Written by - ရဲထွတ်နီ
“စကားပီ နားကြား” ရယ်လို့ စကားအသုံးကို အနီးစခန်း ဆရာတော်ကြီးရဲ့ တရားတော်တစ်ပုဒ်မှာ စကြားဖူးတယ် မှတ်ပါတယ်။ စကားကိုလည်း ပီပီသသပြောတယ်။ နားကလည်း အကြားကောင်းတယ်ဆိုတဲ့ စကားလုံးအရှိ အဓိပ္ပာယ်အပြင် စကားကောင်းပြောဆိုသလို နားလည်သဘောပေါက်မှုရှိတယ်။ ကောင်းတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်ကိုလည်း ပြောဆိုတာဖြစ်မှာလို့ ကိုယ့်ဟာကိုယ်မှတ်ယူပြီး စကားအသုံးကို နှစ်သက်စရာဆိုပြီး မှတ်သားထားမိပါတယ်။
ကွယ်လွန်သူ ဆရာလူထုစိန်ဝင်းရဲ့ “ပျောက်ကွယ်လုနီးပါး မြန်မာစကားများ၊ နန်းစကား မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား” စာအုပ်ကို ဖတ်ရတော့ ဆောင်းပါးအမှတ် (၆) အမှတ်စဉ် (၉ဝ)မြောက်စကားမှာ “စကားသီ နားကြား” လို့ တွေ့ရပါတယ်။ အဓိပ္ပာယ်ကလည်း စကားတတ်သူရဲ့ စကားသံတွေမှာ ကြီးပြင်းလာရ အလေ့အကျင့် ဖြစ်လာရတာလို့ ဆိုပါတယ်။
ဆရာလူထုစိန်ဝင်းက ဒေါ်ဒေါ်မာ (အမေလူထုဒေါ်အမာ)ရဲ့ ဆရာကြီး မြမျိုးလွင် အကြောင်းရေးရာမှာ စကားတတ်သူ မိခင်ကြီးထံမှာ ကြီးပြင်းရလို့ “စကားသီနားကြား” လို့သုံးတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီလိုအသိဗဟုသုတကောင်း ရရှိလို့ အမေတို့ ဆရာတို့ကို ကျေးဇူးတင်မိပါတယ်။
နားလည်သဘောပေါက်မှု ကောင်းအောင်၊ နားလည်မှုရှိသွားအောင် စကားကောင်းကို ပြောဆိုအပ်ပါတယ်။ နားကလည်း ကြားမိအောင် နားစိုက်ထောင်အပ်တာမို့ အခုတလော “နားနဲ့စကား၊ စကားနဲ့နား” ဆိုတာ အဓိပ္ပာယ်တွေ ရှာမိပါတယ်။
“မင်းရဲ့နားက မကြားဘူးလား”
အသံခပ်မာမာ ခပ်ပြင်းပြင်းနဲ့ ပြောလိုက် တဲ့ ဒီစကားက ခပ်ပေပေဖြစ်ဖြစ် ယောင်နနဖြစ်ဖြစ် လုပ်နေတတ်တဲ့အခါ လူကြီးမိဘလုပ်တဲ့သူ၊ ဆရာလုပ်တဲ့သူက သားသမီး၊ တပည့်၊ လူငယ်ကို ပြောတတ်ကြတဲ့ စကားပါ။ အပြောခံရသူဟာ နားအကြားကောင်းမွန်မှန်း ပြောတဲ့သူက သိပါတယ်။ သိလျက်နဲ့ အခုလို စိတ်ထွက်ပြီး ပြောဆိုလိုက်တာက အပြောခံရသူဟာ တစ်စုံတစ်ခုကို မတုံ့ပြန် မပြုမူလို့ဘဲ မဟုတ်ပါလား။ လူကြီးကို မတုံ့ပြန်မပြုမူဘဲနေတဲ့ သားသမီးတပည့် လူငယ်ကလည်း အကြောင်းတစ်ခုခုနဲ့ သူ့ရဲ့ဆန္ဒကိုပြတယ်။ ဒီတော့ လူကြီးလုပ်သူကလည်း သူစိတ်ထွက်လာတာကို စကားသံခပ်ပြင်းပြင်းနဲ့ ဖော်ထုတ်ပါတော့တယ်။
လူကြီးနဲ့ လူငယ် နမူနာအတိုင်းပဲ လူထုနဲ့ လူထုကို အလွန်အုပ်စိုး အုပ်ချုပ်ချင်နေသူတွေ ဒီလိုပုံပမာမျိုး ဖြစ်နေကြရင် ယဉ်ကျေးသိမ်မွေ့လှတဲ့ နန်းစကား မန်းစကား မြန်မာစကားတစ်ခွန်းဖြစ်တဲ့ “စကားသီ နားကြား” ဖြစ်ကြပါဦးမလား။
“ဒီလူကလေး၊ ဒီလုံမကလေးက မိဘစကား နားထောင်တယ်ကွဲ့”
ဒီစကားရဲ့ ဆိုလိုရင်းအဓိပ္ပာယ်က ပြောဆိုနေတာကို နားစွင့်နားထောင်နေတယ်လို့ ဆိုတာမဟုတ်။ မိဘလူကြီးတို့ရဲ့ စကားကို မှတ်သားနာယူလိုက်နာတယ်လို့ ဆိုတာပါ။ တစ်ခါတစ်ခွန်း ပြောဆိုဖူးရုံနဲ့ လိုက်နာတတ်ကြရဲ့ မဟုတ်လားခင်ဗျာ။ အဲဒီလိုနားမျိုးက စကားကောင်း စကားမှန်ဖြစ်လို့ တစ်ခါတစ်ခွန်းကြားရုံနဲ့ လိုက်နာကြတာပါ။
စကားဆိုတာက “အနက်အဓိပ္ပာယ်ရှိသော နှုတ်မြွက်သံ” လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။
နားကိုတော့ “အသံကို ကြားတတ်သော အာရုံခံအင်္ဂါ” လို့ ဖွင့်ဆိုပါတယ်။
ပုထုဇဉ်ပီပီ ကျွန်တော်တို့ရဲ့နားတွေက နားဝင်ပီယံဆိုတဲ့ နားဝင်ချိုတဲ့စကားကိုပဲ ကြားချင်တတ်ကြပါတယ်။ နားခါးတယ်ဆိုတာက မကြားချင်ဖြစ်တာ၊ ကြားရသည်မှာ မနှစ်သက်စရာဖြစ်တာလို့ ဆိုသလို အခုတလောမှာ နားခါးလှတဲ့ စကားတွေကိုလည်း ဟောတစ်ခွန်း ဟောတစ်ခွန်းဆိုသလို ကြားကြားနေကြတယ် မဟုတ်လားခင်ဗျ။ ကြားနေကြတဲ့နားတွေက မကြားချင်ဖြစ်တာ။ ကြားရတာကို မနှစ်သက်စရာ ဖြစ်ကြရတာဟာ အခုတစ်မျိုးပြောလိုက်၊ တော်တော်ကြာတစ်မျိုး ပြောလိုက်နဲ့ လူထုအများစုကြီးရဲ့ ဆန္ဒသဘောထားနဲ့အညီ မဟုတ်ဘဲ ပြောဆိုနေကြတော့ နားခါးကြရတာပဲ မဟုတ်လားဗျာ။ ကြာတော့ နားကြားပြင်းကတ်သတဲ့။ ဒီစကားရှိလေရဲ့။ အဓိပ္ပာယ်က နားကိုမထောင်ချင် တော့တာဖြစ်တယ်လို့ ဖွင့်ပါတယ်။ တစ်ခါ နားအသုံးအနှုန်း တစ်လုံးက “နားလှည့်ပါးလှည့်” (နလှဲ့ပလှဲ့) တဲ့။ လိမ်လည်လှည့်ပတ် နေတယ်လို့ ဆိုပါတယ်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ရဲ့ မဟုတ်မမှန် ယုတ်ညံ့တဲ့ အကျိုးအတွက် အချိန်ဆွဲနေတာမျိုးပေါ့။
တာဝန်ရှိတဲ့သူ တာဝန်ယူရတဲ့လူကြီး ဆိုတာဟာ စကားကို ဗလောင်းဗလဲ မပြောအပ်ပါဘူး။ ဗလောင်းဗလဲဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပာယ်က တစ်သမတ်တည်းမဟုတ်၊ အမျိုးမျိုးပြောင်းလဲလျက် (ပြုမူပြောဆိုသည်) လို့ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဘယ်နေရာဘယ်ဌာန ဘယ်လိုအဆောင်အခန်းတွေမှာ ဘယ်လိုလူတွေက ဘယ်အချိန်အခါမှာ ဘယ်လိုမျိုး ဗလောင်းဗလဲစကားတွေ နှုတ်မြွက်သံ ပြုနေကြသလဲခင်ဗျာ။ မိသားစု နေအိမ်မှာလား။ လမ်းထဲအရပ်ထဲမှာလား၊ သင်္ဘောဆိပ်၊ ကားမှတ်တိုင်၊ ဘူတာရုံနဲ့ ဈေးတန်းထဲမှာလား၊ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာပေါ်စေတဲ့ မိုက်ခွက်ရှေ့ကလား၊ ခန်းမကြီးထဲက စားပွဲကြီးထိပ်ကလား။ ဘယ်ကပဲဖြစ်ဖြစ် ဗလောင်းဗလဲဆိုရင်တော့ နားခါးစရာ နားကြားပြင်းကတ်နေစရာ ပဲပေါ့ခင်ဗျာ။
“နားကလောတယ်” တဲ့။ နားမခံသာ ဖြစ်တယ်လို့ပြောပါတယ်။ အလှူခံတဲ့ အသံချဲ့စက်အသံ ကျယ်လောင်လွန်းတော့ နားမခံသာ ဖြစ်ကြရပါတယ်။ ကိုယ်လှူလိုက်တဲ့အကြောင်း အလွန်လူသိခံချင် ကြတဲ့အတွက် အလှူခံကြော်ငြာ ပေးသူကလည်း အကျယ်ကြီးသုံးခါဆိုသလို မြေးမြစ်တီတွတ်အထိ မိသားစုနာမည်တွေ ထည့်အော်ကြော်ငြာပေးတော့ ကျန်လူအများမှာ နားကလောကြရပါတယ်။ ဪ ကြေညာပေးတဲ့သူနဲ့ နာမည်ကြော်ငြာခံချင်သူ တချို့တချို့တော့ သဘောကျနေကြမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဆီမှာတော့ နားကလောချင် ကလောပါစေဆိုတဲ့ အစားမျိုးတွေလည်း ရှိတာပါပဲလို့ မှတ်ကြရပါလိမ့်မယ်။
“စကား” ကို ပါဠိလို “ဝစန” လို့ဆိုပါတယ်။ “ဗုဒ္ဓပါဝစန” က ဘုရားရဲ့မြတ်သော စကားတော်လို့ ဆိုပါတယ်။ မုသာဝါဒက လိမ်လည်ပြောဆိုခြင်း ဖြစ်တယ်ဆိုတာကို အားလုံးက သိကြပါတယ်။ ကျွန်တော်တို့ဆီမှာ လိမ်လည်ပြောဆို ဖုံးကွယ်လိုမှုတွေလည်း များနေသလားလို့ပါ။ တစ်ခါတစ်ခါလား၊ အကြိမ်များစွာလို့ပဲ ဆိုရမလား။ အရှုပ်အထွေးပြဿနာ ဖြစ်ပေါ်စေတယ်လို့ အဓိပ္ပာယ်ရှိတဲ့ “စကေားပေါက် စကားစ” မျိုးတွေကိုလည်း ပြောကြားတတ်ကြရဲ့လို့ ခံစားမိပါတယ်။
နားတွေရှုပ်အောင်လည်း ကြံဖန်ပြောတတ်ကြတော့ နားလည်ယောင်သွားတတ်လို့ သတိထားကြဖို့ ပြောချင်ပါတယ်။ နားယောင်တယ်ဆိုတာက မဟုတ်မမှန်ပြောဆိုတာကို အဟုတ်အမှန်လို့ မှတ်ယူတာဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒါကြောင့်မို့ နားမယောင်ကြပါနဲ့။ နားမယောင်ကြပါနဲ့လို့ ဟောပြောကြ၊ ရေးသားကြနဲ့ ဖြစ်ပါတယ်ခင်ဗျာ။ စကားခပ်ရိုင်းရိုင်းကို ရင့်ရင့်သီးသီးနဲ့ တိုင်းထွာဆဲရေးပြောလေ့ ရှိကြရင် နားယဉ်သွားတတ်တဲ့အတွက် နားက ကြားလိုက်တာနဲ့လိုက်ပြီး မှတ်ယူရမယ့် စကားမဟုတ်ဘူးဆိုပြီး သတိပြုရလွန်းလို့လည်း ရိုးလာပါပြီခင်ဗျာ။
“ကုလားဖန်ထိုးတယ်” ဆိုတာက ဖဲစကားပါ။ အနက်တစ်ခုက လိုရာရအောင် အကွက်ဆင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိပြီး၊ “စကားဖန်ထိုး” ပြီဆိုရင်လည်း လိုရာကို သိုင်းဝိုင်း ပြောဆိုတာပါတဲ့။ တိုက်ရိုက်မဟုတ်၊ သွယ်ဝိုက်တဲ့ စကားပရိယာယ် ကြွယ်လှတာမို့ ကျွန်တော်တို့ရဲ့ စကားတွေက အလင်္ကာတောင် မြောက်လို့နေပါတော့တယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒ ကိုယ်လိုလားတဲ့ သဘောထားနဲ့ မတူညီတဲ့တိုင်အောင် လူအများစုကြီးရဲ့ စကားသံတွေကို ရွှေနားတော် လေချော်နေလိုက်ဖို့ ဆိုတာလည်း ခုအခါမှာ ကျင့်အပ်ရာ မဟုတ်ကြောင်း စကားကောင်းအသံကို ဟစ်ဆိုရကြောင်းပါ။
Credit - Eleven Media Group
No comments:
Post a Comment