အမေရိကန်သံအရာရှိအား တာဝန်ရှိသူက ရှင်းလင်းပြောကြားစဉ် |
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု စောင့်ကြည့်ကြပ်မတ်ရေးနှင့် တိုက်ဖျက်ရေးဌာနမှ နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့် တစ်ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ (Annual Trafficking in Persons Report, TIP Report) အတွက် ယခုအချိန်မှစကာ အစီရင်ခံစာ ရေးသားထုတ်ပြန်နိုင်ရန် အချက်အလက်များ စုဆောင်းနေသည့် ကာလဖြစ်သည်။ ထိုအစီရင်ခံစာသည် နှစ်စဉ်ဇွန်လ လလယ်တွင်ထုတ်ပြန်ကာ နိုင်ငံအလိုက် လူကုန်ကူးမှုတိုက်ဖျက်မှု စွမ်းဆောင်ချက်များအပေါ် အဆင့်သတ်မှတ်ပေးလေ့ရှိသည်။
လွန်ခဲ့သော ၁၄ နှစ်ကတည်းက ကမ္ဘာ့နိုင်ငံများ၏ လူကုန်ကူးမှုတိုက်ဖျက်မှုနှင့် ပတ်သက်သည့် ထိုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အစီရင်ခံစာသည် ကမ္ဘာပေါ်တွင် ပထမဆုံးနှင့် တစ်ခုတည်းသော သက်တမ်းအရှည်ကြာဆုံးသော အစီရင်ခံစာလည်း ဖြစ်သည်။
ထိုသို့ အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်မှုကို ကြည့်ခြင်းအားဖြင့် အမေရိကန်နိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် မည်မျှအထိ အလေးထားသည်ကို တွေ့မြင်နိုင်သည်။ ထိုအစီရင်ခံစာအကြောင်း ရှင်းရှင်းလင်းလင်းသိမြင်ရန် အာဆီယံနိုင်ငံများသို့ အမေရိကန်နိုင်ငံမှ ယခုနှစ်အတွင်း ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာ ၇ ရက် ရန်ကုန်မြို့တွင် ထိုအစီရင်ခံစာကို မည်သို့သတင်းစုဆောင်းရေးသားပုံ၊ နိုင်ငံများသို့ မည်သို့အဆင့်သတ်မှတ်ပုံ၊ အမေရိကန်နိုင်ငံ၏ ၂၀၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှု ဥပဒေ၏ စံနှုန်းများနှင့် နိုင်ငံတကာစံနှုန်းများနှင့်ပတ်သက်သည့် အစည်းအဝေး (ASEAN-U.S. Seminar on Trafficking in Persons) တစ်ခု ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုအစည်းအဝေးတွင် လာအိုနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့မှလွဲ၍ ကျန်အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထိုအာဆီယံ-အမေရိကန်လူကုန်ကူးမှုဆိုင်ရာ အစည်းအဝေးမှ လူကုန်ကူးမှု ဖြစ်ပေါ်စေသည့် အကြောင်းတရား၊ အကျိုးတရားများသည် အချိန်နှင့်အမျှ ပြောင်းလဲနေရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနှင့် ဆက်စပ်လျက်ရှိနေသည်ကို သိမြင်လာကြသည်။ ထို့အပြင် ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အယူဝါဒများနှင့်ပါ ဆက်စပ်နေသည့်အတွက် တစ်နိုင်ငံချင်းစီ၏ မတူညီမှုခြားနားမှုများ၊ အခြေအနေများပေါ်ကိုလည်း စဉ်းစားကြရန်လိုသည်ကို တွေ့ရှိလာရသည်။
ထိုသို့ အခြေအနေ အကြောင်းတရားများကို သိရှိနိုင်ခြင်းအားဖြင့် အမေရိကန်နိုင်ငံအနေဖြင့် နှစ်စဉ်အစီရင်ခံစာ ရေးသားပြုစုရာတွင်လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးများအတွက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရာတွင်လည်းကောင်း ပိုမိုထိရောက် အကျိုးဖြစ်ထွန်းလာမည်ဟု မျှော်လင့်မိကြသည်။
ထိုဆွေးနွေးမှု၏ ရင်းနှီးမှုသည် လူကုန်ကူးမှုတိုက်ဖျက်ရေး ကိစ္စရပ်သာမက အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ အခြားပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
အမေရိကန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် အသိတူ အမြင်တူဖြင့် ယခင်ကထက် နီးနီးကပ်ကပ် ပူးပေါင်းတိုက်ဖျက်နိုင်လိမ့်မည်ဟု အစည်းအဝေး တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက မျှော်လင့်ကြသည်။
ယခုနှစ် အစီရင်ခံစာတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် ပျက်ကွက်သည်ဟုဆိုကာ အဆင့် (၃) သို့ သတ်မှတ်ပေးထားခဲ့သည်။ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် (၂) အဖြစ် သတ်မှတ်ပေးထားသည်။ ၂၀၁၁ ခုနှစ်မှ ယမန်နှစ်ကထိ မြန်မာနိုင်ငံသည် စောင့်ကြည့်အဆင့် (၂) ထိ ထားခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်သည်။
အဆင့် (၂) စောင့်ကြည့်စာရင်း သုံးကြိမ် သတ်မှတ်ခံထားရသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ယခုနှစ် အစီရင်ခံစာတွင် အဆင့် (၃) သို့ သက်ဆင်းသွားသည်ကို တွေ့ရှိရသည်။ ထိုသို့ဖြစ်ရခြင်းသည် ၂၀၁၃ ခုနှစ် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုအစီရင်ခံစာပါ ထောက်ခံအကြံပြုချက်များအား အကောင်အထည်ဖော်နိုင်မှု မရှိခြင်းနှင့် ၂၀၀၀ ပြည့်နှစ် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ အနိမ့်ဆုံးအဆင့်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသောကြောင့် အဆင့် (၃) သို့ ကျဆင်းသွားကြခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် အဆင့် (၂) ဖြစ်ကြပြီး၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့သည် အဆင့် (၂) စောင့်ကြည့်စာရင်းတွင် သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဌာနဆိုင်ရာအသီးသီး၏ လုပ်ဆောင်ချက်များမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမှသာ မြန်မာနိုင်ငံအတွက် အဆင့်သတ်မှတ်ချက် တိုးမြင့်လာမည်ဖြစ်သောကြောင့် ၀န်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကလည်း အဓိကကျသည့်ကဏ္ဍတွင် . . . . .
ထိုသတ်မှတ်သည့်အဆင့်များ မြင့်တက်နိုင်ရန်အတွက် ၎င်းတို့ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုင်ငံအလိုက် ဆောင်ရွက်သင့်သည့် အကြံပြုထောက်ခံချက်များလည်း ဖော်ပြပါရှိသည်။ ထိုအကြံပြုချက်များအပေါ် အဓိကထား ဖြေရှင်းဆောင်ရွက်ပါက အဆင့်တစ်ခုတက်ရန် အလားအလာရှိနေသည်။ မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် နှစ်ပတ်လည်အစီရင်ခံစာမှာ အချက် ၁၃ ချက် ပါရှိသည်။
ယခုနှစ် အဆိုပါထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက်လုပ်ဆောင်ရန် ထောက်ခံအကြံပြုချက် (၁၃) ချက် ထုတ်ဖော်ထားသည်။
(က) ပြည်တွင်းလူကုန်ကူးမှုဖြစ်ကြသော လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုနှင့် လုပ်အားအတွက် လူကုန်ကူးမှု အမှုများကို အားကြိုးမာန်တက် တရားစွဲဆိုရန်နှင့် ထိုပြစ်မှုများ ကျူးလွန်သူများကို အပြစ်ပေးရန်။
(ခ) လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု ဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ရန်နှင့် တုံ့ပြန်မှုများတိုးမြှင့်ရန်။
(ဂ) ကလေးစစ်သား စုဆောင်းမှုနှင့် အဓမ္မခိုင်းစေမှု အပါအ၀င် ပြည်တွင်းလူကုန်ကူးမှုတွင် ပါဝင်ကျူးလွန်သည့် စစ်ဘက်ဆိုင်ရာ ထိုပြစ်မှုကျူးလွန်သူများ၊ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရန်။
(ဃ) ILO ၏ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသော တပ်မတော်သားများအပါအ၀င် အစိုးရအမှုထမ်းများ ကျူးလွန်သည့် အဓမ္မခိုင်းစေမှုပြစ်မှု ပပျောက်ရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။
(င) ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုအမှုများ တရားစွဲဆိုရေး၊ စုံစမ်းစစ်ဆေးရေး စသည့်လိုအပ်သည့် လုပ်ပိုင်ခွင့်များအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ပေးအပ်ထားရန်၊
(စ) အဓမ္မခိုင်းစေမှုနှင့် ကလေးများစစ်မှုထမ်းဆောင်စေမှုတို့ ပါဝင်သည့် လူကုန်ကူးမှုများတွင် ပတ်သက်သည့် အမှုထမ်းများကို စစ်ဘက်/အရပ်ဘက်မှ တရားစွဲဆိုမှုများကို ထင်သာမြင်သာရှိသည့် အချက်အလက်များ စုဆောင်းထားရှိမှုစနစ် ထားရှိရန်။
(ဆ) လက်နက်ကိုင် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော ကလေးများအား ဖော်ထုတ်ကာ တပ်မှနုတ်ထွက်ခွင့်ပြုရန်။
(ဇ) UN ၏ လုပ်ငန်းစီမံချက်ပါအတိုင်း စစ်ဘက်ဆိုင်ရာသင်တန်းများ၊ တပ်သားသစ်စုဆောင်းသည့်ဌာနများ၊ တပ်စခန်းများသို့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့များ စိစစ်ခွင့်ပြုမှုကို လိုက်နာဆောင်ရွက်ရန်။
(ဈ) တပ်ပြေးကလေးများ၊ တပ်မှထွက်ပြေးရန် ကြိုးပမ်းအားထုတ်သည့် ကလေးများအား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ မပြုရန်။
(ည) ပြည်တွင်းတွင် လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းပေးရေး လုပ်ထုံးလုပ်နည်းများနှင့် တရားဝင်စိစစ်မှုများ တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
(ဋ) လူကုန်ကူးခံရသူများ၏ဂေဟာများ၊ အမျိုးသားလူကုန်ကူးခံရသူများ အကူအညီပေးရေး၊ တပ်မှထွက်လာသည့် ကလေးများအတွက် ပြန်လည်ပေါင်းစည်းရေး စသည့်လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ပေးရန်၊ ထိုသို့ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဌ) လူကုန်ကူးခံရသူများကို ဗဟိုပြုသည့် ချဉ်းကပ်မှုမျိုးဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရန်၊ တရားစီရင်ရေးတွင် လူကုန်ကူးခံရသူများပါဝင်အောင် စည်းရုံးမည့်ဝန်ထမ်းတစ်ဦး ခန့်ထားဆောင်ရွက်ရန်၊
(ဍ) သံအရာရှိများ ပြည်ပတွင် အိမ်ဖော်များအပေါ် လူကုန်ကူးမှု ကျူးလွန်မှုမရှိစေရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများအား အသိပညာပေးရန်၊
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့တွင် အမေရိကန်သံရုံးမှ သံအရာရှိများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့တွေ့ဆုံကာ လာမည့်နှစ်ထုတ်ပြန်မည့် အစီရင်ခံစာများအတွက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများအား မေးမြန်းမှု၊ သတင်းအချက်အလက် ရယူမှုတို့ ပြုလုပ်ခဲ့ကြသည်။
ယခုနှစ် အစီရင်ခံစာတွင် ပါဝင်သော အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ အခက်အခဲများ စသည့်အချက်များကို အဓိကထား ဆွေးနွေးကြသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး ထပ်မံဖြည့်တင်းရန် ဆောင်ရွက်နေမှု၊ ပြည်တွင်းလူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများအတွက် စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ်များ အရည်အသွေးရှိရှိ ဆောင်ရွက်နိုင်ရန် အာရှ-သြစတြေးလျ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်မှ ဆောင်ရွက်ပေးနေမှုများ၊ ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆောင်ရွက်နေသော မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်များ မျှဝေပေးသောစင်တာ (Information center for trafficking in persons) ၏ ဆောင်ရွက်နေမှုများ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဆောင်ရွက်နေသော Overseas Employment Law အား ပြန်ပြင်ရန် လုပ်ဆောင်နေမှု နည်းဥပဒေရေးဆွဲရန် ပြင်ဆင်နေမှု၊ အနိမ့်ဆုံးလုပ်ခနှင့် ပတ်သက်သည့် ပြဌာန်းချက်များ ဆောင်ရွက်မှု၊ ရန်ကုန်လေဆိပ်တွင် ရွှေ့ပြောင်းအလုပ်သမားများ သွားလာရာတွင် သတင်းပို့ကောင်တာများ ဖွင့်လှစ်ထားရှိမှု၊ မကွေး၊ မော်လမြိုင်နှင့် ဘားအံမြို့တို့တွင် Migrant Resource Center ဖွင့်ကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်တွင်းတွင် အလုပ်ရရှိရေး ဆောင်ရွက်နေမှုများ၊ လူကုန်ကူးခံရသူများကို ဗဟိုပြုချဉ်းကပ်နည်းဖြင့် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြကြရသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်များ မျှဝေပေးသောစင်တာ (Information center for trafficking in persons) သည် (Japan International Cooperation ,JICA) ၏ အထောက်အပံ့ဖြင့် တည်ထောင်ထားသည့် စင်တာဖြစ်သည်။ ၂၀၁၄ ခုနှစ် မေ ၈ ရက်တွင် စတင်ဖွင့်လှစ်ထားသည်။
လူကုန်ကူးခံရသူများ (တစ်ဖက်နိုင်ငံမှ ပြန်လာသူများ) ထဲမှ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများ လာရောက်ဆက်သွယ်လာသည့်အခါ လုပ်ငန်းခွင်သင်တန်းများပေးခြင်း၊ အလုပ်သမား၊ အလုပ်အကိုင်၊ လူမှုဖူလုံရေး ၀န်ကြီးဌာနဖြင့် ချိတ်ဆက်ပေးကာ အလုပ်အကိုင် ရှာဖွေပေးနေသည်။
ပြည်ပရောက်နေသူများက ဒုက္ခရောက်နေသည့်အခါ တယ်လီဖုန်းဆက်သွယ်လာပါက အကူအညီပေးနေသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ စေလွှတ်ခဲ့သော အလုပ်အကိုင်ရှာဖွေပေးသည့် အေဂျင်စီများထံ အသိပေးကာ အလုပ်ပြောင်းလဲလုပ်ကိုင်စေခြင်း စသည့်အကူအညီများပေးနေသည်။ ထို့အပြင် အိမ်တွင်းအကြမ်းဖက် ခံရမှုများကို တိုင်ကြားလာသည့်အခါ အကူအညီပေးဆောင်ရွက် လျက်ရှိသည်။ လစဉ်တိုင်ကြားလာသည့် အမှုပေါင်း ၂၇ မှုခန့်အထိ ရှိနေသည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ (ရန်ကုန်)မှ တပ်ဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းချိတ်ဆက် ဖြေရှင်းပေးလျက် ရှိသည်။ တစ်လတစ်ကြိမ် Task force meeting ပြုလုပ်ကာ ပူးပေါင်းဆွေးနွေးလျက်ရှိသည်။
မြန်မာနိုင်ငံအတွက် အကြံပြုချက် ၁၃ ချက်တွင် ကလေးစစ်သားကိစ္စနှင့် သက်ဆိုင်သည့်အချက် (၆) ချက်ခန့် ပါဝင်နေသည်။
ထိုအချက်များနှင့် ပတ်သက်ပြီး၊ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘထံအပ်နှံပေးမှု ရှစ်ကြိမ်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် ၁၈ လတာ လုပ်ငန်းစီမံချက်ကို UNCT-FMR ( United Nations Country Task Force on Monitoring and Reporting) နှင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းစီမံချက်သက်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပထမခြောက်လ၊ ၂၀၁၄ ခုနှစ် ဇွန် ၂၈ ရက်တွင် ဒုတိယခြောက်လ သက်တမ်းတိုးမြှင့် လုပ်ဆောင်ခဲ့ကြသည်။ တာဝန်ရှိသူများကို စစ်စည်းကမ်းအရ အရေးယူခဲ့သူ စုစုပေါင်း ၃၁၉ ဦးရှိနေပြီဖြစ်သည်။
ထိုသို့ လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးကြရာတွင် လူကုန်ကူးမှုကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ Sanction Board ထိ တင်ပြပြီးမှ တရားစွဲဆိုနေရမှု၊ အမှုလိုက်စရိတ်ကုန်ကျမှု၊ ဥပဒေပြန်လည်သုံးသပ်ကာ ပြင်ဆင်သင့်မှုများ၊ နယ်စခန်းရဲတပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ အမှုတည်ဆောက်မှုတို့ ပါဝင်ကြသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဌာနဆိုင်ရာအသီးသီး၏ လုပ်ဆောင်ချက်များမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမှသာ မြန်မာနိုင်ငံအတွက် အဆင့်သတ်မှတ်ချက် တိုးမြင့်လာမည်ဖြစ်သောကြောင့် ၀န်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကလည်း အဓိကကျသည့်ကဏ္ဍတွင် ပါဝင်နေပေသည်။

Credit - Eleven Media Group
No comments:
Post a Comment