အမေရိကန် ပြည်ထောင်စု အခြေစိုက် နိုင်ငံရေးပါတီများ
ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (International Republican Institute) က
မြန်မာနိုင်ငံထဲက ပါတီတွေအနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီတစ်ခုတည်းကိုပဲ ရွေးကောက်ပွဲ အောင်ဖို့ သင်တန်းပေးတာဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်းတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က
သတိပေးစာ ပေးပို့ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက
ပြောပါတယ်။
ဖျာပုံမြို့နယ် ခရိုင်အဆင့် ပါတီရုံးခန်းမှာ နိုဝင်ဘာလ
၁၇ ရက်နေ့က မြို့နယ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် နှစ်ရာဦးလောက်ကို
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်တွေ သင်တန်းပို့ချခဲ့လို့
ခုလို သတိပေးရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“သင်တန်းပေးမယ်ဆိုရင် ပါတီအားလုံးကို သင်တန်းပေးရမယ်” လို့လည်း သူက ပြောပါတယ်။
ခုလို တစ်ပါတီတည်းကိုပဲ သင်တန်းပေးတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ
၄၀၇(ဂ) နိုင်ငံခြား တိုင်းပြည်တစ်ခုမှ အစိုးရ(သို့မဟုတ်) ဘာသာရေး
အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်း တစ်ခုထံမှ ငွေကြေး၊ ပစ္စည်း
အခြားအထောက်အပံ့ များ ရယူရင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်
ရပ်တည်ပိုင်ခွင့်မရှိ ဆိုတဲ့ အချက်နဲ့ ငြိစွန်းနိုင်တယ်လို့လည်း
ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက “ကျွန်တော်တို့
Information အသေးစိတ်ကို မေးနေဆဲဖြစ်လို့ လတ်တလောတော့ ဘာမှ
မပြောနိုင်သေးပါဘူး” လို့ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အခြေစိုက်
နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (International Republican
Institute) ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ရွေးကောက်ပွဲ၊
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ
ပို့ချနေတာဖြစ်ပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment