Saturday, December 6, 2014

အခြေခံလူတန်းစားများ တန်ဖိုးနည်းအိမ်ရာ နှစ်ရှည်ဘဏ် ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်

 ရန်ကုန်၊ ဒီဇင်ဘာ ၅- ပြည်တွင်းပြည် ပဘဏ်များမှ နှစ်ရှည်ဘဏ်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများကို အခြေခံလူတန်းစားများဝယ်ယူခွင့်ပြုရန်အဆိုကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာအဆိုပါ အဆိုရှုံးနိမ့်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူရောင်းချပေးနေသည့် တန်ဖိုး နည်းအိမ်ရာများသည် အခြေခံလူတန်းစားပြည်သူများဝယ်ယူရန် လက်လှမ်း မမီသည့်ဈေးနှုန်းများ ဖြစ်နေသဖြင့် ပြည်တွင်ဘဏ်များ(သို့မဟုတ်) နိုင်ငံတကာ ဘဏ်များဖြင့် ချိတ်ဆက်ကာနှစ်ရှည်ချေးငွေဖြင့် ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့အား
တိုက်တွန်းကြောင်း အဆိုကိုတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို ဒီဇင်ဘာ ၅ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပဘဏ်များမှ နှစ်ရှည်ချေးငွေစနစ်ဖြင့်တန်ဖိုးနည်းအိမ်ရာများကို အခြေခံလူတန်းစား များ ဝယ်ယူခွင့်ပြုရန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်ကိစ္စမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦးကျော်စိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ပိုင်ခွင့်မရှိဟု တိုင်းအစိုးရ၏ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ် ညိုညိုသင်းက ''သားသမီးက ဒုက္ခရောက်နေရင် မျက်နှာလွှဲပြီးနေလို့မရတာ မိဘပါ။ သားသမီးနဲ့တူတဲ့ပြည်သူတွေဒုက္ခရောက်နေပြီဆိုရင် မျက်နှာလွှဲပြီးနေလို့ မရတာ မိဘနဲ့တူတဲ့အစိုးရပါ။ နိုင်ငံတော်သမ္မတကြီးကလဲ ပြည်သူတွေရဲ့လို အပ်ချက်နဲ့အညီ အိမ်ရာအလုပ်ရုံ ဆွေးနွေးပွဲမှာပြည်သူတွေရဲ့အိုးအိမ် လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့သမ္မတကြီး သည်ပင်လျှင် တာဝန်ယူစိတ်၊ တာဝန်ခံစိတ်နဲ့ ပြည်သူတွေအတွက် ဘာလုပ်ပေးရမယ်ဆိုတာပြောသွားပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြား ချက်တွေကို ထပ်ပြီးတော့ပြောကြားရမယ်ဆိုရင် အိုးမဲအိမ်မဲ့ပြည်သူတွေ ကိုနေရာချထားပေးဖို့လုပ်ရမယ်လို့ ပြောထားပါတယ်။ အိုးမဲ့အိမ်မဲ့များ ကိုတောင်မှနေရာချထားပေးဖို့နိုင်ငံ ဦးသျှောင်သမ္မတကြီးက စဉ်းစားပေးနေ တဲ့အချိန်မှာ ဘာကြောင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့မစဉ်းစားတာလဲ မိမိတာဝန်ယူထားတဲ့လုပ်ငန်းများ မိမိတာဝန်ခံထားတဲ့ကဏ္ဍများကို တာဝန်ယူ စိတ်တာဝန်ခံစိတ်အပြည့်ရှိစေချင်ပါတယ်''ဟု ဒေါက်တာ ညိုညိုသင်းက ပြော သည်။

''လုပ်ထုံးလုပ်နည်းဆိုင်ရာတွေမှာ အငြင်းပွားမနေဘဲနဲ့ ဆင်ခြေဆင်လက်တွေ မထားဘဲနဲ့ ငါတို့ရတဲ့ နည်းလမ်းနဲ့ဖြစ်အောင်လုပ်မယ်။ ငါတို့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ ပထမအကြိမ် အရပ်သား အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်တဲ့အချိန်မှာ ငါတို့ကို ဒီလိုအိမ်ရာတွေ တည်ဆောက်ပေး ခဲ့တယ်။ ဘယ်လို ဝယ်ယူခဲ့ရသလဲ ဆိုတာကို ပြည်သူတွေရဲ့လက်ထဲမှာ မိမိတို့ သမိုင်းကိုထားခဲ့ကြရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကို ကျွန်မအနေနဲ့ လုံးဝငြင်းဆိုပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်လို့ရပါတယ်''ဟုယင်းက ဆက်လက်ပြောသည်။

ယင်းကဆက်လက်ပြီး အဆိုအ ပေါ်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုကို ခံယူမည်ဟု ပြောကြားခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ခွင့်ပြုပြီး လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်အများက အတည်ပြုရန် သဘောမတူကြောင်း မတ်တတ်ရပ်ကန့်ကွက်ခဲ့သဖြင့် အဆိုမှာရှုံးနိမ့်ခဲ့ရသည်။

''တန်ဖိုးနည်းအိမ်ရာတွေကို အိမ်ငှားခသက်သက်သာသာနဲ့ ဘဏ်တွေနဲ့ချိတ် ဆက်ပြီး ရောင်းချမယ်ဆိုရင် ကောင်းမွန်ပါတယ်။ မဖြစ်နိုင်တဲ့ ဘက်ကနေပဲ မစဉ်းစားစေချင်ပါဘူး''ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုး ကပြောသည်။

''မြို့သစ်စီမံကိန်းကိုတောင် လုပ်ဖို့လုပ်သေးတာပဲ။ ဒါကိုလုပ်ဖို့က ဘာမှမထူး ဆန်းဘူး။ တစ်ခုတော့ ရှိတာပေါ့လေ အစိုးရသက်တမ်းက တစ်နှစ်ပဲကျန်တော့ တယ်ဆိုတော့ သူတို့အလုပ်ရှုပ်မှာကို စိုးတဲ့သဘောပေါ့။ ဖြောင့်ဖြောင့်တန်းတန်း အကောင်အထည်ဖော်လို့ရမယ့်လုပ်ငန်းမျိုးပဲ လုပ်ချင်မှာပေါ့လေ။ ခက်ခက်ခဲခဲ မလုပ်ချင်ဘူးဆိုတဲ့သဘောမျိုးပေါ့''ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော် အပြီးသတင်းမီဒီယာများကိုပြောသည်။

YM
‪#‎Democracytoday‬

No comments:

Post a Comment