Wednesday, December 3, 2014

တွေ့ဆုံဆွေးနွေးမှုများတွင် သာယာခြင်း


ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်က တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကို အမှတ်ရမိသည်။ ထိုကမ်းလှမ်းချက်ကို ‘ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ’ အနေနှင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ကမ်းလှမ်းချက် ငါးချက်အနက် တတိယအချက် ဖြစ်သည့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်ဆိုသော အယူအဆသည် နှစ်ဖက် ဆွေးနွေးသူများတွင် အချေအတင် အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်။


တော်လှန်ရေး ကောင်စီဘက်က ‘တစ်ဖက်နှင့်တစ်ဖက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်မျိုး အလျှင်းမပါဘဲ တိုင်းပြည်၏ ပကတိ အခြေအနေကို မျက်မှောက်ပြု၍ လက်တွေ့ကျကျ ဆွေးနွေးဖြေရှင်းသော နည်းကို လက်နက်ကိုင် တောတွင်း အင်အားစုများက သဘောတူ လက်ခံကြမည် ဆိုပါက တော်လှန်ရေး ကောင်စီသည် နိုင်ငံရေးကြောင့် လည်းကောင်း၊ လူမျိုးရေးကြောင့် လည်းကောင်း မည်သည့် အကြောင်းနှင့်ပင်ဖြစ်စေ တောတွင်း၌ ရောက်ရှိနေကြသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်မဆို တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း’ ဆိုသည့်အချက်ကို ထုတ်ပြန်သည့် အထဲတွင် တွေ့ရသည်။

ယင်းအချက်နှင့် ပတ်သက်ပြီး ကွန်မြူနစ်ပါတီဘက်မှ တုံ့ပြန်ချက်ကလည်း စိတ်ဝင်စားစရာ ကောင်းခဲ့သည်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ‘အစည်းအဝေး တစ်ရပ်တွင် မည်သည့် အချက်များကို အခြေခံ ဆွေးနွေးမည်၊ မည်သည့် အစီအစဉ်နှင့် ဆွေးနွေးမည်ဟူ၍ မရှိဘဲ အစည်းအဝေးလုပ်၍ မဖြစ်နိုင်ပါ။ ဤအခြေခံများနှင့် အစီအစဉ်ကို အစည်းအဝေး တက်သူများ ကြိုတင် သိထားဖို့၊ ကြိုတင်စဉ်းစားဖို့ လိုပါမည်။ မျက်နှာချင်းဆုံမိမှ အသီးသီးက မိမိတို့ အခြေခံများ တင်ပြနေကြလျှင် တစ်ဖက်သားအဖို့ လုံလောက်သော စဉ်းစားချိန် မပေးဘဲ အကျပ်ကိုင်ပြီး လက်ခံခိုင်းသလို ဖြစ်နိုင်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် သံသယများ ဖြစ်ပေါ်စေနိုင်ပါသည်’ ဟု တုံ့ပြန်သည်။

တော်လှန်ရေးကောင်စီ ဘက်ကလည်း ‘တော်လှန်ရေး ကောင်စီတွင် ယနေ့အထိ ပြည်တွင်း ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုချင်တောင့်တနေသည့် အခြေခံမှတစ်ပါး မည်သည့် အချက်အလက်များကို မူတည်၍ ဆွေးနွေးမည်ဟု ကြိုတင် သတ်မှတ်ထားခြင်း မရှိပါ’ ဟု ပြန်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၅၆ ခုနှစ်ကတစ်ကြိမ် ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းခဲ့ကြဖူးသည်။ သို့သော် အစိုးရက လျှော့လိုက်၊ တောတွင်းက တင်းလိုက်နှင့် သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်ကာ ဖဆပလ မကွဲမီအချိန်အထိ ထိန်းထားနိုင်ခဲ့သေးသော်လည်း နောက်ပိုင်း ကွဲခဲ့သည်သာ ဖြစ်သည်။ ငြိမ်းချမ်းရေးကို မလိုလားဘဲ၊ ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်အောင် လုပ်ရန် ဦးတည်ချက် မထားဘဲ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းများသည် အောင်မြင်မှု မရှိခဲ့ကြောင်း သမိုင်းသက်သေ ရှိခဲ့သည်။

တော်လှန်ရေးကောင်စီက တွေ့ဆုံဆွေးနွေးရာတွင် ‘အတိတ်၏ အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့ခြင်းမျိုးကို ရှောင်ကြဉ်ပြီး အမြတ်ထွက်မှဟူသော သဘောမျိုးမထားဘဲ အလုပ်သမား၊ လယ်သမားနှင့် လုပ်သားပြည်သူတို့ အကျိုးကိုသာ အာရုံစိုက် လုပ်ကိုင်သွားကြရန်’ ဟု ကမ်းလှမ်း ထားသည်ကိုလည်း တွေ့ရသည်။

၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် တော်လှန်ရေးကောင်စီ၏ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသို့ ကမ်းလှမ်းချက်သည် စေတနာ ပါခဲ့ရိုးမှန်လျှင် ထိုစဉ်ကတည်းက ငြိမ်းချမ်းရေး ရလောက်သည်။ သို့သော် မြန်မာ့သမိုင်းတွင် ပြည်တွင်း ငြိမ်းချမ်းရေးအား နိုင်ငံရေးနည်းဖြင့် အကြီးကျယ်ဆုံး ဖြေရှင်းပွဲကြီးကလည်း အောင်မြင်ခြင်း မရှိခဲ့သည့်အပြင် သမိုင်းတွင် သွေးစွန်းစေခဲ့သော ရလဒ်များ ထွက်ခဲ့သည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး ပြန်သွားသော ကွန်မြူနစ်ခေါင်းဆောင်အချို့ သတ်ဖြတ်ခံရသည်။ တော်လှန်ရေး ကောင်စီကလည်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မဖြစ်နိုင်ဆိုသော အချက်ကို အခိုင်အမာ ကိုင်ထားလိုက်နိုင်သည်။ တွေ့ဆုံဆွေးနွေးပွဲများ၏ နောက်ကွယ်တွင် အလှည့်အပြောင်းတွေက များလှသည်။ အတိတ်ကို သင်ခန်းစာယူခဲ့ရသော် ယနေ့တိုင် တွေ့ဆုံ ဆွေးနွေးမှုတိုင်းတွင် ပြည်သူတွေ မျှော်လင့်သောအဖြေ မရနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည်ပင် မြန်မာနိုင်ငံ၏ အတိတ်ကံမကောင်း အကြောင်းမလှခဲ့ခြင်းလော၊ ပစ္စုပ္ပန်ကာလအထိ ဆွေးနွေး အဖြေရှာနေရခြင်းကိုပင် သာယာနေခြင်းလောဟု စောကြောစရာ ရှိသည်။

အယ်ဒီတာ (၂-၁၂-၂၀၁၄)

----------------------------
Editorial, The Voice Daily Vol-2/No-200 (#voiceeditorial)

No comments:

Post a Comment