Thursday, December 4, 2014

ပြည်ခိုင်ဖြိုးပါတီရုံးခန်းများ ခန်းနား ကျယ်ပြန့် စုံလင်ပုံကို အခြားပါတီ ရုံးခန်းများ နှိုင်းယှဉ်ပြီး အံ့အားသင့်ခဲ့ရကြောင်း IRI သင်တန်းဆရာမှ ဖြေကြား

 ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ NLD ပါတီဝင်များအား မဲဆွယ်စည်းရုံးရေးနှင့် ဆိုင်သော နည်းပညာများ သင်ပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က စွပ်စွဲ သတိပေးခဲ့သည့် အမေရိကန် အခြေစိုက် International Republican Institute - IRI အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ဒီမိုကရေစီ ဖွံဖြိုးဆဲနိုင်ငံများတွင် အခမဲ့ ပို့ချပေးနေသည့် အဖွဲ့တခုဖြစ်သည်။

IRI ကို မြန်မာနိုင်ငံရေး စိတ်ဝင်စားသူများအတွင်း လူသိများ အပြောများ လာသည် မှာ IRI စစ်တမ်းတစ်ခုတွင် သမ္မတ ဦးသိန်းစိန် ကို လူထု က ဒေါ်အောင်ဆန်း စုကြည်ထက်
ပို၍ နှစ်သက်ထောက်ခံလာကြကြောင်း ထုတ်ပြန်ခဲ့ သည့် နောက် ပိုင်းတွင် ဖြစ်သည်။ အဆိုပါ ရလဒ်ကို ၀ါရင့်နိုင်ငံရေး သမားများ၊ စာရေးဆရာ များ က ပြင်းပြင်းထန်ထန် မေးခွန်းများ ထုတ်ခဲ့သည်။ ၄င်းတို့ စစ်တမ်းကောက် ယူပုံကို ဝေဖန်ခဲ့ကြသည်။

နိုင်ငံရေး ပါတီများဆိုင်ရာ ဥပဒေအရ ပြည်ပ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ပါတီ တခုခုကို သင်တန်းပေးခြင်း ၊ ဟောပြောခြင်း ပြုလုပ်ပေးမည်ဆိုပါက နိုင်ငံရေး ပါတီများ ဆိုင်ရာ ဥပဒေ အရ ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြား ခွင့်ပြုချက်တောင်း ခံပြီး မှသာ ပြုလုပ်ရမည် ဖြစ်သည်။

နိုင်ငံရေးပါတီ တခုခုသည် နိုင်ငံခြား တိုင်းပြည် မှ ဘာသာရေး အဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် သို့မဟုတ် တခြား အဖွဲ့အစည်း တခုခု ထံ မှ ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ တခြား အထောက် အကူ ဖြစ်စေ သည့် မည်သည့် အရာကိုမဆို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း ရယူသုံးစွဲခြင်း မရှိစေရဟု ပါရှိသည်။ ထိုသို့ ငြိစွန်းပါ က နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်နိုင်သည်ဟု ပြဌာန်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက “နိုင်ငံခြား အဖွဲ့အစည်းတစ်ခု အနေနဲ့ နိုင်ငံရေး ပါတီတစ်ခုကို သင်တန်းပေးမယ်ဆိုရင် ခွင့်ပြုချက် တင်ပြဖို့ လိုတယ်၊ လုပ်မယ် ဆိုရင်လည်း နိုင်ငံရေး ပါတီတွေကို စုပေါင်းပြီးတော့ သင်တန်းတွေ ပေးနိုင်တယ် ဆိုတာကို ကျနော်တို့က ဥပဒေကြောင်း အရ အသိပေးအကြောင်းကြားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ IRI မှ သင်တန်းဆရာတစ်ဦးကို The Ladies က ဖေ့ဘုတ်မှ တဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ အမေရိကန်နိုင်ငံသား နိုင်ငံရေးသိပ္ပံဆရာက "မှတ်မိသလောက် ကတော့ NLD ကို တခါမှ သီးသန့် သင်တန်း မပေးခဲ့ဖူးဘူး။ USDP ကိုတော့ ပေးဖူးပါတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ NLD ရုံးခန်းတွေ သေး ငယ်ပါတယ်။ USDP ရုံးခန်းတွေကတော့ အလွန်ကျယ်ပြန့် ပါတယ်။ ကျနော် သွားခဲ့တဲ့ ပါတီ ရုံးခန်းတွေထဲမှာ အကောင်းဆုံး ဖြစ် ပါတယ်။ ခြံနဲ့ ၀န်းနဲ့ အဲယားကွန်းနဲ့ ပရောဂျက်တာတွေနဲ့ အားလုံး အပြည့်အစုံ ဖြစ်ပါတယ်။"

"ဒါကလည်း ကျနော်တို့အတွက် အလွန်အံ့ဘွယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကြီးဆုံးဆိုတဲ့ ပါတီကြီး ၂ ခုရဲ့ ဓနအင်အားဟာ ကွာခြားလွန်းလှပါတယ်။"

"၄င်းက ဆက်လက်ပြီး ကျနော်တို့က ဘယ်နေရာ ဘယ်နိုင်ငံမှာ မဆို သင်တန်းပေး ရင် အားလုံးကို ဖိတ်ပါတယ်။ အဲသည်လို ဖိတ်တဲ့ အခါမှာ USDP ပါတီက သူတို့ရဲ့ ရုံးနေရာတွေမှာပဲ လာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ IRI စည်းကမ်းအရ၊ နောက် တခြား ပါတီတွေ အားလုံးလည်း အဆင်ပြေအောင် အပြင်နေရာတစ်ခုကို ငှားပြီး ဘုံအဖြစ် ရွေးချယ်ရပါတယ်။ ရန်ကုန် မှာ ဆိုရင် ကျနော်တို့ ဟိုတယ်တစ်ခုမှာ ၄ ရက်ဆက်တိုက် ပါတီစုံ တက် တဲ့ သင်တန်း တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာမှာက ဖရီးသုံးလို့ရတဲ့ ကွန်မြူနတီ စင်တာမျိုးတွေလည်း မရှိပါဘူး" ဟု မေးလ်မှ တဆင့် ဖြေဆို ခဲ့သည်။

မဲဆွယ် သင်တန်းပေးမှုနှင့်ပတ်သက်၍ IRI အဖွဲ့ ထံ ရွေးကောက်ပွဲ ကော်မရှင် က အကြောင်းကြားစာ ပေးပို့သည် ဆိုသော်လည်း NLD ပါတီကိုမူ တစုံ တရာ ပြောဆိုအကြောင်းကြားမှု မရှိဟု သိရသည်။ IRI အဖွဲ့မှ မြန်မာနိုင်ငံ ရှိ နိုင်ငံရေး ပါတီများ အားလုံး ကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို အမေရိကန် အခြေစိုက် ရီပါပလီကန်ပါတီ၏ အထောက်အပံ့ဖြင့် အခမဲ့ ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

The Ladies News Journal

 

 

 

 

No comments:

Post a Comment