Tuesday, December 2, 2014

ဘယ်ကိုင်းလား၊ ညာကိုင်းလား (ဆောင်းပါး)

Written by  စည်သူအောင်မြင့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ချောင်းဦး အမတ် ဦးစောလှထွန်းက "မိမိနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော (Brand New) ဘယ်မောင်း ကားအသစ်များကို သက်သာသော အခွန်နှုန်းထားဖြင့် သုံးစွဲခွင့်ပြုရန်နှင့် အခြားနိုင်ငံမှ တင်သွင်းမည့်ကားများကို မတင်သွင်းမီ နိုင်ငံတကာစံချိန်မီ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ အရည်အသွေး စစ်ဆေးခြင်းလက်မှတ် (Inspection Certificate) ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ" ဆိုတဲ့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စီးပွားကူးသန်း ဝန်ကြီး ဦးဝင်းမြင့်က လက်ရှိကားတွေ ဘယ်လိုသွင်းနေတယ် ဆိုတာကို ယေဘုယျသဘော ဖြေသွားပြီး မေးခွန်းရဲ့ အဓိကအကျဆုံးအပိုင်းဖြစ်တဲ့ ဘယ်မောင်း
ကားတွေချည်းပဲ သွင်းခွင့်ပြုမလား၊ မပြုဘူးလား ဆိုတာကိုတော့ ဖြေမသွားပါဘူး။ မြန်မာပြည် အတွက် လက်ရှိဘယ်လို ကားမျိုးတွေ တင်သွင်းခွင့်ပြုနေတယ်၊ ဒါဟာ တိုင်းပြည်ရဲ့လမ်းစနစ်နဲ့ ကိုက်ညီခြင်း ရှိ မရှိ၊ ကားတင်သွင်း ခွင့် ပေါ်လစီ ဘယ်လိုချမှတ်သင့်တယ်ဆိုတာ ဆွေးနွေးကြည့်ကြရအောင်။

အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ပြည်ပကနေ ကားတင်သွင်းမှု ပိတ်ပင်ထား တာကို ဖြေလျော့ပေးခဲ့ပါတယ်။ ပြည်တွင်းမှာသုံးနေတဲ့ အလွန်အိုမင်း ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေကို ဖျက်ဆီးဖို့ လာအပ်ရင် ကားတင်သွင်းခွင့် ပါမစ်တစ်စောင်ထုတ်ပေးတဲ့နည်းနဲ့ ကားသွင်းခွင့်ပြုပါတယ်။ လူတစ်ဦးချင်းစီကိုလည်း သတ်မှတ် မော်ဒယ်အမျိုးအစား ကားတင်သွင်းခွင့် ပြုပါတယ်။ လက်ရှိ ကားဟောင်းအပ် ကားသစ်လဲတာ၊ တစ်ဦးချင်း အပါအဝင် အခြား ခေါင်းစဉ် အမျိုးမျိုးနဲ့ သွင်းခွင့်ပေးတာ၊ ကားအရောင်းပြခန်းတွေကို တင်သွင်းခွင့်ပေးတာ အားလုံးပေါင်းရင် ကားစီးရေ လေးသိန်းကျော် တင်သွင်းခွင့် ပေးခဲ့ပြီ ဖြစ်ပါတယ်။ နည်းတဲ့ ကားအရေအတွက် မဟုတ်ပါဘူး။

အဲဒီကားတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်၊ တစ်နည်းပြောရရင် အားလုံးနီးပါးဟာ ဂျပန်က တင်သွင်းတဲ့ တစ်ပတ်ရစ် ကားတွေပါ။ ဂျပန်နိုင်ငံဟာ ဘယ်ကပ်မောင်း လမ်းစနစ် ကျင့်သုံးတာမို့ သူ့ဆီမှာ သုံးပြီးဖြစ်တဲ့ တစ်ပတ်ရစ်ကား အားလုံးဟာလည်း ဘယ်ကပ်မောင်းစနစ်နဲ့ ကိုက်ညီတဲ့ ကားမောင်းသူ လက်ယာဘက် ထိုင်မောင်းရတဲ့ 'ညာကိုင်း' ကားတွေချည်းပါ။ ဒီအတွက် လက်ရှိ လမ်းစနစ်နဲ့ မကိုက်ညီသလို ကားမောင်းသူ၊ ကားစီးသူ၊ လမ်းဖြတ်ကူးသူ အားလုံး အန္တရာယ်မကင်းပါဘူး။ ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ အမြော်အမြင်ဉာဏ် ကင်းမဲ့မှုကြောင့် အခုလို ကြီးမားတဲ့ ပြဿနာကြီး ပေါ်ပေါက်လာတာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်ရင် တရုတ်နိုင်ငံကြီးဟာ ညာကပ်မောင်း စနစ်ပါ။ မြန်မာနိုင်ငံနဲ့ တူပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ဘယ်ကပ်မောင်းပါ။ မြန်မာနဲ့ မတူပါဘူး။ ကမ္ဘောဒီးယားနိုင်ငံ ညာကပ်မောင်းပါ။ မြန်မာနဲ့ အတူတူပါပဲ။ သေချာတာတစ်ခု
ကတော့ အဲဒီနိုင်ငံတွေကို သွားကြည့်လိုက်ရင် နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူ့နိုင်ငံရဲ့ လမ်းစနစ်နဲ့ကိုက်ညီတဲ့ ကားတွေကိုပဲ ထုတ်လုပ်၊ တင်သွင်း၊ အသုံးပြုကြပါတယ်။ အန္တရာယ်အလွန်များတဲ့ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားတွေကို ဘယ်နိုင်ငံမှာမှ ခွင့်ပြုထားတာ မတွေ့ရပါဘူး။ ယုတ်စွအဆုံး ပြည်သူတွေ ဆင်းရဲတဲ့၊ စစ်ဘေးစစ်ဒဏ်က လွတ်မြောက် တာတောင် သိပ်မကြာလှသေးတဲ့၊ လူဦးရေ နည်းပါးတဲ့ ကမ္ဘောဒီးယားလို နိုင်ငံတောင် သူ့နိုင်ငံလမ်းစနစ်နဲ့ ကိုက်ညီတဲ့ 'ဘယ်ကိုင်း' ကားတွေကိုပဲ တင်သွင်းအသုံးပြုနေကြတာ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံလို အထိုက်အလျောက် ကြီးမားကျယ်ပြန့်တဲ့နိုင်ငံ၊ လူဦးရေကလည်း အထိုက်အလျောက် များပြားတဲ့ နိုင်ငံတစ်နိုင်ငံမှာ အစိုးရရဲ့ အမြော်အမြင်ကင်းမဲ့မှုကြောင့်သာ အခုလိုလမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားတွေကို နိုင်ငံအနှံ့ အသုံးပြုနေရတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲ ကားသွင်းတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဂျပန်ကနေ ကားတင်သွင်းတာကို ကျွမ်းကျင်ကြပါတယ်။ အဆက်အသွယ်တွေ ရှိကြပါတယ်။ ဒီ လက်တစ်ဆုပ်စာ ကားတင်သွင်းသူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ မျက်နှာကိုပဲ ကြည့်ပြီး ခုလို ကိုယ့်နိုင်ငံ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားတွေကို တင်သွင်းခွင့်ပြုခဲ့လေသလား၊ အတော့်ကို သံသယပွားစရာ ဖြစ်ပါတယ်။

ခုဆိုရင် ရန်ကုန်မှာ ကားကျပ်နေတဲ့ ပြဿနာနဲ့ ဆက်စပ်ပြီး ကားတင်သွင်းခွင့် မူဝါဒ ဘယ်လိုပြောင်းရင် ကောင်းမလဲ စီးပွားကူးသန်း ဝန်ကြီးဌာနက စဉ်းစားနေပါပြီ။ ထုံးစံအတိုင်း လက်တစ်ဆုပ်စာ ကားသွင်းတဲ့ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံသူတို့ရဲ့ စကားတွေကိုပဲ တလေးတစား နားထောင်တာ လုပ်နေပါပြီ။ တကယ့် တကယ်အစိုးရအနေနဲ့ လုပ်ရမှာက အရင် အာဏာရှင်ဟောင်း ဦးနေဝင်း ဖန်တီးသွားခဲ့တဲ့ လက်ျာ၊ ညာဘက်ကပ်မောင်းတဲ့ လမ်းစနစ် ဟာ ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီသေးရဲ့လား၊ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်းတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဥဒဟို ဝင်ထွက်သွား လာရတော့မယ့် ခေတ်သစ်မှာ ဒီညာကပ်မောင်း လမ်းစနစ် အဆင်ပြေသေးလား အသေအချာ ဆန်းစစ်ရပါမယ်။

တကယ်လို့များ လမ်းစနစ်ပြောင်းမယ်ဆိုရင်တော့ လက်ရှိတပ်ဆင်ထားတဲ့ မီးပွိုင့်တွေ အချက်ပြစနစ်တွေ အားလုံး ပြန်ပြီး ပြောင်းလဲ ရမှာ ဖြစ်သလို၊ ညာကပ်မောင်းနဲ့ နေသားကျနေတဲ့ ပြည်သူတွေရဲ့ အနေအထားလည်း ပြောင်းလဲရမှာဖြစ်တယ်ဆိုတာ ထည့်တွက် ရပါမယ်။ ကောင်းပါပြီ။

လမ်းစနစ်ကို ဒီအတိုင်းထားမယ်လို့ ယတိပြတ် ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ မြန်မာနိုင်ငံ လမ်းစနစ်နဲ့ ကိုက်ညီမယ့် 'ဘယ်ကိုင်း' ကား
တွေကိုပဲ တင်သွင်းခွင့်ပြုဖို့၊ တစ်ပြိုင်နက်တည်း ဈေးပေါတဲ့ 'ဘယ်ကိုင်း' ကားတွေ ပြည်တွင်းမှာထုတ်လုပ်နိုင်ရေး နိုင်ငံတကာ ကားကုမ္ပဏီတွေကို ခွင့်ပြုပေးဖို့ စဉ်းစားရပါလိမ့်မယ်။ ပြောချင်တာက လက်ရှိ ဂျပန်တစ်ပတ်ရစ် 'ညာကိုင်း' ကားတွေ သွင်းနေတာကို လုံးဝရပ်ပစ်ဖို့ လိုပါလိမ့်မယ်။

အဲဒီအတွက် စိတ်မပူပါနဲ့။ စီးပွားရေး သမားတွေဟာ မြန်မာနိုင်ငံလမ်းစနစ်နဲ့ ကိုက်မယ့် 'ဘယ်ကိုင်း' ကားတွေကို ဈေးသက်သက်သာသာနဲ့ ဘယ်ဈေးကွက်ကသွင်းမလဲ သူတို့ဘာသာ သူတို့ ကြိုးစားရှာဖွေကြပါလိမ့်မယ်။ အစိုးရဘက်က ထိန်းညှိပေးရမှာက အဲဒီကားတွေအပေါ်
ကောက်ခံမယ့် အခွန်နှုန်းထားကို သင့်တင့်အောင် ထားပေးဖို့ပါပဲ။ ပြည်တွင်းက ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံက ပြည်သူတွေ ကားဝယ်စီးရတဲ့ ဈေးနှုန်းနဲ့ မတိမ်းမယိမ်းနှုန်းတွေနဲ့ ကားဝယ်စီးနိုင်အောင် ဖန်တီးပေးဖို့ပါပဲ။ ဒီအတွက် အမြော်အမြင်မဲ့လွန်းတဲ့ လက်ရှိကျင့်သုံးနေတဲ့ တိုင်းပြည်ရဲ့ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ 'ညာကိုင်း' ကားတွေ တင်သွင်းခွင့် ပိတ်ပင်ပြီး လမ်းစနစ်နဲ့ ကိုက်ညီတဲ့ 'ဘယ်ကိုင်း' ကားတွေကိုပဲ သွင်းဖို့ စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ဖို့ အချိန်လွန်တောင်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment