Saturday, December 6, 2014

မြန်မာစာသည် ပညာရေးစစ်တမ်း (၂) (ဆောင်းပါး)

– ကိုဌေး (နတ်မောက်)

မူလတန်းတွင် အင်္ဂလိပ်စာသင်ခြင်းနှင့် ၉-၁၀ သိပ္ပံဘာသာရပ်တို့ကို အင်္ဂလိပ်လိုသင်နေခြင်းက ဆရာကလည်း တတ်၍သင်ခြင်း မဟုတ် … မတတ်သူက မသိသူကိုသင်၍ နိုင်ငံတကာကို ရင်ပေါင် တန်းနိုင်သည့် စွမ်းရည်ဖြစ် မလာ … ကြက်တူရွေး စာသင်နည်းဖြစ်၍ သိရမည့် ပညာရပ် အနှစ်ကိုမရ …

~~~~~~~~~~~~~~~~~~~~~~


မူလတန်းတွင် အင်္ဂလိပ်စာ သင်ကြား မပေးသင့်ကြောင်း ယခုမှသာငြင်းခုံ ဆွေး နွေးကြသည်မဟုတ်ပါ။ လွတ် လပ်ရေးမရမီကပင် ၂-၈-၁၉၄၆သံတော်ဆင့် သတင်းစာတွင် အင်္ဂလိပ်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း မိတီ်္ထလာဦးဘရင်က သူ့ကိုယ်တွေ့နှင့် အမြင်အယူအဆကို ဖော်ထုတ်ခဲ့ပါသည်။ သတင်းထောက် ဦးသိမ်း မောင် (သံတော်ဆင့်)နှင့် ဦးဘရင်တို့ တွေ့ဆုံမေးမြန်းခန်းထုတ်နုတ်ချက်ကို လေ့လာကြည့်ပါဦး။

မေး – ကျောင်းနေစ မြန်မာကလေး တွေ အင်္ဂလိပ်စာနှင့် မြန်မာစာတွဲသင်ရင် အကျိုးအပြစ် ဘယ်လိုနေမလဲ။

ဖြေ – မြန်မာစာ မတတ်သေးတဲ့ ၅ နှစ်၊ ၆နှစ်ကလေးငယ်ကို အင်္ဂလိပ်စာပါ ရောသင်ရင် ကလေးကို နှိပ်စက် တာနဲ့ အတူတူပဲ။ မြန်မာစာနဲ့အတွက်အချက်ကို ကောင်းကောင်းတတ်မြောက်ပြီး ဉာဏ် အသင့်တင့် ရင့်သန်တဲ့ ၉နှစ်၊ ၁၀နှစ်က လေးအရွယ်ကိုသာ နိုင်ငံခြားဘာသာဖြစ်တဲ့ အင်္ဂလိပ်စာ စသင်မှနည်းမှန်တယ်။ အတတ် လည်း မြန်တယ်။ ကလေးတွေလည်း အလွန်သက်သာတယ်။ …ကျွန်တော် ကိုယ်တိုင် ဘုန်းကြီးကျောင်းမှာ ၉ နှစ် သား အရွယ်ထိ မြန်မာသင်ရိုးကုန်မှ A,B,C . . . စသင်ရတယ်။ အခက်အခဲ မတွေ့ရဘူး။ အလွန်သက်သာပါတယ်။ ကျွန်တော့် မိတ်ဆွေ ပညာမင်းကြီး ဦးချိုလည်း ဘုန်းကြီးကျောင်းနဲ့ မြန်မာကျောင်းမှာနေခဲ့ပြီး (၁၂)နှစ်သား အရွယ်ကျမှ A,B,C စသင် ရတယ်။ကျွန်တော်တို့နှစ်ယောက် အင်္ဂလိပ် စာစသင်တာ နောက်ကျလို့ အင်္ဂလိပ် စကား မပြောတတ်၊ အင်္ဂလိပ်စာ မရေးတတ်ဘူးဆိုတဲ့ အပြစ်မရှိပါဘူး။ ဒီ စနစ်မှန်ကြောင်း၊ ကောင်းကြောင်း၊ အကျိုးများကြောင်းအနှစ် ၂၀ခန့် ကျောင်းအုပ်လုပ်ခဲ့တဲ့ အချိန်မှာလည်း လက်တွေ့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လည်း ကျွန်တော့်သားသမီး (၃)ယောက်ကို စာသင်ချိန်အရွယ်ရောက်တော့ မြန်မာစာသင် ကျောင်းပို့၊ မြန်မာစာ ၄ တန်းအောင်မှ အင်္ဂလိပ်စာသင်စေပါတယ်။…
ကိုလိုနီခေတ်ပညာရေးဝန်ကြီးဟောင်း ဦးဘရင်ကဲ့သို့ပင် မြန်မာ့ပညာရေးမြှင့်တင်ရာတွင် အဓိကပါဝင်ခဲ့ သူ ဒေါက် တာမောင်ဖြူးသည်လည်း သူ့သမီးသီတာဖြူးကို အင်္ဂလိပ်ကျောင်းမှာ မထား။ မြူနီစပါယ်မြန်မာကျောင်း မှာထားကာ ၁၀ နှစ်ကျော်မှ A,B,C သင်စေခဲ့သည်။ ၁၉၆၇ထုတ် စာပဒေ သာမှ သူ့အတွေးအမြင်ကို စုစည်းရှာ ဖွေပေး ထားပါသည်။

(၁) ၁၀နှစ်အရွယ်မတိုင်မီ အင်္ဂလိပ်စာကို သင်လျှင် ကိုယ်ကချည်းသင်ပေးရ သည်မဟုတ် လော။ ကျွန်တော် သည် ကလေးဘာသာ ပညာရှာသည်ကို ယုံကြည်သည်။ ကလေးနှစ်သက်သော မြန်မာစာအုပ်ကို သူ့အားပေး နိုင်လျှင် သူ့ဘာသာသူ ပညာရှာသည် မဟုတ်လော။

(၂) ကျွန်တော်တို့ မြန်မာတွေက ကိုယ့်စာကို ဖြစ်ကတတ်ဆန်းသင်၊ ဖြစ်ကတတ် ဆန်းတတ်တာကို အဟုတ် ကြီးမှတ်နေတယ်။ အမှန်က ကျွန်တော်တို့ တစ်တွေဟာ လူမျိုးခြားဘာသာစကားကို တင်းပြည့်ကျပ် ပြည့် မတတ်နိုင်ဘူး။ ကိုယ်စားတတ်ဖို့ တစ်သက်ပန် ဆည်းပူးမယ်။ အင်္ဂလိပ်စာကို ၅တန်းမှသင်လည်း နောက်မကျ ပေ။ မူလတန်းတွင် နိုင်ငံခြားဘာသာသည် အပိုဝန် ထုပ်သက်သက်ပင် ဖြစ်သည်။

(၃) အင်္ဂလိပ်စာ ရေးတတ်ဖို့ ဆိုတာအရင် ခေတ်ကအင်္ဂလိပ်စာကို ၁တန်းက စသင်ခဲ့တဲ့အပြင် ၅ တန်းရောက် တာနဲ့ကျောင်း သင်ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်တုန်းကတောင် ကျွန်တော်တို့တစ်တွေ B.A အောင်စမှာ အင်္ဂလိပ်စာ ဘယ်လောက်ရေးတတ်တာ မှတ်လို့။

(၄) မူလတန်း ကျောင်းသားသည် နိုင်ငံခြားဘာသာသင်ကြားရန် အကြောင်းမရှိ။ အကြောင်းမှာ ထိုကလေး အဖို့အရေးအကြီး ဆုံးသောကိစ္စမှာ မိမိပြောလို ရေးလိုသည် တို့ကို ရှင်းလင်းပြတ်သားစွာ ပြောခြင်း ရေးခြင်း တည်း။ သင်ယူလိုသော ပညာကို စိတ်ဖြင့် မြန်စွာဖတ်ယူနိုင်ခြင်း၊ နားဝင်ချို သောကဗျာ၏ အရသာကို ခံယူ တတ်ခြင်း တို့တည်း။

(၅) အင်္ဂလိပ်စာဖြင့် ပညာရပ်များကို သင်နေလျှင် ပညာတော့မရ၊ သညာသာ ရမည်။ မြန်မာစကားဖြင့် သင်ကြားမှသာ ပညာစစ် ပညာမှန်ကိုရမည်။

၁၉၇၈ ၀န်းကျင်လောက်မှာ အာဏာရှင် ဦးနေ၀င်းသမီး အင်္ဂလန်တွင် အင်္ဂလိပ်စာ ကျရှုံးသည်ကို အကြောင်းပြု ၍ မူလတန်းမှ အင်္ဂလိပ်စာ စစသင်ဖို့ အစီအစဉ် ဖြစ်လာသည်။ ထိုအခါ ဦးဘရင်နှင့် ဒေါက်တာ မောင်ဖြူးတို့ကဲ့ သို့ပင် ဆရာကြီး ဦးတက်တိုးကလည်း မူလတန်းကတည်းက အင်္ဂလိပ်စာသင်ဖို့ မလိုသည်ကို ၁၉၇၉ အောက် တိုဘာလ ပညာတန်ဆောင်မဂ္ဂဇင်းတွင် အောက်ပါအတိုင်း အကြံပေးခဲ့ပါသေး သည်။ ““အင်္ဂလိပ်စာ တတ်စေ လိုသော ဆန္ဒ၏ တိုက်တွန်းမှုကြောင့် ကလေးများအား အင်္ဂလိပ်စာကို အတန်းငယ်မှစ၍ သင်ကြားပေးရန် တိုက်တွန်းသူတို့ ကို ပြန်လည်ဖြေကြားရန် အချက်တစ်ရပ်မှာ ငယ်ရွယ်နုနယ်စဉ်တွင် ကလေးတို့သည် မိမိတို့၏ ဘာသာစကားကို သင်ခါစဖြစ်သဖြင့် အတော်ကြိုးပမ်းနေရသည်။

ထိုအခိုက်တွင် တိုင်းခြားဘာသာစကားတစ်ခု ခုကိုပါ သင်ကြားပေးပါမူ ၀န်ပို၍နုနယ်သော ဦးနှောက်အတွင်း၌ ဘာသာစကားနှစ်ခု၏ ဝေါဟာရ အသုံးအနှုန်း များစသည်တို့ ရောထွေးဖွယ်ရှိ၏။ ဘာသာစကားကို သင်ကြားရာ၌ မိခင်ဘာသာဖြစ်သော ပထမဘာသာ စကားကို အတော်အတန် တတ်ကျွမ်းမှသာလျှင် တိုင်းခြားဘာသာစကားကို ဆရာကဘာသာ(၂)ရပ်နှင့် စပ် လျဉ်း၍ မတူညီသော အကြောင်းအချက်များကို ခွဲခွဲခြားခြား သဘောပေါက်မှတ် သားနိုင်ရန် သင်ပြပေးဖို့ လိုအပ် ပေသည်။ ယခုလက်ရှိ မူလတန်းလွန် အလယ်တန်းမှစ၍ အင်္ဂလိပ်စာ သင်ကြားပေးခြင်းသည် လျော်ကန်လှ ပေ သည်။ သို့သော် ဆရာကြီး ဦးတက်တိုး၏ အကြံပေးချက်မှာ အရာမထင် ပါ။ ၁၉၈၁ခု ဇွန်လမှာ မူလတန်းမှစတင် ၍ အင်္ဂလိပ်စာ စသင်ခဲ့သည်။

ရွှေမောက်သားကလည်း မူလတန်းကတည်းက အင်္ဂလိပ်စာ မသင်သော်လည်း အင်္ဂလိပ်စာနှင့် အခြားဘာသာ ရပ်တို့၌ ထူးချွန်သူများကို နမူနာပြလိုပါသည်။ အမျိုးသားခေါင်းဆောင် တပ်မတော်ဖခင် ဗိုလ် ချုပ်အောင်ဆန်း ကို စံပြုပါရစေ။ မောင်အောင်ဆန်းကလေးသည် (၇)နှစ်တင်း တင်းပြည့်ခါမှ ဘုန်းတော်ကြီး ဦးသောဘိ တ ကျောင်းရောက်သည်။ သူ့ခမျာအင်္ဂလိပ်စာ မသင်ရရှာ။ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်း မှာလည်း အင်္ဂလိပ်စာမှတစ်ပါး ကျန်ဘာသာရပ်များက မြန်မာလို။ တက္ကသိုလ်ရောက်၍ အင်္ဂလိပ်လို စကားရည်လုပွဲမှာ လည်း အသံထွက် အိုးနင်းခွက်နင်းက သောင်းကနင်းဖြစ်သည်ကို သမိုင်းလေ့လာသူများ သိကြပါမည်။

(အင်္ဂလန်၊ အမေရိကန်နှင့် မြန်မာပြည်သား စာအုပ်ရေးသူ ဒေါက်တာ မောင်မောင်ညိုသည် မူလတန်းကတည်း က အင်္ဂလိပ်စာ မသင်ခဲ့ရသော်လည်း ဆေးပညာပါရဂူဘွဲ့ကို အသက်ငယ်ငယ်နှင့် ရခဲ့သူ။ ယနေ့ မူလယ်ထက် နှင့် တက္ကသိုလ်ဆရာ ၉၀ရာ ခိုင်နှုန်း တို့ထက် အင်္ဂလိပ်စာ ကျွမ်းကျင်ကြသော ဆရာတော်ရှင်သေဋ္ဌိလ၊ ရှင်ဉာ ဏိဿရ၊ ဒေါက်တာ နန္ဒမာလာဘိဝံသအစ ရှိသော သံဃာတော်တို့သည် မူလယ်ထက်ပင် အင်္ဂလိပ်စာ မသင် ကြားခဲ့ကြ။ မြန်မာနိုင်ငံတွင် ကြိမ်ရေအများဆုံး ရိုက်နှိပ်ရသော အင်္ဂလိပ်စာနည်းသစ် သဒ္ဒါကျမ်းပြုသူ သျှင် သုမန သည် အသက် ၂၅နှစ်ရောက်မှ အင်္ဂလိပ် စာသင်ရသူဖြစ်သည်။

ဗိုလ်ချုပ်တို့၊ ဆရာတော်တို့ အင်္ဂလိပ်စာ ကျွမ်းကျင်နေသည်ကို ထောက်ချင့်၍ ဒေါက်တာမောင်ဖြူး၊ ဆရာကြီး ဦးတက်တိုး နှင့် ဆရာကြီးဦးဘရင်တို့ အယူအဆလက် တွေ့ကျသည်ကို ပြသနေပါသည်။

ဆက်လက်ဖတ်ရှုရန် -

Credit - Myanmartandawsint Newspaper



 

No comments:

Post a Comment