Thursday, December 4, 2014

ခရာဘွမ်တောင်ကြောတစ်လျှောက်ရှိ အစိုးရစစ်စခန်းများ ရုပ်သိမ်းပေးရန် ကာချုပ်ထံအရပ်ဖက် အဖွဲ့အစည်းတစ်ရာကျော်စာပို့

ချစ်မင်းထွန်း

KIO ဌာနချုပ်အနီးရှိခရာဘွမ် တောင်ကြော တစ်လျှောက်ရှိ အစိုးရတပ်မတော်မှ ချထားသော စစ်စခန်းများကို ရုပ်သိမ်းမိန့် ထုတ်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အရပ်ဘက် အဖွဲ့အစည်းတစ်ရာကျော်က နိုဝင်ဘာ၂၇ရက်နှင့်၂၉ရက်တို့တွင်နှစ်ကြိမ်စာ ပေးပို့တောင်းဆို ထားကြောင်းသိရသည်။


အစိုးရတပ်မတော်သည်နိုဝင်ဘာ၁၉ရက်က KIO ဌာနချုပ်အနီးရှိ KIA ဗိုလ်သင်တန်းကျောင်းသို့လက်နက်ကြီး ဖြင့်ပစ်ခတ်တိုက်ခိုက် လိုက်ခြင်းကြောင့် အရာရှိလောင်း၂၃ဦး သေဆုံးခဲ့ပြီး သင်တန်းသားနှင့် နည်းပြစုစုပေါင်း၂ဝဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းကြောင့်ခရာဘွမ် တောင်ကြော တစ်လျှောက်ရှိ အစိုးရတပ်မတော်၏စစ်စခန်းများကိုရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

''ကျွန်တော်တို့အဖွဲ့အစည်းအားလုံးကငြိမ်းချမ်းရေးအတွက်ပဲ တောင်းဆိုတာပါ။ဘယ်သူ့ဘက်မှပါပြီးတော့ တောင်းဆိုတာမဟုတ်ပါဘူး။ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လဲကျွန် တော်တို့အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကိုလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့မှ ဦးဒေးဗစ်လှမြင့်က ပြောသည်။

အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၅၄ဖွဲ့သည် နိုဝင်ဘာ ၂၉ရက်က ကာကွယ်ရေးဦးစီးချုပ်ထံသို့ စာပေးပို့တောင်းဆိုခဲ့ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၁၂ဖွဲ့ကတော့ နိုဝင်ဘာ ၂၇ရက်တွင် ပေးပို့တောင်းဆိုထားကြောင်းသိရသည်။

ယင်းအဖွဲ့အစည်းများမှ ပေးပို့ တောင်းဆိုထားသောအချက်များမှာအ မြောက်ဖြင့်ပစ်ခတ်ခဲ့သောဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး အတွက်နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင်လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းစစ်ဆေးပြီးတိုင်းပြည်သို့ထုတ်ပြန်ပေးရန်၊တပ်မတော်အနေ ဖြင့်တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကြိုးပမ်း ဆောင်ရွက်နေကြသည့် အချိန်ကာလအတွင်း အလစ်အငိုက် တိုက်ခိုက်သော စစ်ရေးလုပ်ဆောင်မှုများမ ဖြစ်ပေါ်စေရေးတာဝန်ယူရန်၊အစိုးရစစ်တပ်၏ထိုးစစ်၊တိုက်စစ်များရပ်ဆိုင်း၍ သိမ်းပိုက်ထားသော စစ်စခန်းများမှဆုတ်ခွာပေးရန်၊တပ်မတော်မှ တစ်ဖက်သတ်စစ်ရပ်စဲရေး ကိုဦးစွာကြေညာပေးရန်၊စစ်ရပ်စဲပြီးပါကအစိုးရနှင့်လူမျိုးစုံလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ပါဝင်သင့်ပါဝင်ထိုက် သောဒီမိုကရေစီပါတီအဖွဲ့ အစည်းများနှင့်လူပုဂ္ဂိုလ်များအမြန်ဆုံးတွေ့ဆုံပြီးငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးအမျိုးသား သွေးစည်းညီညွတ်ရေးနှင့်တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခြေခံ သောနိုင်ငံရေး တွေ့ဆုံညှိနှိုင်းပွဲကြီး တစ်ရပ်ကျင်းပရန်ဆိုသောအချက်များကိုအရပ်ဘက်အဖွဲ့အစည်းပေါင်း၅၄ဖွဲ့က တောင်းဆိုထားပြီးကျန်ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းပေါင်း ၁၁၂ဖွဲ့ကတော့ခရာဘွမ် တောင်ကြောတစ် လျှောက်တွင်စစ်ဘေးဒုက္ခသည်တစ် သောင်းခုနစ်ထောင်ရှိသောကြောင့်အစိုးရတပ်မတော်မှ နေရာယူချမှတ်ထား သောစစ်စခန်းများနှင့်လက်နက်ကြီးများကို ပြန်လည်ရုပ်သိမ်းပေးရန်၊ယင်းရုပ်သိမ်းမိန့်အားကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေ ဖြင့်ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

#TheYangonTimes

Credit - Yangon Media Group



 

No comments:

Post a Comment