ထွန်းအောင်ကျော်၊ ၈၈မျိုးဆက်(စက်မှုတက္ကသိုလ်)
''ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ...''
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ထဲတွင် ငယ်စဉ်ကပင် ကျက်မှတ်ခဲ့ဖူးသော ဗိုလ်ချုပ်နှင့် ပတ်သက်သည့် ကဗျာ တစ်ပုဒ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဗိုလ်ချုပ်ဟုဆို လိုက်သည်နှင့် အောင်ဆန်းရဲ့အမည်ကို တွဲမြင်မိရ လောက် အောင်ထိ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍက ကြီးမား လွန်းလှတယ်။ လူကြီး၊ လူငယ်၊ အယုတ်၊ အလတ်၊ အ မြတ်မရွေး ဗိုလ်ချုပ်ကို ကြည်ညို လေးစား ကြတယ်။ အား ကျကြတယ်။ အတုနမူနာယူလိုကြသည်။ ဗိုလ်ချုပ်အ ကြောင်းကို
စာဖွဲ့မဆုံးနိုင်၊ မောမဆုံးနိုင် ပြန်ပြောင်း ပြောပြရင်း နှမြောတသဖြစ်ကာ ယူကျုံးမရဖြစ်ကြရပါ တယ်။ အသက်အရွယ်နဲ့ မမျှအောင် တိုင်းပြည်လွတ် လပ်ရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သော ဗိုလ် ချုပ်၊ ဗမာ့တပ်မတော်ကို စတင်တည်ထောင် ခဲ့သော တပ် မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာနှင့် ကိုယ်ကျိုး မငဲ့ဘဲ တိုင်းပြည်အတွက် အသက်ပေးခဲ့သော ဗိုလ်ချုပ်။ ကိုလိုနီခေတ် ကျောင်းသား ဘဝက ခေတ်ပညာတတ် ကျောင်းသားခေါင်းဆောင်ကောင်း၊ တပ်မတော်ဖွဲ့ တော့ စစ်ခေါင်းဆောင်ကောင်း၊ ဖဆပလဖွဲ့တော့ နိုင်ငံရေး ခေါင်းဆောင် ကောင်း၊ စာပေသမားကောင်း၊ မျိုးချစ်စိတ် ဓာတ်ပြည့်ဝသော နိုင်ငံ့သား ကောင်းကြီးပီသခဲ့သူ၊ ပင် ကိုဗီဇအရ စိတ်တိုတတ်ပေမယ့်လည်း နိုင်ငံလွတ်လပ် ရေးအတွက် စိတ်ရှည်သည်းခံကာ လှုံ့ဆော်တတ်သူ၊ စည်းရုံးရေးသမား ကောင်းပီ သစွာဖြင့် နိုင်ငံအတွက် အ လုပ်ဖြင့် သက်သေပြသွားခဲ့သူ၊ မိမိကိုယ်ကို နှိမ့်ချတတ် သူ၊ ခြိုးခြံချွေတာပြီး အခွင့်အရေးမယူတတ်သူ၊ တစ် နပ်စားအကြံဖြင့် လုပ်ဆောင်လိုစိတ်အလျှင်းမရှိဘဲ တိုင်း ပြည်လွတ်လပ်ရေး တစ်ခုတည်းကိုသာ မူဝါဒတစ်ခုသ ဖွယ် သတ်မှတ်ပြီး ပုံဖော်ဆောင်ရွက်နိုင်ခဲ့ လေသူ၊ မြန် မာ့လူ့ဘောင်အသိုင်းအဝိုင်းတွင် ဒီလိုပုဂ္ဂိုလ်ထူးကြီး ပေါ်ပေါက်ခဲ့ သည်မှာ အလွန်အံ့သြစရာကောင်းတဲ့ဖြစ် ရပ်တစ်ခုလို့ပဲမြင်မိ ပါတယ်။
ကွယ်လွန်ချိန်က ၃၂ နှစ်နှင့် ၁၅၆ ရက်သာရှိသေး သော လူလတ်ပိုင်းဟု ဆိုနိုင်ရုံမျှအရွယ်။ အကြွေစော ခဲ့ရသော ခေါင်းဆောင်ကောင်းတစ်ဦးအတွက် တစ် တိုင်းပြည်လုံး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုလို သ ဘောထားကာ ကြေကွဲ ခံစားခဲ့ကြရပါတယ်။ လွတ်လပ် ရေးမရမီကပင် ကြေကွဲဝမ်းနည်းမှု၊ ပူဆွေးသော ကဖြင့် စတင်ခဲ့ရသော ကျွန်တော်တို့နိုင်ငံအတွက် ယခုအချိန် ထိပင် ပူဆွေး သော ကမှ ကင်းလွတ်နိုင်ပြီလားဆိုတဲ့အချက် ကဝေးဝါးဆဲပါပဲ။ ရက်ကိုလစား၊ နှစ်လရာသီတွေရဲ့ မမြဲသောပြောင်းလဲခြင်း သဘောတရားတွေနဲ့အတူ ဗိုလ်ချုပ်လည်း နှစ်တစ်ရာပြည့်ခဲ့ပါပြီ။ ''သေသောသူ ကြာရင်မေ့''ဆိုတဲ့ စကားဟာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးအ တွက်တော့ မမှန်၊ ဗိုလ်ချုပ်ရဲ့ အခန်း ကဏ္ဍတွေ ကိုဆယ် စုနှစ်ပေါင်းအတော်ကြာသည်အထိ ဘက်ပေါင်းစုံကမှေး မှိန်သွားအောင် ကြံစည်လုပ်ဆောင်ခဲ့ဖူးကြသည်။ သို့ ရာတွင် ဗိုလ်ချုပ်က ပတ္တမြားမှန်လို့ နွံမနစ်ခဲ့ဟုဆိုရမည် ပင်။ မှေးမှိန်ပျောက်ကွယ်သွားအောင် နည်းပေါင်းစုံဖြင့် ကြံစည်လုပ်ဆောင်မှုများအလယ်မှာ ဗိုလ်ချုပ်သည်မ မှေးမှိန် ခဲ့၊ ပြည်သူလူထုရဲ့ ရင်ထဲမှာကိန်းဝပ်ရှင်သန်နေ သော ခေါင်းဆောင်အဖြစ် ထာဝစဉ်တည်ရှိနေဆဲ။ တ ကယ်တော့ ဗိုလ်ချုပ်ဟာ ပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသား ကို အစဉ်ပိုင်ဆိုင်ခဲ့သူပါပဲ။ ခေတ်အဆက်ဆက်လည်း ပိုင်ဆိုင်နေ လိမ့်မယ်လို့ ယုံကြည်ပါတယ်။
(၂၅)နှစ်မြောက်ကို ငွေရတု၊ (၃၅)နှစ်မြောက်ကို ကျောက်စိမ်းရတု၊ နှစ်(၅ဝ)မြောက်ကို ရွှေရတု၊ နှစ်(၆ဝ) မြောက်ကို ပတ္တမြားရတု၊ (၇၅)နှစ်မြောက်ကို စိန်ရတု လို့ ရတနာများကဲ့သို့ အမြတ်တနိုးတန်ဖိုးထားကာ ရှေး လူကြီးသူမများ က သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါပေ မဲ့ နှစ်(၁ဝဝ)မြောက်ကိုတော့ ဘယ်လို ရတနာမျိုးနဲ့တင် စားပြီး သတ်မှတ်ရမလဲ၊ ကျွန်တော်မတွေးတတ်ပါဘူး၊ ၂ဝဝ၇ ခုနှစ်ဝန်းကျင်ကပေါ်ပေါက်ခဲ့တဲ့ မင်္ဂလာဆောင် အခွေတစ်ခုကြောင့် ''စိန်စီသောရတု'' ဟု သတ်မှတ်လျှင် လည်း သင့်တော်မည်မထင်၊ ဘာပဲဖြစ်ဖြစ် ဒီလိုပုဂ္ဂိုလ် ထူးကြီးမွေးဖွားပေါ်ပေါက်ခဲ့သည်မှာ နှစ် ၁ဝဝ တိုင်ခဲ့ ပါပြီ။
''လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သမိုင်းကသူ့အ ပေါ်ကို တင်ပေးလိုက်တဲ့ တာဝန်တွေကို ဘယ်လောက် ထိကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သလဲဆိုတဲ့ အချက် ပေါ်မူတည်တယ်''လို့ ဆရာဗန်းမော်တင်အောင်ရဲ့ အ ဆိုအမိန့်ကို မှတ်သားဖူးပါတယ်။ ဗိုလ်ချုပ်ဟာ သမိုင်း က တင်ပေးလိုက်တဲ့တာဝန်တွေကို အကျေပွန်ဆုံးထမ်း ဆောင်နိုင်ခဲ့တဲ့သူပါပဲ၊ လွတ်လပ်ရေးအတွက် တောင် တန်း ပြည်မပူးပေါင်းရယူဖို့အရေးဟာလိုအပ်ချက်တစ် ခုလို့ ထင်မြင်ယုံကြည်တဲ့ အတွက် ဘယ်သူရဲ့ဖိတ်ခေါ် ချက်ကိုမှ ထိုင်မစောင့်ဘဲ တောင်တန်းပြည် မပူးပေါင်းရေး ကြွေးကြော်ပြီး တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ကိုယ် တိုင်အရယူကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို နိုင်ငံရေးအမြင်နဲ့ တည်ဆောက်နိုင်ခဲ့တာလည်း ဗိုလ် ချုပ်ပါပဲ။ ဗိုလ်ချုပ်က နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေနဲ့ နိုင်ငံနဲ့ လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်တယ်လို့ ယူ ဆတဲ့ အလုပ်မှန်သမျှကို ဘယ်သူမှမဖိတ်ခေါ်ဘဲလုပ်ခဲ့ ခြင်းနဲ့ နိုင်ငံရေးမှာကောင်း လိမ့်နိုးနိုး၊ ဖြစ်လိမ့်နိုးနိုးနဲ့ မှေး မနေဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ပြတ်ပြတ်သား သားလုပ်ခဲ့ခြင်းဆိုတဲ့အချက်ကို ကျွန်တော်အလေးစား ဆုံးပါပဲ။
ကျောင်းသားဘဝ၊ သခင်ဘဝ၊ စစ်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဘယ်ဘဝမှာပဲဖြစ်ဖြစ်ဗိုလ်ချုပ် ဟာ လက်ရှိပကတိအခြေအနေမှန်ကို စနစ်တကျသုံးသပ် လုပ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်ပါပဲ။ နိုင်ငံရေးသီအိုရီကို ကျေညက်သလို လက်တွေ့ကျကျပကတိအခြေအနေနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ကြံစည်လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ အဲဒီအချိန်က နေမဝင် အင်ပါယာ ဖြစ်တဲ့ ဗြိ တိသျှတွေကို ဆန့်ကျင်ခြင်းဟာ ''မြင်းမိုရ်တောင် ကို ဆီး စေ့နဲ့ ပေါက်သလို''ထင်မှတ်ယူဆနေတဲ့ ပြည်သူအများ စုအတွက် နယ်ချဲ့ကို တိုက်ထုတ်ရန် ဂျပန်ဖက်ဆစ်တွေ နဲ့ ပူးပေါင်းခဲ့ပါတယ်။
ဖက်ဆစ်ကိုတိုက်ထုတ်ရန် နယ် ချဲ့ရဲ့အကူအညီနဲ့ ပြည်သူ့သိမ်ငယ်စိတ်မှသည် ယုံကြည် မှုဆီသို့ ဦးတည်ပြီး အမျိုးသားရေးရေချိန်ကို မြှင့်တင် ပေးနိုင်ခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးလို့ နယ်ချဲ့ဝင်လာ တော့လည်း ဗိုလ်ချုပ်ဟာနိုင်ငံ့ ခေါင်းဆောင်တစ်ဦးအ နေနဲ့ ပန်းခင်းသောလမ်း၊ ကတ္တီပါလမ်းကို ကြော့ကြော့ လေးလျှောက်လှမ်းခဲ့ရတာတော့မဟုတ်ပါဘူး၊ နယ်ချဲ့ ကို ဆန့်ကျင်မယ်ဟေ့ဆို တာနဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်လိုက်ပါလာအောင် ဗိုလ်ချုပ်ဟာ ဂါ ထာ၊ မန္တန်၊ ယန္တရားတွေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး၊ ဖဆပလအဖွဲ့တွင်းမှာလည်း လက်ညှိုး ထောင်ခေါင်းညိတ်နဲ့ ဗိုလ်ချုပ်ပြော သမျှကို အမှန်တရား၊ ပရမတ်တရားတစ်ခုလို မှတ်ယူပြီး နာခံတတ်တဲ့ အခြေ အနေမျိုးလည်း ဗိုလ်ချုပ်မရခဲ့ပါဘူး။ နယ်ချဲ့လက်ထက် က ငါးထောင်စား အမတ်တွေ၊ ဝန်ကြီးတွေ၊ မြန်မာလူ မျိုး ဗျူရိုကရက်အရာရှိတွေ၊ နန်းရင်းဝန်(ဝန်ကြီးချုပ်) လုပ် ခဲ့ဖူးသူတွေကလည်း သူနိုင်ငံလွတ်လပ်ရေးအတွက် လုပ် နေတာပဲလို့ သူပြောသမျှ၊ လုပ်သမျှကို သဘောတူကြည် ဖြူတဲ့အခြေအနေ မျိုးလည်း မဟုတ်ပါဘူး။ တိုင်းရင်း သားတွေကလည်း အောင်ဆန်းလုပ်သမျှ ယုံတယ်ဆိုပြီး ဇွတ်ခေါင်းထိုးဝင်လာတဲ့ အနေအထားမျိုးလည်း မဟုတ် ပါဘူး။ ဗိုလ်ချုပ်ဟာ ဆန့်ကျင်ဘက်အင်အားစုတွေ၊ မ တူကွဲပြားတဲ့ အမြင်အမျိုးမျိုးရှိတဲ့ သူတွေအပေါ်မှာလည်း ''ငါနဲ့မတူ ငါ့ရန်သူ၊ မလောက်လေးမလောက်စား၊ ခွေး လှေးခုန်လို့ ဖုန်မထ''ဆိုတဲ့ ပုံစံအချိုးမျိုးနဲ့ လုပ်ဆောင် ခဲ့တာလည်းလုံးဝ အလျှင်းမရှိခဲ့ပါဘူး၊ နယ်ချဲ့ကိုလိုနီ ဘဝက မလွတ်သေးတဲ့ မိမိကိုယ်တိုင်ရော ဆန့်ကျင်ဘက် အင်အားစုတွေနဲ့ တလေးတစားဆွေးနွေးညှိနှိုင်းပြီး တတ်စွမ်းသမျှ အလျှော့ပေးလုပ်ဆောင်ခဲ့ခြင်းကြောင့်သာလျှင် လွတ်လပ်ရေး လုပ်ငန်းစဉ်ထဲမှာ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ် သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်ဆောင်ခဲ့ပေမယ့်လည်း လွတ်လပ်ရေးရရင်ပြီးရောဆိုပြီး အမျိုးသားရေး ကိုလျစ် လျူရှုခဲ့တဲ့ ခေါင်းဆောင်မျိုးတော့ မဟုတ်ခဲ့ပါဘူး၊ မူဂျာ ဟစ်ဒင်တွေက ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်မြောက်ပိုင်းနယ်အချို့ကိုပေါင်းပြီး သီးခြားနိုင်ငံထူ ထောင်ရန်အတွက် ပါကစ္စတန်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတာကို လုံးဝကန့်ကွက်ပြီး နိုင်ငံရေး အရ ပြတ်သားစွာပဲ သတိပေးခဲ့ပါတယ်။ မူရင်းတိုင်းရင်း သားတွေနဲ့ တန်းတူအခွင့်အရေး ပေးရန်တောင်းဆိုလာတဲ့ လူမျိုးခြားတွေကိုလည်း လိမ္မာပါးနပ်စွာပယ်ချပြီး နိုင်ငံ အတွက်လိုအပ်တဲ့၊ ထားရှိတဲ့အမျိုးသားရေးအမြင်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ နိုင်ငံလွတ်လပ် ရေးအတွက် အမျိုးသားရေးကို စတေးခံမယ့် ခေါင်းဆောင် မျိုးမဟုတ်ခဲ့ခြင်းနဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုချင်းစီရဲ့ စိုးရိမ်သောကနဲ့ ပူပန်မှုကို လေးစားစာနာမှုအပြည့် အဝပေးနိုင်ခဲ့ခြင်းကြောင့် တိုင်းရင်းသားတွေရဲ့ ဆန့် ကျင်မှုမှသည် ယုံကြည်မှုဆီသို့ အရောက်လှမ်း စေခဲ့တဲ့ အဓိကအချက်တစ်ခုလို့ ကျွန်တော်ယူဆပါတယ်။ ယုံ ကြည်မှုဆိုတဲ့ အချက်ဟာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ ရာမှာသာမက တောင်တန်းနဲ့ ပြည်မ ပူးပေါင်းပြီး အတူ တကွ လွတ်လပ်ရေး ရယူနိုင်ရေးဆိုတဲ့ အချက်ပေါ်မှာ ပါ များစွာအထောက်အကူဖြစ်စေပါတယ်။ ဗိုလ်ချုပ်သာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရဖို့အတွက် ထိုင်စောင့် နေခဲ့မယ်၊ ဖိတ်ခေါ်မှ လုပ်ခဲ့မယ်ဆိုရင်တော့ ဒီကနေ့ကျွန် တော်တို့ ပြောနေတဲ့ ပင်လုံစာချုပ်ဆိုတာလည်း ဖြစ် လာစရာအကြောင်းမရှိသလို ကျွန်တော်တို့နိုင်ငံရဲ့ လွတ် လပ်ရေးဟာလည်း တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင် ပါတယ်။ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေစွာ ဖန်တီးတည်ဆောက်ယူတတ်ခြင်းဟာ နိုင်ငံရေးသ မားကောင်းတစ်ဦးရဲ့ အရည်အချင်းပါ။ ဗိုလ်ချုပ်ဟာ ဒီလိုအရည်အချင်းနဲ့ ပြည့်စုံတဲ့ နိုင်ငံရေးသုခမိန်ကောင်း တစ်ဦးပါပဲ။
''ဒီမိုကရေစီဝါဒသည်သာလျှင် လွတ်လပ်ရေးနဲ့ ဆီ လျော်တယ်။ ဒီဝါဒကို ခေတ်စားလာအောင် လုပ်ရမယ်'' လို့ လွတ်လပ်ပြီး နိုင်ငံရဲ့ ဆက်လျှောက်ရမယ့် မူဝါဒကို ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။ ဒီစကားလုံးဟာ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုအတွက် အကောင်း ဆုံးသော အားဆေးတစ်ခွက် သဖွယ်ဖြစ်လို့လာခဲ့ပါတယ်၊ ဗိုလ်ချုပ်သီချင်းတွေနဲ့ အားမာန်တွေ တက်ခဲ့ဖူးကြ သလို၊ ဗိုလ် ချုပ်ရဲ့မိန့်ခွန်းတွေကြောင့် သိမ်ငယ်စိတ်တွေလျော့ပါးခဲ့ ပါတယ်။ ဗိုလ်ချုပ်ရဲ့လုပ်ဆောင်ချက်တွေ၊ စိတ်ဓာတ် တွေဟာ နယ်ချဲ့ကိုဆန့်ကျင်ရုံ အတွက်သာမကဘဲ မတ ရားဖိနှိပ်သူ၊ အာဏာရှင်စနစ်တွေကို ဆန့်ကျင်တဲ့နေ ရာမှာပါ စံပြနမူနာယူစရာတွေသဖွယ် ဖြစ်လို့လာခဲ့ပါတယ်။ တပ်မတော်နဲ့ ပတ်သက်လို့လည်း''စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံပဲဖြစ်ရမယ်၊နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရ ဘူး''လို့ ပြတ်သားစွာမိန့်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက် ပိုင်းတပ်မတော်ခေါင်းဆောင်တွေက ဗိုလ်ချုပ်ရဲ့မိန့် ကြားချက်တွေကို ပြောင်းပြန်ဖြစ်အောင်လုပ်ပစ်ခဲ့တာ ကတော့ စိတ်မကောင်းစရာပါဘဲ။ လူထုရဲ့ လိုအပ်ချက် တွေ ထောက်ပြတဲ့အခါမှာရော ပြောစရာရှိရင် ဘယ် သူ့မျက်နှာမှ မထောက်ဘဲ တစ်တစ်ခွခွပြောတတ်ပေမယ့် လည်း သူ့ရဲ့စကားလုံးတွေဟာ စော်ကားလိုခြင်း၊ နှိမ့် ချအထင်သေးခြင်းဆိုတာမျိုးထက် ကောင်းစေလိုတဲ့၊ ပြုပြင်စေလိုတဲ့ စေတနာကိုသာ ပိုမိုဦးတည်နေတာကို သာတွေ့ရပါလိမ့်မယ်။'' ''အမေရိကန်လိုဖြစ်ချင်သလား၊ ဂျပန်လိုဖြစ်ချင်သလား၊ ဘယ်နိုင်ငံလိုပဲဖြစ်ချင် ဖြစ်ချင် နိုင်ငံသားအားလုံး ကိုယ်နဲ့ညီမျှတဲ့တာဝန်တွေကို ကျေ ပွန်အောင်မထမ်း ဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ ဟိုလူလာ လည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေး ရနဲ့ ဖာသည်လို နိုင်ငံမျိုးပဲဖြစ်သွားလိမ့်မယ်'' ဗိုလ်ချုပ် အကြောင်းကို အနည်းငယ်လေ့လာဖူးတဲ့ လူမှန်သမျှရဲ့ မသိစိတ်ထဲမှာပါမကျန် စွဲထင်ကျန်ရစ်စေတဲ့ စကားပါ ပဲ။ လူအတော်များများကတော့ ဒီကနေ့ကျွန်တော် တို့ နိုင်ငံရဲ့ အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်ပြောသလိုဖြစ် များဖြစ်နေပြီလားလို့ ယူဆလာတဲ့လူတွေများသထက်များ လို့လာနေတာကို စိတ်မကောင်းစွာနဲ့ တွေ့နေရပါတယ်။
ဗိုလ်ချုပ်ဟာ ဖော်လံဖားတွေ၊ သူ့ဘေးနားက အခွင့် အရေးသမားတွေရဲ့ ဝိုင်းဝန်း မြှောက်ပင့်မှုတွေကိုသာ ယာယစ်မူးတတ်ပြီး လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးသမား မျိုးမဟုတ်ပါဘူး။ လူထုကြားမှာ အမှန်ရှာတတ်တဲ့ နိုင်ငံ ရေးခေါင်းဆောင်ဖြစ်တဲ့အတွက် နိုင်ငံအတွက်လိုအပ် လာချိန်မှာ စေ့စပ်ရေး သမားကောင်း၊ စည်းရုံးရေးသမားကောင်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ဟာ နိုင်ငံလွတ်လပ်ရေးနဲ့ပြန် လည်ထူထောင်ရေးကို မူဝါဒတစ်ခုလိုသတ်မှတ်ပြီး အကောင် အထည်ဖော်နိုင်ဖို့အတွက် ရှိသမျှအင်အားစုတွေကို ပူး ပေါင်း ပါဝင်စေခဲ့ပါတယ်။ မူဝါဒ (PROPAGANDA) ကို အားဖြည့်ဖို့အတွက် လုပ်ငန်းစဉ် (PROCEDURE) တွေကို စနစ်တကျအကောင်အထည်ဖော်ဖို့ လှုံ့ဆော် ပေးခဲ့ပါတယ်။ တစ်ဖက်ရန်သူကိုရင်ဆိုင်တဲ့နေရာမှာ တစ်မျိုးသားလုံးရဲ့ ဘုံအကျိုးစီးပွားပေါ်မူတည်တဲ့ ခိုင်မာ တဲ့မူဝါဒတစ်ခုကိုချမှတ်ကာ အင်အားစု အားလုံးနီးပါး ကို ပူးပေါင်းပါဝင်လာအောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ အချင်း ချင်းအကွဲအပြားများလှတဲ့ မြန်မာ့လူ့ဘောင်မှာအကွဲအပြား ထပ်မဖြစ်စေဖို့ တတ်စွမ်းသမျှညှိနှိုင်းဆွေးနွေးအဖြေရှာခဲ့ ပါတယ်။ အထူးသဖြင့် ဖဆပလနဲ့ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့အကွဲအပြဲမှာ ပြေလည်မှုရအောင် တတ်စွမ်းသမျှကြိုး စားခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ရင်ဆိုင်နေရတဲ့ အ ခက်အခဲနဲ့အကျပ်အတည်းကို သူကိုယ်တိုင်ပြောခဲ့တဲ့''ကျုပ် လဲနောက်ထပ် နေရမှ လေးငါးနှစ်လောက်ပါပဲ''ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ခန့်မှန်းလို့ ရပါတယ်။
နှစ် ၁ဝဝ တိုင်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်အကြောင်း ပြောရင် ပြည်သူအများစု ရဲ့နှလုံးသားထဲမှာ မနေ့တစ် နေ့ကလိုပဲ အမှတ်ထင်ထင်ရှိနေဆဲပါ။ စကားပြောကောင်း လှတဲ့လူလို့ မဆိုနိုင်ပေမယ့်လည်း ဗိုလ်ချုပ်ရဲ့နှုတ်ထွက် စကားတိုင်းမှာ သူ့ရဲ့စေတနာနဲ့ရှေ့ဆက်မယ့်မူဝါဒတွေ က အထင် အရှား ပါနှင့်ပြီးသားဖြစ်နေတာကိုတွေ့ရပါ တယ်။ ဒီအချက်ဟာ နိုင်ငံရေးသမား ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ နိုင်ငံရေး သမားဆိုတာ လေကိုပန်းပုထုရတာလို့ တချို့ကပြောကြ ပါတယ်။ လေကိုပန်းပု ထုတဲ့နေရာမှာ ပီပြင်အောင်ထု ဆစ်ရတာဟာ အင်မတန်ခက်ခဲတဲ့ အလုပ် တစ်ခုဖြစ်တဲ့ အတွက် ဒီကနေ့ကမ္ဘာပေါ်မှာရှိတဲ့ နယ်ပယ်အသီးသီး ထဲမှာ နိုင်ငံရေးသမားကောင်းဆိုတာ အရှားပါးဆုံးဖြစ် နေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာသာစကားတတ်ကျွမ်း ရုံနဲ့လည်း နိုင်ငံရေးသမားကောင်းမဖြစ်နိုင်ပါဘူး။ မူဝါဒ၊ နိုင်ငံရေး ရေခံမြေခံ၊ ပကတိအခြေအနေနဲ့လိုက်လျော ညီထွေစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှုနဲ့ပုဂ္ဂိုလ်ရေးရှေ့တန်း မတင်တတ်မှု၊ အားလုံးနဲ့ အတူတကွ လက်တွဲဆောင်ရွက် နိုင်မှုအပေါ် အခြေခံစိတ်မမွေးမြူ မပျိုးထောင်နိုင်ရင် နိုင်ငံရေးသမားကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဗိုလ်ချုပ်က သင်ခန်းစာပေးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုအတွက် သင်ခန်းစာ အတော်များများထားရစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ရဲ့ တိုင်းပြည် နဲ့လူမျိုးအပေါ်မှာရော သူကိုယ်တိုင်ပါမကျန် နယ်ချဲ့ကျွန် ဘဝက မလွတ်သေးဘူးဆိုတဲ့အမြင်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ပါတယ်။ ဒီလိုပြတ်သားစွာမြင်တတ်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားရပါ မယ်။ နောက်ထပ်နေရလှမှ လေးငါးနှစ်ပေါ့လို့ ကိုယ့်ကိုယ် ကိုယ်ခံယူထားတဲ့ ဗိုလ်ချုပ်၊ တိုင်းပြည်လွတ်လပ်ရေးအ တွက် အင်အားစု တွေစုစည်းပြီး ဆောင်ရွက်နိုင်ခဲ့တယ်။ ဒီကနေ့ ကျွန်တော်တို့ အင်အားစုတွေဟာ တစ်ယောက် နဲ့တစ်ယောက်ဘယ်လောက်ပဲ အယူအဆကွဲလွဲ၊ အမြင် တွေကွဲလွဲ အချင်းချင်းသတ်ဖြတ်ချင်တဲ့အဆင့်ထိတော့ မမုန်းကြသေးပါဘူး။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီအ ရေးအတွက် စုစည်းညီညွတ်မှုတစ်ခုကို ဟန်ချက်ညီစွာ ပုံမဖော်နိုင်ခဲ့ဘူးဆိုရင် ဗိုလ်ချုပ်တော်တာမဟုတ်ဘဲ၊ ကျွန် တော်တို့ ညံ့တာဆိုတဲ့ အဖြေပဲထွက်သွားပါလိမ့်မယ်။
ဗိုလ်ချုပ်ဟာ ဒိုင်အာခီ၊ ၉၁ဌာန၊ စက္ကူဖြူစာတမ်း ဘယ်လိုပဲအသွင်ပြောင်း ထားထား နယ်ချဲ့အစိုးရကို နယ် ချဲ့လို့ပဲပြတ်သားစွာမြင်ခဲ့ပါတယ်။ ဒီလိုအမြင်မျိုးမှာတော့ ဝေဝါးသွားခဲ့မှုမရှိခဲ့ခြင်း၊ နဝေတိမ်တောင်ဖြစ်မှုမရှိခဲ့ခြင်း ကြောင့် အချင်းချင်းစိတ်ဝမ်းကွဲပြားမှု နည်းသထက်နည်း စေခဲ့ရုံမျှသာမက အများအမြင်မှာ ဟန်ပြကောင်းရုံ၊ အာ ရုံလွှဲသွားအောင်ကြံစည် လုပ်ဆောင်မှု တွေရဲ့ လုပ်ဆောင် ချက်တွေကို အောင်မြင်စွာကျော်လွှား နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟာ နယ်ချဲ့အင်္ဂလိပ်ထံပါးမှာရော၊ ဖက် ဆစ်ဂျပန်ဆီမှာရော အတိုက်အခံနိုင်ငံရေးသမားတစ် ယောက်အနေနဲ့ ဂုဏ်သိက္ခာ၊ မူဝါဒအရ အလျှော့ပေးခြင်း မရှိခဲ့သလို၊ အောက်ကျို့ဝင်ခြင်းလည်းမရှိခဲ့ပါဘူ။ နိုင်ငံ လွတ်လပ်ရေးဆိုတဲ့ ကြီးမားတဲ့မဟာဗျူဟာကို ချမှတ်ရင်း နဲ့ပဲ လုပ်ဆောင်ရမယ့်အဆင့်ဆင့်သော လုပ်ငန်းစဉ်တိုင်း ကိုလည်း မလစ်ဟင်း ရလေ အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးအင်အားစုတွေအတွက် မိမိအင်အားတွေကို တိတိကျကျ၊ ခိုင်မာလုံလောက်မှုရှိ၊ မရှိမသေချာတဲ့ အနေအထားမှာတောင်မှ အမျိုးသားရေး၊ နိုင်ငံရေး အတွက် ဟိုကိစ္စတွန့် ဆုတ်သလို၊ ဒီကိစ္စစိုးရိမ်သလိုမျိုး လုပ်မနေဘဲ တိကျတဲ့အမျိုးသားရေးအမြင်ကို ပြတ်သား စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။
နယ်ချဲ့ကျွန်ဘဝရောက်နေသူတွေ အချင်းချင်းကြား မှာ ပုဂ္ဂိုလ်ရေး တည်ဆောက်မှု မလုပ်ခဲ့တဲ့ ဗိုလ်ချုပ်၊ ပြတ် သားတဲ့ မဟာဗျူဟာချမှတ် ရင်း''အင်္ဂလိပ်အခက်၊ ဗမာအ ချက်''နဲ့ နယ်ချဲ့အုပ်ချုပ်ရေးအဆုံးသတ်အောင် ကျယ်ပြန့် တဲ့အမြင်နဲ့စွမ်းဆောင်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း (အစစ်မရချင် လည်းနေပါစေတော့)ဗိုလ်ချုပ်ကိုပဲ နမူနာယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ နှစ် ၁ဝဝ ပြည့်ပွဲမှသည် ကျွန်တော် တို့ရဲ့ ညီညွတ်တဲ့အင်အားစုတွေကို စုစည်းပြီး ကျွန်တော် တို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးအောင်မြင်အောင် ချီတက်ကြရ ပါလိမ့်မယ်။
ရှိခဲ့ပြီးတဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ကို နယ်ချဲ့ကျွန်ဘဝက မလွတ်သေး တဲ့ ဗိုလ်ချုပ်တစ်ယောက် ပြုပြင်ခဲ့သလိုပြုပြင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ညီညွတ် စွာလျှောက်လှမ်းရင်းနဲ့ သမိုင်းသစ်ရေးထိုးနိုင်အောင် ကြိုး စားဆောင်ရွက်သင့်ပါတယ်။
#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================================
#YangonMediaGroup | #MZK | www.yangonmedia.com
No comments:
Post a Comment