Thursday, December 4, 2014

သမိုင်းကို ပြည်သူတွေသာ ရေးပါသည် (ဆောင်းပါး)

Written by : ဘစံကောက်

လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးကြတယ်ဆိုပေမယ့် နိုင်ငံရဲ့သမိုင်းနဲ့ချီပြီး မှတ်တမ်းရေးထိုးခံရသူဆိုတာကတော့ လက်ချိုးရေတွက်လို့ ရလောက်အောင်အလွန်ပဲ နည်းပါတယ်။

ဒါကလည်း တချို့လူပုဂ္ဂိုလ်တွေရဲ့ တော်ခြင်း၊ ညံ့ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းက နိုင်ငံရဲ့ အပြောင်းအလွဲတစ်ခုကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိခြင်း မရှိခြင်းနဲ့ပဲ ဆိုင်လိမ့်မယ်လို့ စာရေးသူကတော့ ထင်ပါတယ်။ ပမာအားဖြင့် အမေရိကန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ သမ္မတတွေ အများအပြားရှိခဲ့ပေမယ့် အမှန်တကယ် ထင်ပေါ်ခဲ့သူတွေကတော့ နိုင်ငံရဲ့လွတ်လပ်ရေးကို
အရယူပေးနိုင်ခဲ့သူ ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချပေးခဲ့သူ “ဂျော့ဝါရှင်တန်” နဲ့ ကျွန်စနစ်ကို ပယ်ဖျက်ပေးနိုင်ခဲ့သူ “အီဗရာဟင်လင်ကွန်း” တို့လောက်ကိုသာ အမေရိကန်တွေက သမိုင်းမှတ်တမ်းမှာ အထင်ရှားဆုံးပုဂ္ဂိုလ်တွေအဖြစ်နဲ့ မှတ်တမ်းရေးထိုးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ ကမ္ဘာ့လူသားအားလုံးရဲ့ စံပြပုဂ္ဂိုလ်လူတော်တွေအဖြစ် ဒီကနေ့ထက်တိုင်အောင် သမိုင်းမှတ်တမ်း ရေးထိုးခြင်းကို ခံခဲ့ရသူတွေဖြစ်သလို ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့သူ “ဟစ်တလာ” ကတော့ လူဆိုးတစ်ယောက်အဖြစ်နဲ့ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ရသူ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းက မှတ်တမ်းအရေးခံခဲ့ရသူတွေဟာ တကယ်တမ်းပြောရရင် လူတော်တွေ ဖြစ်နေတာကတော့ သေချာပါတယ်။ တော်တာမှ သာမန်လူထက်ကို ထူးထူးခြားခြား တော်ကြသူတွေပါ။ ဒါပေမဲ့ လုပ်ရပ်ကောင်းရင် ကောင်းသလို လူတော်လူကောင်းမှတ်တမ်းဝင်ခဲ့ကြရပြီး ညံ့ရင် မကောင်းရင်တော့ လူညံ့စာရင်းနဲ့ မှတ်တမ်းအရေးထိုးခံခဲ့ရတာကတော့ လုပ်ရပ်နဲ့ စေတနာက သူတို့ကို ခွဲခြားသတ်မှတ်ပေးလိုက်ကြတာပဲ ဖြစ်ပါတယ်။

ဒါက ကမ္ဘာပေါ်က အကျော်ကြားဆုံးသမိုင်းမှတ်တမ်း ရေးထိုးခံခဲ့ရသူ လူတချို့ရဲ့ စံနမူနာပြ ဖြစ်ရပ်တချို့သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဆိုးအကောင်း ခွဲခြားသတ်မှတ်ခံခဲ့ရတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေလဲ အများအပြားရှိပါတယ်။ ဦးစွာပထမ ဖော်ပြလိုသူကတော့ ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့ “စောလူးမင်း” နဲ့ ကျန်စစ်သား” တို့ပါပဲ။ အနော်ရထာမင်း လွန်ပြီးတဲ့နောက် ပုဂံထီးနန်းကို စောလူးမင်း သိမ်းပိုက်ပြီး စိုးစံပါတယ်။ “အနော်ရထာမင်း” ထားခဲ့တဲ့မြန်မာနိုင်ငံကို အသာလင့် အသင့်ဆက်ခံရသူဖြစ်ပေမယ့် အရည်အချင်းညံ့ဖျင်းတာကြောင့် တိုင်းပြည်မှာ သူပုန်သူကန်တွေ ပေါ်ပေါက်ပြီး သူ့လက်ထက်မှာ ပုဂံထီးနန်းရဲ့ နိုင်ငံရေးဟာ မတည်ငြိမ်တောပါဘူး။

အထူးသဖြင့် သူနဲ့ နို့စို့ဖက်“ငရမန်ကန်း” ရဲ့ ပုန်ကန်ခြားနားခြင်းကို ခံခဲ့ရတာကိုက သူ့ရဲ့အောက်လက်ငယ်သားများအပေါ် မှန်မှန်ကန်ကန် ဦးမဆောင်နိုင်ခဲ့ဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဖြစ်ပုံကလည်း “စောလူးမင်း” က ကြွေအန်ကစားတာကို အင်မတန် ဝါသနာထုံပါတယ်။ တစ်နေ့ ကြွေအန်ကစားရာမှာ “ငရမန်ကန်း” နဲ့ ယှဉ်ပြီးကစားတော့ စောလူးမင်းက ရှုံးသွားပါတယ်။ ဒါကို “ငရမန် ကန်း” က ထပြီး လက်ပမ်းပေါက်ခတ်တော့ ဘုရင်က မခံချိမခံသာဖြစ်ပြီး “သတ္တိရှိရင် သူပုန်ထပြီး ငါ့ကို ပုန်ကန်ကြည့်ပါလား” လို့ နှုတ်နဲ့အကဲဆတ်လိုက်သတဲ့။ နဂိုကတည်းကမှ အရည်အချင်းရှိလို့ ဘုရင်ဖြစ်လာတဲ့သူ မဟုတ်မှန်းသိနေတဲ့ “ငရမန်ကန်း”က “စိန်လိုက်လေ” လို့ ပြောပြီး သူပုန်ထတော့တာပါပဲ။

တွေးကြည့်ရင် ဘုရင်က အလောင်းအစား ဝါသနာပါတာက မကောင်းတာတစ်ချက်၊ ရှုံးပြန်တော့လည်း အသာတကြည်လက်မခံဘဲ သူတစ်ပါးမခံချင်အောင် စကားလွန်တာက တစ်ချက်ဆိုတော့ပြောရရင် “စောလူးမင်း” အတော်ပဲလွန်ပါတယ်။ “ငရမန်ကန်း” က ပုန်ကန်လို့ သူပုန်ရန်ကို နှိမ်နင်းပြန်တော့လည်း သူ့လက်အောက်မှာ စစ်သူကြီး“ကျန်စစ်သား” ရှိပါလျက် တမင်တကာဘေးကို ချောင်ထိုးပြီး သူကိုယ်တိုင်ရှေ့ကတက်ပြီး တိုက်ပြန်ပါတယ်။ ဒီတော့ စစ်ပွဲတစ်ပွဲမှာ “ငရမန်ကန်း” က “စောလူးမင်း” ကို လက်ရဖမ်းဆီးပြီး အကျဉ်းသားအဖြစ် ဖမ်းဆီးတာခံလိုက်ရပါတော့တယ်။

ပြောရရင် ဒီကတည်းက ပုဂံကပျက်ဖို့ အကြောင်းဖန်နေပါပြီ။ ဘုရင်လည်း သူပုန်က ဖမ်းတာခံရပြီး ထီးနန်းအုပ်စိုးသူမဲ့နေတဲ့အခြေအနေမှာ ကျန်ရစ်သူအမှူးအမတ်တွေက အမှန်တကယ်အရည်အချင်းရှိပြီး ပုဂံထီးနန်းကို မပျက်မစီးထိန်းနိုင်သူကို ကြည့်လိုက်တော့ “ကျန်စစ်သား” ကိုပဲတွေ့ပါတယ်။

ပုဂံပြည်တစ်ချက် ကံကောင်းသွားတာက အရည်အချင်းရှိတဲ့ ကျန်စစ်သားက ပုဂံထီးနန်းရဲ့ ထိပ်ပိုင်းရာထူးမှာ နေရာရနေတာက တစ်ချက်၊ နောက်တစ်ချက်က အာဏာပိုင်အဖွဲ့အစည်းနဲ့ ပြည်သူက ဘုရင်ရာထူးကို ရွေးချယ်ခွင့်ရလိုက်တာက တစ်ချက် ဒီနှစ်ချက်ကြောင့် ပုဂံဟာ ပျက်မသွားတာပါပဲ။

ဒီနေရာမှာ အထူးအံ့ဩစရာကောင်းတာကတော့ စစ်သူကြီးကျန်စစ်သားပါပဲ။ တခြားသူသာဆိုရင် ဒီရာထူးကိုရဖို့ အခွင့်ကြုံလာပြီဆိုတာနဲ့ ဘာမှစဉ်းစားနေမှာ မဟုတ်ပါဘူး။ ချက်ချင်းယူလိုက်မှာပါပဲ။ ကျန်စစ်သားကတော့ ဒီလိုစိတ်ထားမရှိပါဘူး။ နှောင်းလူတွေရဲ့ စိတ်ထဲမှာ ဘုရင်နည်းနည်းဘေးရောက်သွားတာနဲ့ အတင်းဝင်ယူရင် ဘုရင်ဖြစ်တာပဲလို့ တွေးသွားမှာလည်း စိုးရိမ်ပုံရတယ်ထင်ပါရဲ့။ ငါ့အရှင်သခင် အသက်ထင်ရှားရှိနေပါလျက်နဲ့တော့ ငါ ဘုရင်လုပ်လို့ မသင့်ပါဘူး” လို့ ငြင်းပြီး ပယ်ချလိုက်ပါတယ်။ ပြီးတော့လည်း ငါ ကိုယ်တိုင် ငါ့အရှင်ကို ရအောင်ကယ်မယ်လို့တွေးပြီး ညအချိန် ငရမန်ကန်းရဲ့တပ်ကိုဝင်ပြီး စောလူးမင်းကို ပခုံးပေါ်ထမ်းပြီး ကယ်ပြန်ပါတယ်။

စောလူးမင်းဟာ ကျန်စစ်သား သူ့ကိုလာကယ်မှန်းသိလျက်နဲ့ တွေးပုံက ငရမန်ကန်းနဲ့ ငါက နို့စို့ဖက်ဖြစ်မို့လို့ စိတ်အခန့်မသင့်ချိန် ဖမ်းထားတာမှန်ပေမယ့် ဒီလောက် ဆိုးဆိုးရွားရွားတော့လုပ်မှာ မဟုတ်လောက်ပါဘူး။ ကျန်စစ်သားကတော့ ငါ တစ်ကြိမ်မျက်ခဲ့ဖူးတာကို အမှတ်ထားပြီး ငါ့ကိုသတ်မှာ ဧကန်ပဲ” လို့ တွေးသတဲ့။ ဒါနဲ့ ကျန်စစ်သား ငါ့ကိုခိုးတယ်” လို့အော်ပါတော့တယ်။ အသံကြားတော့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ဝိုင်းလိုက်ကြတော့ ကျန်စစ်သားကလည်း စိတ်က အတော်အချဉ်ပေါက်သွားဟန်တူပါရဲ့။ ဒါလောက်တောင်ဖြစ်လှတာ ရန်သူ လက်ချက်နဲ့ ခွေးသေ၊ ဝက်သေ သေရစ်ခဲ့ပေတော့” လို့ ပခုံးထက်က ပစ်ချပြီးထားခဲ့ကာ ကိုယ်လွတ်ရုန်းပြေးရပါတော့တယ်။

နောက်တော့ ပုဂံထီးနန်းကို ကျန်စစ်သားသိမ်းပိုက်ပြီး ပုဂံပြည်ကို အနော်ရထာမင်းလက်ထက်ကအတိုင်း မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သလို မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်နဲ့ ရာဇဝင်သမိုင်း မှတ်တမ်းကောင်းရေးထိုးတာ ခံခဲ့ရပါတယ်။ သမိုင်းဆိုတာ ဘုရင်တွေက ရေးတာမဟုတ်ပါဘူး။ ကျန်ခဲ့တဲ့ပြည်သူတွေက ရေးတာပါ။ ဘုရင်ကောင်းရင် သမိုင်းကောင်းမှာ  မှတ်တမ်းဝင်မှာဖြစ်သလို အုပ်ချုပ်သူခေါင်းဆောင်ကောင်းရင်လည်း အဲဒီခေါင်းဆောင်ဟာ သမိုင်းမှာ ကမ္ပည်းတင်မှာပါပဲ။ မကောင်းရင်လည်း နောင်သားစဉ်မြေးဆက်သမိုင်းမှာ အဆိုးတင်မှာပါပဲ။ ပြောချင်တာက ကိုယ်ကသမိုင်းကိုရေးတဲ့သူမဟုတ်ပေမယ့် နောင်လာ နောက်သားရေးမယ့်သမိုင်းမှာ ကိုယ့်နာမည်အကောင်းကျန်ချင်ရင်တော့ ကိုယ်ကသမိုင်းကို ကောင်းအောင်လုပ်ရမယ်ဆိုတာပါပဲ။ သမိုင်းဆိုတာ ပြည်သူတွေကပဲ ရေးတယ်ဆိုတာ မမေ့ကြဖို့တော့ လိုပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment