသည့် မျှော့ကြိုးမဟုတ်ပါ။ (No Man is above the Law) ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအရ ဆောင်ရွက်ပါသည်ဟု ထုချေမည် ဆိုပါက ဤအခြေခံမူပါ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရမည် မုချဖြစ်သည်။ “ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း” ပြောကြားထားသည့် အကြံပေးချက်များ ရှိသည့်အတွက် အထက်ပါပုဒ်မကို ဥပဒေပြုစု ပြဋ္ဌာန်းသူများ ကိုယ်တိုင် သတိပြု တာဝန်ယူပယ်ဖျက်ရန် ဖြစ်ပါသည်။

ယင်းကိစ္စအတွက် အဓိကတာဝန် ရှိသူများသည် ဤအမျိုးသားပညာရေး ဥပဒေကို ကောင်းစွာသိရှိ၊ နားလည်ပြီး ဖြစ်သည့် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများ၊ ပညာရှင်ကြီးများနှင့် ဥပဒေ ပြုစုပြဋ္ဌာန်းသူများပင် မဟုတ်ပါလော။ အောက်ခြေတွင် အမှန်ဖြစ်ပျက် နေမှု (Real Ground Data) များကို နက်နဲစွာ မဆွေးနွေးကြဘဲ မိမိတို့လိုရာ လုပ်ဆောင်ကြသည်မှာ ပေါ်လွင်ပါသည်။ မည်သူတွင် တာဝန်ရှိပါသလဲ။ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ပင် အခြေခံမူ ပုဒ်မ ၄(ဍ) တွင် ပြဋ္ဌာန်းထားသကဲ့သို့
“ကိုယ်ပိုင်” ဆုံးဖြတ်ဆောင်ရွက်နိုင်မှုနှင့် “ကိုယ်တိုင်” တာဝန်ယူတတ်မှုဖြင့် မိမိတို့ တာဝန်ကို မိမိတို့ ယူကြပါကုန်လော့။

Credit - The Voice Weekly

No comments:

Post a Comment