Thursday, December 4, 2014

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အိမ် ကျပ်သန်းလေးရာ အကုန်ကျခံ ဆောက်လုပ်မည်

မန္တလေး၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် တည်ဆောက်ရေးအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ကျပ်သန်းလေးရာ အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအရ သိရသည်။

“ဝန်ကြီးချုပ်အိမ်ဆောက်ဖို့ သုံးစွဲတာ များလား မများဘူးလားဆိုတာ သုံးတဲ့ပစ္စည်းနဲ့ ဒီဇိုင်းကိုကြည့်ပြီး သုံးသပ်လို့ရမှာ” ဟု မန္တလေးမြို့တော်အခြေစိုက် CAD ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇင်မင်းဆွေ က ဆိုသည်။

အဆိုပါဘဏ္ဍာနှစ် အတွင်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းအတွက် ကျပ် သန်းခြောက်ထောင်ကျော် လျာထားရာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေနှင့် ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာများကို လက်ရှိထက် ပိုမိုဆောက်လုပ်သင့်ကြောင်း (၁၁) ကြိမ်မြောက် တိုင်းဒေသကြီး လွှတ်တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ညောင်ဦးမြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ထည့်သွင်းဆွေးနွေးခြင်း ဖြစ်သည်။

“လာမယ့်ရွေးကောက်ပွဲအပြီး တက်လာမယ့် ဝန်ကြီးချုပ်နေအိမ်အတွက် ဆောက်မယ်လို့ သိရတယ်။ လက်ရှိနေအိမ်က လွှတ်တော်ရုံးနဲ့ နီးနေတော့ သီးသန့် နေလို့ရအောင်လို့ ဆောက်မှာ” ဟု ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေးက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနှင့် မန္တလေးတိုင်းဒေသကြီး အတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျပ်သန်းပေါင်း တစ်သောင်းကျော်၊ တိုင်းဒေသကြီး ဘတ်ဂျက်မှ ကျပ်သန်းပေါင်း သုံးသောင်းနီးပါး သုံးစွဲသွားမည် ဖြစ်ကြောင်း လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် အဆိုပြုချက် မူကြမ်းတွင် ဖော်ပြထားပြီး အဆိုပါမူကြမ်းကို ဒီဇင်ဘာလ ၄ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ ငွေစာရင်းအရ ဘတ်ဂျက်လိုငွေ ကျပ်သိန်းပေါင်း တစ်သိန်းကျော်ရှိရာ အဆိုပါလိုငွေကို ပြည်ထောင်စုအစိုးရ ထံမှ ထောက်ပံ့ပေးရန် တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ထည့်သွင်းပြောကြားသည်။

Credit - The Voice

No comments:

Post a Comment