Wednesday, December 3, 2014

လည်ပင်းအကျိတ်ကင်ဆာများ အခမဲ့ကုသမှုပေးနေ

 လည်ပင်းမှ ဟော်မုန်း အထွက်များသော ရောဂါနှင့် သိုင်းရွိုက်(လည်ပင်း)အကျိတ် ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့် ရှာဖွေစမ်းသပ်ကုသခြင်း အခမဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးမှ သတင်းရရှိသည်။

ယခင်က အဆိုပါ ရောဂါ နှစ်မျိုးအတွက် ရန်ကုန်ဆေးရုံကြီး ရှိ အဏုမြူရောင်ခြည်ရောဂါရှာ ဖွေရေးနှင့် ကုသရေးဌာန၌ စရိတ်မျှပေးစနစ်ဖြင့် ကုသပေးခဲ့ပြီး နိုဝင်ဘာလလယ်မှစ၍ အခမဲ့လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

‘‘အရင်က စက်နဲ့စစ်ဆေးတဲ့ အခါမှာ စရိတ်မျှပေးစနစ်နဲ့ အိမ် နီးချင်းနိုင်ငံတွေထက် စာရင်း ဆယ်ပုံ တစ်ပုံကျတဲ့ နှုန်းထားနဲ့ စမ်းသပ်ကုသပေးတာပါ။ အခုက တော့ လက်ရှိပေါ်လစီအရ အခမဲ့ ၀န်ဆောင်မှုပေးဖို့ စက်နဲ့တွဲကုရ တဲ့ အဏုမြူဆေးဝါးတစ်လမှာ ကျပ်သိန်း ၆၀ ဖိုးလောက်ကို အစိုးရက နိုင်ငံခြားကနေ ၀ယ် ပေးထားတယ်။ ရောဂါရှာဖွေတာ၊ ဆေးနဲ့ကုသတာ၊ အရမ်းထိ ရောက်တဲ့ ကုသမှုတွေကို အခမဲ့ ၀န်ဆောင်မှုပေးမယ်’’ဟု အဏု မြူရောင်ခြည်ရောဂါ ရှာဖွေရေး နှင့် ကုသရေးဌာန ပါမောက္ခ၊ (ဌာနမှူး) ဒေါက်တာဦးကျင်မြင့်က ပြောကြားသည်။

ယင်းဌာနတွင် ကင်ဆာရော ဂါဝေဒနာများ အရိုးတွင် ပျံ့နှံ့မှု ရှိ၊ မရှိ၊ သိုင်းရွိုက်အကျိတ် ကင်ဆာပြန့်ပွားမှု ရှိ၊ မရှိ၊ ကျောက်ကပ်နှစ်ဖက်စလုံး အလုပ်လုပ်၊  မလုပ်တို့ကို စစ်ဆေးပေးပြီး ယခင်စရိတ်မျှပေးစနစ်တွင် ဝေဒနာရှင်များအနေဖြင့် ငွေကျပ်တစ်သောင်းမှ လေးသောင်းဝန်းကျင်၊ ရောင်ခြည်ဆေးတစ်ယူနစ်လျှင် ခုနစ်ထောင်နှုန်းဖြင့် အနည်းဆုံး ၁၀ယူနစ်အထိ တိုက်ကျွေးရသည်။

လက်ရှိတွင် ပြင်ပလူနာဌာန သို့ တစ်ရက်လျှင် အဆိုပါ ရောဂါ များဖြင့် လာရောက်ပြသသည့် လူနာပေါင်း ၁၀၀ မှ ၁၅၀ ကြား ရှိကာ လူနေမှု ဘ၀ပုံစံပြောင်းလဲ မှုများကြောင့် အမျိုးသမီးများ၌ ပို၍ အဖြစ်များကြောင်း ရန်ကုန်ဆေးရုံကြီးမှတ် တမ်းများတွင် ဖော်ပြထားသည်။

‘‘လည်ပင်းကြီးကင်ဆာဖြစ် တာလို့ ဆရာဝန်ကြီးက ပြော တယ်။ အငန်အရမ်းစားလွန်းလို့ ဖြစ်တာတဲ့။ ခြောက်လလောက် တော့ရှိပြီ။ အရင်စရိတ်မျှပေး စနစ်တုန်းကတော့ ပိုက်ဆံပိုကုန် တယ်။ ဆေးဝါးတွေရော၊ စမ်း သပ်စစ်ဆေးတာရော ကုန်တယ်။ နိုင်ငံတော်က အခုလိုအခမဲ့လုပ်ပေးမယ် ဆိုတော့လည်း လမ်းစရိတ်လောက်ပဲ ကုန်တော့တာပေါ့’’ဟု မုဒုံမြို့နယ်မှ လည်ပင်းအကျိတ်ရောဂါ လာပြသူ အသက်(၅၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။


Credit - 7DAY DAILY

No comments:

Post a Comment