၁၉၈၅တွင် မြန်မာ့ပညာရေးကို GCE ”O”” Level ဖြစ်ရန် ကြွေးကြော်၍ ၉တန်းတွင် ၀ိဇ္ဇာဘာသာတွဲ မှ ဘောဂ ဗေဒနှင့် သိပ္ပံဘာသာရပ်အားလုံးကို အင်္ဂလိပ်လို စတင်သင်ကြားသည်။ ဘောဂကို အင်္ဂလိပ် လို(၁၀)နှစ်ကြာ သင်ကြားပြီးနောက် တပည့်တို့အပေါ် အကျိုးသက်ရောက်မှု မရှိသည်ကိုတွေ့ရ ၍ ဘောဂ ပါမောက္ခတို့က ၁၉၉၅ မှ ယနေ့အထိ မြန်မာလို ပြောင်းလဲသင်ကြားခဲ့သည်။ နိုင်ငံနှင့်တပည့်တို့ အကျိုးရှိဖို့ ရဲရင့်မှန်ကန်သော ပြုပြင် ချက်ဖြစ်သည်။ ကောင်းမည်ထင်၍ အင်္ဂလိပ်လို စမ်းသပ်သည်။ မှားမှန်းသိ၍ ပြန်ပြောင်း သည်။ တိုင်းပြည်နှင့် လူငယ်ထုအပေါ် ရိုးသားဖြောင့်မတ်သော ဘောဂပညာရှင်တို့၏ သန့်ရှင်းစင်ကြယ်သော စိတ်စေတနာနှင့် ပြည့် ၀သောပညာ၊ ပြောင်းလဲရဲသော သတိ္တကသာဓုခေါ်စရာ။
သို့သော် သက်ဆိုင်ရာ သိပ္ပံပညာရပ် ပါမောက္ခတို့ကား အနှစ် (၃၀)ကြာ မိမိတို့ မွေးထုတ်လိုက်သည့် တပည့် သားမြေးတို့သည် ဆိုင်ရာပညာရပ်တွင် တတ်မြောက်ကျွမ်းကျင်မှု၊ တိုးတက်မှု မရှိဖြစ်သည်ကို တွေ့ပါလျက် ပန်းတိုင်မရောက်နိုင်သော လမ်းကို ဆက်လက်လျှောက်နေကြဆဲ။ ၁၉၈၅ သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ် လို သင်ဖို့ စသောအချိန်တွင် ရွှေမောက်သားတို့သည် ပထမဦးဆုံးသော လေ့ကျင့်ရေး သင်တန်းသားများ ဖြစ်ပါ သည်။ ထိုစဉ်က ယခုပါမောက္ခများမှာ Tutor ဘ၀၊ သင်တန်းတက်စဉ် ကထိကများ စကားဝိုင်းတွင် ဓာတု ဆရာ ကြီး ဦးချစ်တင်က ““သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်တာ မသင့်လျော်ဘူးလို့ ဆရာကြီးတို့က အထက် မတင်ပြဘူးလား။ တစ်နေ့ဆရာကြီးတို့ သမိုင်းတရားခံဖြစ်မယ်””လို့ ကျွန်တော်က ပြောတော့ ဆရာကြီးတွေက “ဟေ့ချစ်တင် ငါတို့ပြောတာ သူတို့က (မဆလ) လုပ်တာ မဟုတ်ဘူး။ သူတို့ခိုင်းတာ ငါတို့လုပ်နေရ တာ””ဟု ပြောသည်ကို မှတ်မိနေပါသည်။
ထိုစဉ်က မဆလအာဏာရှင်တို့ ပညာရေးကို စီမံခန့်ခွဲခဲ့၍ ပညာရှင်တို့ မလုပ်ချင်ဘဲ လုပ်ခဲ့ရသည်ကို နားလည် နိုင်ပါသည်။ သို့သော် ယနေ့ ပွင့်လင်းလာသည့် အချိန်တွင် ယနေ့သိပ္ပံပါမောကတို့က အဘယ်ကြောင့်နှုတ် ဆိတ်နေရပါသနည်း။ တကယ်တော့ ပင်စင်နားနီး ယနေ့ပါမောက္ခတို့နှင့် ရွှေမောက်သားတို့သည် အထက်တန်း နှင့် တက္ကသိုလ်တွင် မြန်မာလိုသင်ခဲ့ကြသည်။ ယနေ့ ပညာမအိုသေးသော ဆရာအိုများ ဖြစ်သည့် ဒေါက်တာ ခင်မောင်ညို၊ ဒေါက်တာ သန်းသန်းငြိမ်း၊ ဒေါက်တာ ဒေါ်ခင်မာထွန်း၊ ဆရာဦးချစ်တင်၊ ဒေါက်တာ တင် အောင်၊ ဒေါက်တာမြအေးအစရှိ ပညာရှင်များ၏ ဆရာတူတပည့်များဖြစ်ပါသည်။
ရွှေမောက်သားတို့နှင့် ယခုပါမောက္ခတို့ မွေးထုတ်လိုက်သော အသက် ၄၅အောက် ယနေ့အထပြနှင့် တက္က သိုလ် ဆရာအများစု၏ ပညာမျက်စိအမြင်အားသည် ချို့တဲ့နေ၍ ၎င်းတို့က တစ်ဖန်မွေးထုတ်လိုက်သော မြေး တပည့်တို့၏ ပညာအားသည် နိုင်ငံ့အတွက် အားကိုးလောက်စရာ မရှိ။ ဆရာ့ ထက် တပည့်လက်စောင်း ထက် စေချင်ပါသည်။ အနှစ် ၃၀စာသင်သက်အရ ရွှေမောက်ထက်ရာထူးနှင့် ဌာနန္တရသာသာမည်။ ပညာမှာမူ အထင် ကြီးလောက်သည့် တပည့်တို့ များများစားစား မရှိရသည်မှာ ဆရာများနှင့် တပည့်တို့ ညံ့၍မဟုတ်။ လွဲမှားသော စနစ် ကြောင့်ဖြစ် သည်။
ယနေ့အချိန်အခါတွင် ရွှေမောက်တို့ သင်ပေးလိုက်သော ၁၉၈၁မှ ကလေးများ အသက် ၄၀ အောက်ရှိပြီး အချို့ မူလယ် ထက်ဆရာ၊ အချို့တက္ကသိုလ်ဆရာ၊ အချို့က ဌာနဆိုင်ရာအသီးသီးမှာ သူတို့သည် လည်းကောင်း၊ ယနေ့ကျောင်းနေဆဲနှင့် ဘွဲ့ရတို့သည်လည်းကောင်း ရွှေမောက်တို့လို အသက် ၆၀အောက်တန်း ဆရာ ၉၀ ရာ ခိုင်နှုန်းသည်လည်းကောင်း အင်္ဂလိပ်စာ အရည်အသွေးမြင့်မားနေသည်ဟု ယနေ့ ပညာရေးစီမံသူတို့ ခိုင်ခိုင် မာမာ ယူဆနေလျှင် ပညာရေးကရေတိမ်မှာ နစ်နေဦးမည်ပင်။
န၀တခေတ်တွင် မူလတန်းအောက် ဆင့် (သူငယ်တန်းမှ ၂ တန်းထိ) ကလေးတို့မှာ အင်္ဂလိပ်စာ ၀န်ပိုရသည့်အထဲ သိပ္ပံလို၊ ဘ၀တစ်သက်တာ သိမှတ်စ ရာလို ဘာသာရပ်တွေက ထပ်ဆောင်းဖိနေပြန်သည်။ ၁၉၆၇မှ ၁၉၈၄ ကာလ မူအောက်ဆင့်၌ ပတ်ဝန်းကျင်လေ့ လာမှု ဘာသာရပ်ကို ဘာသာရပ်တစ်ခုအနေနှင့် မဟုတ်ဘဲ ခရီးသွားဟန် လွှဲသင်ရသည်။ ဤစနစ်က နည်းမှန် သည် ““အဓိက မြန်မာဖတ်စာတွင် သိပ္ပံသဘော၊ သမိုင်း၊ ပထ၀ီတို့ သဘော မသိမသာ သင်ယူရသည်။ ဘာ သာရပ်အနေနှင့် သင်ရခြင်းမျိုး မဟုတ်။ ယခုတော့ အင်္ဂလိပ်စာ ၀န်ထုပ်အပြင် စာမဖတ်တတ် သေးသော ကလေးတို့ကို ဘာသာရပ်အမည်တပ်၍ ထပ်ဆင့်ဝန်ပိုးလိုက်ပြန်သည်။
ရေလောင်းလိုက်လျှင် အပင်ရှင်သန်မည်ဟူသော အဆိုကို တရားသေမှတ်ယူ၍ အပင်ပေါက်ခါစ နုနုနယ်နယ် ကို ရေအများကြီးလောင်းလိုက်လျှင် အပင်ငယ် သေချင်သေစေမည်။ သို့မဟုတ် ကြီးထွားမှု နှေးကွေးသွားမည်။ ထပ်ဆင့် ဥပမာ ပေးချင်ပါသေးသည်။ တစ်စိတ် (၄)ပြီ ဆန့်သည့် တောင်းကို တစ်ခွဲ(၈ပြည်) ထည့် လိုက်ပါက (၄)ပြည်လျှံကျ သွားမည်။ လိုချင်သည့် အရာများလည်း လက်ခံယူသည့် တောင်းတွင် မရနိုင်ပါ။
ပါမောက္ခဆရာကြီး ဦးမော်သန်းကလည်း (အခုဘွဲ့ရသူတွေက ဆရာတို့တုန်းက ဥပစာတန်း လောက်ပဲရှိတယ်။ အခု ခေတ်မာစတာဘွဲ့ရသူက ဆရာတို့တုန်းက (၁၀)တန်းအောင် အဆင့်ပဲရှိတယ်)ဟု ၂၈-၄-၂၀၁၁ ပြည်သူ့ေ ခတ်ဂျာနယ်မှာ ပြောခဲ့သည့်စကားက နည်းတောင်နည်းပါ သေးသည်။ နအဖခေတ် ပုံဖော်ခဲ့သော ပြည်တွင်းဖြစ် Ph.D တို့၏ ပညာအရည်အချင်းကို ၁၀ တန်းအောင်နှင့်အတူ နေ့စား မလပြ အဆင့်အတန်းနှင့် သာ ထိုက်တန်ကြောင်း ၎င်းစီမံခဲ့သူတို့ကပင် နှိမ်ချသတ်မှတ်ခြင်းက ပညာရေးရေချိန် နိမ့်ကျ မှုကိုသွယ်ဝိုက်ဝန် ခံခြင်းပင်။ အမှန်တကယ်လည်း န၀တခေတ် ဘွဲ့ရအများစု B.A, B.Sc, M.A, M.Sc, Ph.D, G.T.C အဆင့်တို့ နှင့် နောက်ဆုံး M.B.B.S တို့ပင် ပညာရေးအရည်အသွေးက နိုင်ငံအတွက် အားကိုးစရာ မရှိပါ။ ဆရာကြီး ဦး မော်သန်းတို့ ခေတ်မဆိုထားနှင့် ရွှေမောက်တို့ မဆလ ခေတ်ကြီးပြင်းရသည့် သူတို့၏ အရည်အသွေးကို ယနေ့ ခေတ် ဘွဲ့ရမာစတာတို့ မမီကြ။ အရည်အချင်းမရှိဘဲနှင့် အတန်းအောင် စနစ်ကျင့်သုံးလိုက်ခြင်းကြောင့် အတန်း အောင် စာမတတ်၊ ဘွဲ့ရစာမတတ်တွေ ထုနှင့် ထည်နှင့် ခိုင်မာနေကြပြီ။
၁။ အင်္ဂလိပ်စာကို သူငယ်တန်းမှစလိုက်၍ ၂။ ၉တန်းမှစကာ သိပ္ပံဘာသာရပ်တို့ အင်္ဂလိပ်လို သင်လိုက်၍ ၃။ B.A, B.Sc တို့တွင် သက်ဆိုင်ရာ ဘာသာရပ်တို့ကို အင်္ဂလိပ်လို သင်လိုက်၍ ဘွဲ့ရလာလျှင် အင်္ဂလိပ်စာတွင် ထက်မြက်မည်ထင်ခဲ့ကြသော စီမံခန့်ခွဲသည့် ပညာရှင်ကြီးများ အနေနှင့် လက်တွေ့မျက်မြင်ကိုကြည့်၍ မှား သောအရာကို ပြင်ရဲဖို့လိုသည်။ ယနေ့ ဘွဲ့ရအနည်းဆုံး ၉၀ ရာခိုင်နှုန်းသည် အင်္ဂလိပ်စာလည်းမကျွမ်း။ ကိုယ် ယူသည့် သက်ဆိုင်ရာ ဘာသာရပ်လည်း မကျွမ်းဖြစ်နေသည်မှာ မိခင်ဘာသာနှင့် မသင်ယူရသောကြောင့် ဖြစ် သည်ကို သိဖို့အချိန် လွန်နေရုံသာမကနှောင်းပင် နှောင်းနေပြီ။
တချို့က ကိုလိုနီခေတ်ကအင်္ဂလိပ်စာ ထူးချွန်ခဲ့သော ဒေါ်ခင်မျိုးချစ်၊ ဦးနု၊ ဦးအောင်ဆန်းနှင့် အိနိ္ဒယမှ စာဆို တဂိုးတို့ အင်္ဂလိပ်စာတော်ကြောင်း သာဓကထုတ်ကာ ပညာရပ်တို့ကို အင်္ဂလိပ်လို သင်သင့် ပါကြောင်း တစ်ယူ သန်ဆန်စွာ ပြောကြသည်။ ထိုသူတို့ အင်္ဂလိပ်စာထူးချွန်သည်မှာ စာပေအနုပညာဘက်တွင် ဖြစ်သည်။ သိပ္ပံ ပညာရပ် နယ်ပယ်တွင် ထူးချွန်ခြင်း မဟုတ်။ ကလေးလူငယ်တို့ ပညာရည်နိမ့်ရခြင်းမှာ ဉာဏ်ရည်ကြောင့် မဟုတ်။ မိခင် စာပေဖြင့် မသင်ယူရ၍ှ Selfstudy မလုပ်နိုင်သောကြောင့်ဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယားတို့ သည် မိခင်စာပေဖြင့် ပညာရပ်အသီးသီးကို လေ့လာ၍ အနောက် ဥရောပတို့ကို အမီလိုက်ကာ သိပ္ပံဖွံ့ဖြိုးမှု အရှိန်မြင့်နေသလို မိခင်ဘာသာစာပေနှင့် အနုပညာတို့လည်း အရှိန်မပျက် ဆက်လက်နေနိုင်သည်။ ရွှေမောက် တို့ နိုင်ငံကသာ ၁၉၈၅ ခုကတည်းက သိပ္ပံဘာသာရပ်တို့ကို အင်္ဂလိပ်လိုလေ့လာ၍ အောင်ချက် ကောင်းမွန်မှု ရည်မှန်းချက်ပြည့်အောင် ဆောင်ရွက်နေပြီး အနောက်ပညာရှင်တို့ကို မီဖို့နေနေသာသာ ဂျပန်၊တရုတ်၊ ကိုရီး ယားတို့နောက်မှာများစွာ ကျန်နေရသည်။ ထို့ပြင် မိခင် မြန်မာစာ တိုးတက်မှုပင် အရှိန်ပျက်နေသည်ကို ၀န်ခံရဲဖို့ လိုသည်။ လွဲမှားသောစနစ်ဖြင့် ဆက်လက်ချီတက် နေဦးမည်ဆိုလျှင်တော့ TB မြန်မာ့ပညာရေးက AIDS စွဲလူနာလို ဖြစ်သွားမည်မှာ အမှန်ဖြစ်သည်။
၁၉၆၇မှ ၁၉၈၃ ထိ မူလယ် မြန်မာစာ သင်ရိုးအားကောင်းပါသည်။ ကဗျာပုဒ်ရေ ထိုက်သင့်သလောက် ပုံစံမျိုးစုံ ပါသည်။ ၀တ္ထု၊ ဆောင်းပါး၊ ပုံပြင်၊ ပြဇာတ်စာပေ၊ ရသသုတဟန် အားလုံးပါသည်။ ရသခံစားမှု မြှင့်တင်ထား သည်။ မူလတန်းတွင် အင်္ဂလိပ်စာ သင်လိုက်သောအခါ ၁၉၈၄ မှစကာ မြန်မာစာပုဒ်ရေများ လျော့နည်း သွား သည်။ (၃)တန်း၊ (၄)တန်း သမိုင်း၊ ပထ၀ီတို့သည် ဖတ်စာစကား ပြေသက်သက်။ ရသဟန်မပါတော့။ အကျိုး ဆက်က အင်္ဂလိပ်စာ ဖျင်းလာသည်။ ရသခံစားမှု အတတ်ပညာချို့တဲ့ လာသည်။ ဆင်ခြင် သုံးသပ်တတ်သော ဉာဏ် ရည်နိမ့်လာသည်။
ရွှေမောက် စာသင်သက် အနှစ်၃၀အရ ပြောလိုပါသည်။ မူလတန်းတွင် အင်္ဂလိပ်စာ သင်ခြင်းနှင့် ၉-၁၀ သိပ္ပံဘာ သာရပ်တို့ကို အင်္ဂလိပ်လိုသင်နေခြင်းက ဆရာကလည်းတတ်၍ သင်ခြင်းမဟုတ်။ မတတ်သူက မသိသူကိုသင် ၍ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်သည့် စွမ်းရည်ဖြစ်မလာ။ ကြက်တူ ရွေးစာသင်နည်းဖြစ်၍ သိရမည့်ပညာရပ် အနှစ်ကိုမရ။ ဆုံးရှုံးမှုက ဉာဏ်ရည်ကျလာသည်။ Mile stone (မိုင်တိုင်စိုက်မှု) မှားနေ၍ သိသင့်သိထိုက်သည် များ သိသင့်သိထိုက်ချိန်မှာ မသိ၍ နောက်ကျကျန်ရစ်သည်။ ပညာရှိဆိုသည်က ပြေးကြည့်ရန် မလို တွေးကြည့် ရုံနှင့်သိသည်ဆိုပါသည်။ ယနေ့ ပြေး၍ကြည့်ရာတွင်ပင် အရာမထင်သည်ကို သိနေရပါလျက် မိမိတို့ အမှားကို မှားမှန်းသိပါလျက် အမှန်ဟု မြင်စေပြီး ဆက်လက်သွားနေမည့် စီမံခန့်ခွဲမှုကို ခံနေရဦးမည့်ကလေးလူငယ်မျိုး ဆက်သစ်တို့သည် သခင်ဘသောင်း ကြွေးကြော်ခဲ့သော မြန်မာစာသည် တို့စာဟူသော စကားကို ပြက်ရယ်ပြု နေကြလိမ့်မည် ထင်ပါသည်။
ကိုဌေး(နတ်မောက်)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment