ရန်ကုန် ခေတ်အဆက်ဆက် သူ့အပိုင်လိုက်ကြီးစိုးမင်းမူခဲ့ကြတဲ့ လူမိုက်ကြီးတွေ လမ်းမတော်ဖိုးတုတ် ဗိုလ်တထောင်ငမိုး၊ အင်္ဂလိပ်ခေတ် လိုအပ်လို့ အသုံးပြုကြတဲ့ လူမိုက်အပိုင်စားခေါင်းဆောင်တွေ၊
လမ်းမတော အပိုင်မှာ ပုလိပ်က ဘိန်းခန်းတွေ၊ အရက်ဆိုင်တွေ၊
ပြည့်တန်ဆာအိမ်တွေ ဖမ်းချင်ရင် အပိုင်စားလူမိုက်တွေ
ခေါ်ယူညှိနှိုင်းခဲ့ကြရပါတယ်။
နောက်ပိုင်း တော်လှန်ရေးကောင်စီခေတ် ပန်းဘဲတန်းက မူဆာတို့၊ အီဆတ်တို့၊
အလီတို့၊ ပန်းဆိုးတန်းက ရောင်စိန်ကဖီးမှာ မိုးကျော်တို့၊ ကျော်ဝင်းတို့၊
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းက
ဘသန်းကဖီးမှာ ဆေးရုံးကြီးလူမိုက် ပီတာတို့၊
အဘူးတို့၊ ကာဆင်တို့၊ အဲဒီခေတ်က လေဟာပြင်ထဲ ကျင်လည်ကျက်စားခဲ့ကြပါတယ်။
ဘူတာကြီးဂုံးတံတားအောက်မှာ ရှဲတမတ်ဆိုတာ အဲဒီခေတ်က ကိုမိုးကျော်တို့
ကျော်ဝင်းကြီးတို့ စောင့်ရှောက်မှုအောက်မှာ လှုပ်ရှားခဲ့ကြတဲ့ လုပ်ရပ်တွေ
ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေါင်းတောင်း ၅ မြို့နယ်ဟာ လူဦးရေ
အထူထပ်ဆုံးမြို့လယ် ရုပ်ရှင်ရုံကြီးတွေရှိလို့ ခါးပိုက်နှိုက်၊
ပြည့်တန်ဆာကြိုးလိမ်ဂိုဏ်းသ
မားတွေ၊ ဖဲသုံးချပ်သမားတွေ လှုပ်ရှားတဲ့နေရာဖြစ်လို့၊ ရဲတပ်ဖွဲ့အင်အားနဲ့ မလုံ လောက်လို့ ရဲတွေက လူမိုက်တွေကိုကြည့်ရှုစောင့်ရှောက်ထားပြီး လူမိုက် လူမိုက်ချင်းထိန်းထားခဲ့ကြရပါတယ်။ အဲဒီခေတ်က လူမိုက်တွေလည်း စည်းရှိပါတယ်။ ရဲတွေကလည်း စည်းရှိကြပါတယ်။
ရန်ကုန်မြို့ ခါးပိုက်နှိုက်လောကကို ကြေးမုံတို့ ကြီးစိုးထားတဲ့အချိန်
ဖြစ်ပါတယ်။ အဲဒီခေတ်က ခါးပိုက်နှိုက်တွေဟာ ဈေးထဲနှိုက်သူက ဈေးထဲပဲ
နှိုက်ပါတယ်။ ကားပေါ်နှိုက်သူက ကားပေါ်ပဲ နှိုက်ပါတယ်။ ဘုရားပွဲ
လမ်းပေါ်နှိုက်သူကလည်း မိမိတို့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာပဲ နှိုက်ကြပါတယ်။
ကားပေါ်မှာ ခါးပိုက်နှိုက်ခံရရင် ဘယ်ကားလိုင်း၊ ဘယ်မှတ်တိုင် နှိုက်ခံရတယ်ဆိုက
မြေနီကုန်း တပင်ရွှေထီးရုပ်ရှင်ရုံးနားက “ခေတ်သစ်”လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတတ်တဲ့ ခေါင်းဆောင်ကြေးမုံဆီမေးရင်
သိပါတယ်။ တာမွေဘက်က တာမွေသင်္ချိုင်းကြီးထဲက ဇရပ်မှာ ရန်ကုန်မြို့တမြို့လုံး
မြို့နယ်အလိုက် မနက်သူခိုး၊ ညသူခိုး၊ နေ့လယ် သူခိုးတွေရဲ့
လှုပ်ရှားမှုကိုသိနေတဲ့ ယက္ခကြီးဆိုတဲ့ လူမိုက်ကြီးတယောက် ရှိပါတယ်။
သူ့အပိုင်ထဲ သူမသိဘဲ ၀င်ခိုးလို့ကတော့ ရဲလက်ထဲချက်ချင်းအပ်ပါတယ်။
သူခိုးတွေအားလုံး အဲဒီ ယက္ခကြီးဆီမှာ ဆက်ကြေးပေးကြရပါတယ်။
အဲဒီပုဂ်္ဂိုလ်တွေ ဦးသန့်အရေးအခင်းအပြီး စစ်အုပ်ချုပ်ရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ကြရပါတယ်။
တချို့ရဲဘက်စခန်းရောက် ငှက်ဖျားဖြစ်ပြီး သေဆုံး ၁၉၇၅၊ ၁၉၇၆
ပတ်ဝန်းကျင်မြို့လယ် လူဆိုးတချို့ ပျောက်ဆုံးခဲ့ကြပေမယ့် ရွက်ပုံးသီး
လူမိုက်တွေ ခါးခေါင်းဆောင်တွေကတော့ အခြေအနေအချိန်အခါကို
စောင့်နေခဲ့ကြပါတယ်။
လှည်းတန်း (ကမာရွတ်)ကတ္တသရာတို့
ရမ်းကားတို့၊ ကမာရွတ်ကြီးတို့ စိုးသိန်းကြီးတို့ ကိုကျောက်ခဲတို့၊
ခရမ်းတို့ တကြောထလာကြပါတယ်။ ခါးခေါင်းဆောင်ကြီးမြင့်တို့ ဆင်မလိုက် ၀က်သတ်ရုံအနီး ကျင်လည်နေကြတဲ့ ဆင်မလိုက်လူမိုက်အုပ်စုတွေ၊
အခု ဘုရင့်နောင်လမ်းကြီး မဖောက်ခင် သံကြိုးတိုင်က ကိုတိုးလှိုင်ကြီးတို့
ကြည့်မြင်တိုင် ညဈေးအမှီပြုပြီး လှုပ်ရှားကြတဲ့ ကပ္ပလီတို့ ကိုနွားကြီး
(စံငြိမ်း)တို့ အုပ်စုတွေ ကြံတောသင်္ချိုင်းထဲ ဆေးခြောက်တထုပ် ၅/ိ နဲ့ဖြန့်တဲ့
ပိုးဟပ်ဖြူတို့၊ အောင်ဝင်းတို့၊ ၀င်းနိုင်တို့ အုပ်စုတွေ ကိုယ့်အပိုင်
ကိုယ့်နေရာ ကိုယ့်ဒေသမှာပဲ မင်းမူမိုက်ကြပါတယ်။
လူမိုက်ခေါင်းဆောင်အောင်ဝင်းတို့ဆိုရင်
““ဒို့က လူမိုက်၊ လူမိုက် အလုပ်ပဲ လုပ်တယ်။ မယုတ်မာဘူး””လို့
အမြဲပြောပါတယ်။ လိုအပ်လို့ ရဲကခေါ်ရင် အေးချမ်းစွာသွားပါတယ်။
အဖမ်းခံရရင်လည်း ထောင်ထဲမှာ နေရာရှိပြီးသားဖြစ်လို့ ထွက်ပြေးတာတို့
ရဲကိုပြန်ခုခံတာတို့ မရှိခဲ့ပါ။ လိုအပ်လို့ ရဲခေါ်ရင် တွေ့တယ်။ အဖမ်းခံတယ်။
သူ့အပိုင်နဲ့သူ လူမိုက်ရှိကြပေမယ့် တရားဥပဒေစိုးမိုးရေးအတွက် လူထုကို
ထိတ်လန့်အောင် ကျီးလန့်စာစားဖြစ်အောင် မလုပ်ခဲ့ပါဘူး။
၈၈
အရေးအခင်းအပြီး စစ်အုပ်ချုပ်ရေးခေတ်မှာ လူမိုက်လက်သစ်တွေ ယုတ်မာကြတယ်၊
ရိုင်းစိုင်းလာကြပါတယ်။ အရေးအခင်းပြီးခါစ ၁၉၈၉ နဲ့ ၁၉၉၀ နှစ်ဆန်းပိုင်းအထိ
ရန်ကုန်မြို့မှာ နေရာအနှံ့ နံနက် ဝေလီဝေလင်း ညမိုးချုပ်စ အချိန်တွေမှာ
လမ်းခရီးသွားတွေဆီက ပါပလေကာကားနဲ့ အုပ်စုတစု ဆွဲကြိုးဖြတ်၊
ပိုက်ဆံအိတ်လုပြေးတဲ့ဖြစ်စဉ်တွေ လှိုင်မြို့နယ် ဘူတာရုံလမ်းဘက်တို့မှာဆိုရင် ပဲပြုတ်သည်ကအစ နံနက် ဝေလီဝေလင်း အလုခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲက ဖမ်းရင် ရဲကို ပြန်ခုခံတယ်။
လှိုင်ဘက်မှာ ငရှဉ်တို့၊ ခေါလေးတို့၊ ၀က်ကလေးတို့ ခါးခေါင်း
ဆာင်ကြီးမြင့်အဖွဲ့တွေ ပစ္စည်းလုတယ်။ မပေးရင် ရန်ပြုတယ်။ ဆိုက်ကား
လိုချင်လို့ ဆိုက်ကားသမားကိုသတ်တဲ့ ငမိုးတို့လို လူမိုက်တွေ ပေါ်လာပါတယ်။
အရေးအခင်းကာလ ဂိုဏ်းစတားကြီးတဦးက မွေးခဲ့တဲ့ စိုးမြတ်တို့ ဆိုရင် ထောင်က
တရားရုံးကို ရုံးထုတ်တဲ့အချိန် အချုပ်ကားရဲ့ခေါင်းခန်းမှာ စီး၊ အိမ်ကိုပြန်
ရေမိုးချိုး ထမင်းစားပြီးမှ ဘားလမ်းတရားရုံးကို တရားရင် ဆိုင်ဖို့သွားတဲ့
အခြေအနေထိ အဲဒီကာလက ရဲတွေစည်းဖောက်ခဲ့ကြပါတယ်။
အဓိကက
စစ်ထောက်လှမ်းရေးကမွေးတဲ့ လူမိုက် ဒုစရိုက်သမားနဲ့ ရဲကမွေးထားတဲ့
ဒုစရိုက်သမားတွေ အာဏာလုနယ်ပယ်ချဲ့ထွင်ရာကအစ လူမိုက်လောက ရန်ကုန်မြို့မှာ
ခေါင်းထောင်ကြီးစိုးလာခဲ့တာ ယနေ့အုပ်စုဖွဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့အဆင့်ရောက်လာပါပြီ။
ဈေးတွေမှာ စည်ပင်ရဲတွေ၊ စည်ပင်ဝန်ထမ်းတွေက မတရားလုပ်ခြင်းကို ခံရတဲ့
ဈေးသူဈေးသားတွေက သီရိမင်္ဂလာဈေးခေတ်က ကြည့်မြင်တိုင်တဖက်ကမ်းက
လူမိုက်တွေကို ဆက်ကြေးပေးငှားပြီး ဘ၀လုံခြုံရေးအတွက် ဖန်တီးကြပါတယ်။ လူတွေ
စီးပွားရေးအဆင်မပြေကြတော့ အရက်ဆိုင်ဖွင့် ၂ လုံး၊ ၃ လုံး ဒိုင်ကိုင်၊
ပြည့်တန်ဆာလုပ်ငန်းတွေလုပ်၊
အနှိပ်ခန်းတွေဖွင့် အဲဒီလိုနေရာတွေမှာ တာဝန်ကျတဲ့ ရဲတွေကဆက်ကြေးယူ၊
မြို့နယ်တခုမှာ ချဲဒိုင်တဦးရှိရင် စခန်းတခုလုံးက အထွေထွေ
ကင်းစောင့်တဲ့ရဲကအစ ဆက်ကြေးတောင်း ကြပါတယ်။ ပြီးတော့ စီမံချက်ရှိတယ်ဆိုပြီး
ဖမ်းကြပါတယ်။ ပေးလည်းပေးရ အဖမ်းလည်းခံရတော့ ရဲနဲ့မကင်းရာမကင်းကြောင်း
လုပ်ကိုင်စားသောက်ရသူတွေက လူမိုက်တွေမွေးကြပါတယ်။ ရန်ကင်းမှာ
ဝင်တိုက်မိလို့ ရက်ရက်စက်စက် သတ်သူက ကံဘဲ့လူမိုက်ဖြစ်တဲ့အပြင် ရန်ကင်း
ကံဘဲ့ထဲမှာရှိတဲ့ ရဲနဲ့မကင်းရာမကင်းကြောင်း လုပ်စားသူတွေက
မွေးထားတဲ့လူမိုက်၊ ရဲလာရင် တာဝန်ခံဖြေရှင်းပေးသူတယောက် ဖြစ်ပါတယ်။
စာရေးသူတို့သိတဲ့ ၁၉၈၃ နဲ့ ၁၉၈၈ ခုနှစ်အထိ ကာလရဲတွေဟာ သစ္စာရှိကြပါတယ်။
တယောက်က တာဝန်ယူထားရင် တယောက်နဲ့ပြီးပါတယ်။ ဘယ်သူ့မှလာမဖမ်းပါဘူး။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး ပျက်စီးသွား ရတာ နေပြည်တော်ရဲလို့ခေါ်တဲ့
စစ်တပ်ကအသွင်ပြောင်းလာတဲ့ ရဲတွေ လက်ထက်မှာ ရဲတပ်ဖွဲ့ကြီး
စတင်ပျက်စီးတော့တာပဲ ဖြစ်ပါတယ်။ စာရေးသူ ကြုံဖူးတဲ့ အဖြစ်အပျက်တခုဆိုရင်
ဗဟန်းမြို့နယ်ဘက်မှာ အရေးအခင်း ပြီးခါးစက တပ်ကရောက်လာတဲ့ ရဲအရာရှိအချို့
မူးယစ်ရာဇာအိမ်မှာ အရက်ဝိုင်း ဖွဲ့ပါတယ်။ လိုင်းကြေးလည်း ယူပါတယ်။
ရေချိုးခါနီး ဆပ်ပြာမရှိလို့ အင်္ကျီချွတ်နဲ့ စက်ဘီးစီးလာပြီး ဘိန်းရာဇာကို
ကိုယ်တိုက်ဆပ်ပြာဝယ်ခိုင်းပါတယ်။
ပြီးတော့ ဖမ်းချင်တဲ့ အချိန်ဖမ်းပြန်ပါတယ်။ နောက်ပိုင်း ဆက်
ကြေးလာရောက်ထောင်းတဲ့ ရဲကို ပါးရိုက်လွှတ်တဲ့ အဖြစ်တွေ လိုင်းကြေးယူပြီး
ဖမ်းခိုင်းတဲ့ ရ၀တလူကြီးတွေကို ဓားနဲ့ခုတ်တဲ့ အဖြစ်အပျက်တွေ
ဖြစ်တာမြင်ခဲ့ရဖူးပါတယ်။ စစ်တပ်မှ အသွင်ပြောင်းလာတဲ့ ရဲက ရဲဘ၀ပျက်
စေတော့တာပါပဲ။
စာရေးသူအနေနဲ့ ရဲတပ်ဖွဲ့ကြီး သိက္ခာကျအောင်
ရေးသားခြင်း မဟုတ်ပါ။ ရဲထဲမှာ လစာတခုတည်း မှီခိုစားသောက်တဲ့ ရဲတွေရှိသလို
လာဘ်လာဘကို မျှော်ကိုးပြီး ရဲလုပ်တဲ့လူတွေလည်း အများကြီးရှိနေပါတယ်။
ဘယ်လိုပဲပြင်ပြင် အကျင့်တွေတော့ ပြောင်းမည်မဟုတ်ပါ။ အခု လှိုင်သာယာဘက်မှာ
လူမိုက်ဂိုဏ်းကြီးတဂိုဏ်းကို လက်နက် (ဓား) အလက် ၄၀ လောက်နဲ့ ဖမ်းမိတဲ့သတင်း ဖတ်လိုက်ရပါတယ်။ ၀မ်းလည်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။
အရေးအခင်းမဖြစ်ခင် ရန်ကုန်မြို့မှာ ချဲဒိုင်တွေကို ချဲမထွက်ခင် ညဘက်မျိုးတွေမှာ လူမိုက်တွေပေါတဲ့မြို့နယ်တွေကို လိုင်းကြေးရမထားတဲ့ ရဲအချို့ဝင်ဖမ်းကြပါတယ်။ ပြန်လည်ခုခံတယ်ဆိုတာ သဲ့သဲ့လေးတောင် မကြားခဲ့ရပါဘူး။ စစ်ထောက်လှမ်းရေးခေတ်ရောက်မှ
ဆွယ်မှူးတွေ မွေးထားတဲ့သတင်းပေး ဒုစရိုက်သမားတွေကို
သူတို့စစ်ထောက်လှမ်းရေး ဆွယ်မှူးတွေက “မင်းတို့ကို ရဲလာဖမ်းရင်
ရိုက်လွှတ်”လို့မှာထားရာကအစ လူမိုက်တွေ ကြီးစိုးခဲ့သော ယနေ့အဖြစ်အပျက်မျိုး
ရဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ယာဉ်ထိန်းရဲတွေက
ဖမ်းချင်တဲ့ကားကျတော့ ဖမ်းတယ်။ မဖမ်းချင်တဲ့သူကျတော့ မဖမ်းဘူး။ ဒါတွေကို
လမ်းတွေပေါ်မှာ ကားမောင်းနေတဲ့ ယာဉ်မောင်းတွေက မြင်တွေ့ကြရတော့ ယာဉ်ထိန်းကို
ရန်ပြုခုခံတဲ့ အဖြစ်တွေ ဖြစ်လာခြင်းဖြစ်ပါတယ်။ တလောလေးက လှိုင်သာယာ
မီးခွက်ဈေးနားမှာ ဖဲဒိုင်ခံစားတဲ့အိမ်ကို ရဲဝင်ဖမ်းတော့ အဖမ်းခံရသူက
ဖုန်းဆက်လိုက်တာ လက်နက်ကိုင် လူမိုက်တစုရောက်လာပြီး
ရဲကိုဓားနဲ့လိုက်ခုတ်လို့ ရဲတွေထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ
ရဲတွေစည်းဖောက်လို့ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဆက်ကြေးယူတဲ့သူကတဖွဲ့၊ ဖမ်းတဲ့သူကတဖွဲ့၊ ဒါကြောင့် ဥပဒေနဲ့မကင်းရာမကင်းကြောင်း လုပ်စားသူတွေက လူမိုက်တွေမွေးထားခြင်းကစပြီး အခုလို လူမိုက်တွေ သက်ဆိုးရှည်လာခြင်းဖြစ်ကာ တဖက်က စည်းမစောင့်လို့ တဖက်က စည်းဖောက်ခြင်း ဖြစ်ပါတယ်။
ရဲစစ်စစ်က ရဲအလုပ်စစ်စစ်မှန်မှန်လုပ်ရင် ရဲလို့အသံကြားတာနဲ့ ဒုစရိုက်သမားလှုပ်ဝံ့မှာ မဟုတ်ပါ။ ယူလည်းယူသေး ဖမ်းလည်းဖမ်းသေးဆိုရင်တော့ ဒုံရင်းအတိုင်းပဲ ဖြစ်နေမှာပါ။
ထွန်း(နေပြည်တော်)
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment