– ရွှေကူမေနှင်း
စာပေဟောပြောပွဲစင်ကို နိုင်ငံရေးစင်သဖွယ် ရည်ရွယ်ချက်ကြီးကြီးဖြင့် အသုံးချလာကြ . . . စာပေဟောပြောပွဲ သည် နိုင်ငံရေးဟောပြောပွဲကဲ့သို့ တိုက်ရိုက်စည်းရုံး၍မဖြစ်၊ စာပေဟူသည် အနုပညာတစ်ရပ်ဖြစ်ရာ ဟောပြော မှုသည်လည်း အနုပညာတစ်ခုပင်ဖြစ်၏။ လူထု အားဝေမျှရာတွင် မိမိပြောစကားများက လူထုအတွက်ဟု စေတ နာမှန်သည့်တိုင် အစွန်းနှစ်ပါးလွတ်ရန် အရေးကြီး၏ . . .
~~~~~~~~~~~~~~~~~~~~~~
ပရိသတ်ရှေ့တွင် စင်မြင့်ထိုးထားပြီး စကားပြောစင်၌ မတ်မတ်ရပ်လျက် လူထုအား စကားပြောခြင်းကို ““ဟော ပြောပွဲ”” ဟု ခေါ်ကြပါသည်။ ဗုဒ္ဓဘာသာတရားပွဲက ပလ္လင်ပေါ်တွင် ထိုင်၍ဟောခြင်းဖြစ်၏။ မတ်တတ်ရပ် ဟော ပြောပွဲတွင် နိုင်ငံရေး ဟောပြောခြင်းနှင့် စာပေဟောပြောခြင်း ဟူ၍ နှစ်မျိုးရှိသော်လည်း ယခုအခါမှာ ကားရော ပြွမ်းလျက်ရှိနေသည်။ ခေတ်၏ တောင်းဆိုမှုအရ ယခုကဲ့သို့ ရောလာခြင်း ကို အပြစ်ဆို၍ မဖြစ်ပါ။ သို့သော် မိမိ က စင်ပေါ်မှနေရခြင်း၊ ပရိသတ်ကအောက်မှ နားထောင်ရခြင်းဖြစ်ရာ သတိပြုဆင်ခြင်စရာ များစွာရှိနေသည်။
လွန်ခဲ့သော ၂နှစ်ခန့်က စာပေဟော ပြောစင်ပေါ်မှ စာပေလောကသား တစ်ဦး အပြောကြမ်းသည်ဆိုပြီး ပွဲစီစဉ် သူများကို အပြစ်ပေးခြင်း၊ ထိုနယ်မြေတိုင်းဒေသကြီး တစ်ခုလုံး၌ ဟောပြောပွဲပိတ်ပစ်ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ အပြောကြမ်းသည်ဆိုခြင်းမှာ လက်ရှိအာဏာပိုင်များကို ထိပါးခြင်းဟု ဆိုသည်။ ထိုသို့သော ဖြစ်စဉ်တွင် ဥပဒေ လမ်းကြောင်းအရ ပြောသူကာယကံရှင်ကိုသာ အသရေဖျက်မှုဖြင့် အရေးယူရမည်ဟု သဘောပေါက်ကြသည်။ သို့သော် ““ကြွက်မနိုင်ကျီမီးရှို့””ထုံးတမ်းအရ နောင်မလုပ်ဖြစ်အောင် ပွဲစီစဉ်သူများနှင့် နယ်မြေတစ်ခုလုံးကို လုပ်ပိုင်ခွင့် ရုပ်သိမ်းခဲ့ခြင်းအတွက် နစ်နာသူများမှာ ပြည်သူလူထုသာ ဖြစ်ခဲ့သည်။ ပြည်သူ့အခွင့်အရေးများ ဆုံး ရှုံးခဲ့ရသည်။ စာပေဟောပြောပွဲဟု ခေါင်းစည်းတပ်ထားသဖြင့် စာပေလောကတစ်ခုလုံး ဂုဏ်သိက္ခာကျဆင်းခဲ့ ရတော့သည်။…
အားလုံးသိရှိကြသည့်အတိုင်း စာပေ ဟောပြောပွဲဆိုသည်မှာ မြန်မာနိုင်ငံတွင်သာ ထွန်းကားသော ““ယဉ်ကျေး မှု””တစ်ရပ်ဖြစ်ရာ နိုင်ငံခြားသားများ အံ့သြကြရသည်။ ဤစာရေးသူ၏ မိတ်ဆွေတစ်ဦးဖြစ်သော အင်္ဂလန်မှ စာရေး ဆရာမတစ်ဦးသည် မိမိဟောပြောသောနေရာသို့ အရောက်လာကာ နားထောင်ဖူးသည်။ ဟောပြောပွဲပြီး သော အခါ ပရိသတ်တွင်း ရောက်နေသော သူ့ကိုနှုတ်ဆက်ပြီး ““ကိုယ်ပြောတာတွေ နားလည်လို့လား””ဟု မေးရာ အင်္ဂလိပ် စကားတစ်လုံးနှစ်လုံး ညှပ်ပြောခဲ့သည်ကို တော့နားလည်သည်ဟုဖြေ၏။ မြန်မာစကားများကို နားမလည်ပါ။ သို့သော် ပွဲအခင်းအကျင်း၊ ပွဲပုံသဏ္ဌာန်၊ ပွဲရှုခင်း၊ ပွဲ၏အသက်ဝင်မှုများကို ကြည့်ရင်း သူကြည်နူး ပျော်ရွှင်မိသည်ဟု ပြောလေသည်။
မြန်မာနိုင်ငံတွင် ဤသို့သော စာပေစင်မြင့်ဟောပြောပွဲများကို စတင်ခဲ့သော ဆရာကြီးများ၏ ကျေးဇူးကြီးမားပါ သည်။ ကျွန်မအနေနှင့် ကိုယ်တိုင်သိမီခဲ့ရသော ဆရာကြီးများမှာ ဆရာသုခ၊ ဆရာသိန်း ဖေမြင့်၊ ဆရာဇ၀န၊ ဆရာတက္ကသိုလ် ဘုန်းနိုင်၊ ဆရာနန်းညွန့်ဆွေ၊ ဆရာရန် အောင်စသည်တို့ဖြစ်၏။ ထိုဆရာများသည် စင်မြင့် ထက်မှ စကားပြောရာတွင် ပရိသတ်ကို အလွန်လေးစားမှုပြကြသည်။ ဟောပြောသော အကြောင်းအရာများမှာ စာပေသက်သက်ဖြစ်ပြီး မသိဖူး၊ မဖတ်ဖူးသူများအတွက် တစ်ထိုင်တည်းနှင့် ဗဟုသုတတိုးပွားရ၏။ ထို့ပြင် အာဝဇ္ဇန်းရွှင်သော ဆရာများ၏ ဟောပြောမှုများက ပရိသတ်ကို ရွှင်မြူးစေပါသည်။ (အငြိမ့် လူရွှင်တော်များနှင့် လည်း မတူပါ။)
၁၉၈၈ နောက်ပိုင်းတွင်ကား အထက်ပါ ဟောပြောပွဲများ တိမ်ကောလုနီးပါး ဖြစ်ခဲ့ရသည်။ လုံခြုံရေးအရ လူစုခွင့် မပြုဟု ဆိုသည်။ ဤသို့ဖြင့် ဟောပြောပွဲအစဉ် အလာခါးပြတ်လုနီးပါးဖြစ်ခဲ့ရာ အနည်း အကျင်းဟောပြောခွင့်ရ သူများက စာပေ ဟောပြောပွဲဆိုလျှင် ပြက်လုံးပြက်တတ်ရမည်။ သီချင်းဆိုပြရမည်ဟု လွဲမှားစွာမှတ် သားခဲ့ကြ ပြီး ပြက်လုံးထုတ်ကြရာ““အောက်လုံး””ခေါ် ညစ်ညမ်းစကားလုံးများကို အသုံးပြုခဲ့ကြသည်။ နားလည်သူများက ၀ိုင်းရေးပြီး ဝေဖန်ကြသဖြင့် ယခုတော့ ထိုဆရာမျိုး စင်ပေါ်၌ မတွေ့ရတော့၍ စိတ်အေးရပါသည်။
သို့သော် ခေတ်စနစ် အချိန်ကာလအရ နိုင်ငံရေး အယူအဆများ ကွဲပြားလာရာ စာပေဟောပြော ပွဲစင်ကို နိုင်ငံ ရေးစင်သဖွယ် ရည်ရွယ်ချက်ကြီးကြီးဖြင့် အသုံးချလာကြသည်ကို မြင်လာရသည်။ ကန့်ကွက်ဖွယ် မရှိပါ။ စာရေး ဆရာသည် လူထုနှင့် တစ်သားတည်း နေထိုင်သူဖြစ်သဖြင့် လူထု၏ ခံစားချက်ကို ထပ်တူရရှိသူဖြစ်ရာ လူထု အကျိုးအတွက် အရပ်ဘက်နိုင်ငံရေးကို လုပ်ကြရမည်ပင်ဖြစ်သည်။
ပြည်သူလူထုထံမှ ဆင်းသက်သော အာဏာသည်သာ ဒီမိုကရေစီအစစ်အမှန် ဖြစ်သဖြင့် မူလအာဏာပိုင်ဖြစ် သော လူထုသည် အရာရာကို သိနေဖို့လိုပေသည်။ သိမှု (awareness) သည် အရေးကြီးလှ၏။ မသိ၍ ကျူး လွန်ခဲ့လျှင် အပြစ်ဒဏ်က ခွင့်မလွှတ်ပါ။ ထို့ကြောင့် လူထုသည် အရာရာကို သိထားဖို့၊ နားလည်ဖို့၊ ပါးနပ်ဖို့၊ ချင့် ချိန်တတ်ဖို့ အထူးအရေးကြီးပါသည်။ ပြောတိုင်းယုံနေလျှင်၊ ကြားတိုင်း ယုံနေလျှင် အလိမ်ခံရဖို့သေချာသည်။ ထိုသို့ အလိမ်မခံရအောင် မိမိတို့ဗဟုသုတများကို ဝေမျှခြင်းသည် စာရေးဆရာများ၏ တာဝန်တည်း။
ထို့ကြောင့် ဝေမျှမည့်စာရေးဆရာများ ကိုယ်တိုင်လည်း ပါးနပ်ဖို့လိုပါဦးမည်။ စာပေဟောပြောပွဲ သည် နိုင်ငံရေး ဟောပြောပွဲကဲ့သို့ တိုက်ရိုက်စည်းရုံး၍ မဖြစ်ပေ။ စာပေဟူသည် အနုပညာတစ်ရပ်ဖြစ် ရာ ဟောပြောမှုသည် လည်း အနုပညာတစ်ခုပင်ဖြစ်၏။ လူထုအား ဝေမျှရာတွင် မိမိပြော စကားများက လူထုအတွက်ဟု စေတနာ မှန်သည့်တိုင် အစွန်းနှစ်ပါးလွတ်ရန် အရေးကြီး၏။ ရဲရဲတောက်ဟူသော စကားသည် အနုပညာ မဟုတ်ပါ။ အနု ပညာမှာ အတတ်ပညာပါသည်။ ပရိယာယ်ပါသည်။ ပညာသားပါသည်။ လိမ္မာရသည်။ မငြင်းနိုင်သော အချက် အလက်ပါသည်။ လက်ခံဖွယ်ဖြစ်ရပါမည်။ ဤမျှများပြားလှသော အရည်အသွေးများကို အလေ့အကျင့်ဖြင့် သင်ယူကြရပါသည်။
အလေ့အကျင့်နည်းသူ သို့မဟုတ် အစွန်းနှစ်ပါး မရှောင်နိုင်သူများမှာ စင်ပေါ်မှ နေ၍ ပြစ်မှုကျူးလွန်သူအဖြစ် မိမိကိုယ် မိမိတွန်းချမိလျက်သား ဖြစ်သွားသည်။ ““ကြမ်းကျွံလျှင် နုတ်၍ရသည်။ နှုတ်ကျွံလျှင် နုတ်၍မရ”” ဟူသော စကားအတိုင်း။ ယခု ခေတ်ကဲ့သို့အ သံဖိုင်သွင်းထား၊ ရုပ်ကိုလည်း ဖမ်းထားသောခေတ်တွင် မပြော ပါဟုငြင်း၍ မရပါ။ ဥပဒေအရ အရေးယူလာလျှင် ဥပဒေအရ ရင်ဆိုင်ရဖို့ပဲရှိသည်။
ပြဿနာဆိုသည်မှာ မဖြစ်လျှင်ကောင်း၏။ အလုပ်မပျက်အကိုင်မပျက် ခရီးဆက်နိုင်၏။ ပြဿနာဖြစ်ပြီးမှ ဖြေ ရှင်းနေရလျှင် ရှေ့ခရီး နှောင့်နှေးကြန့်ကြာ သည်။ စေတနာသည် ဝေဒနာအဖြစ်သို့ ပြောင်းပြန်သက်ရောက် သွားတတ်သည်။
““ညောင်သီးလည်းစား၊ လေးသံလည်းနားထောင်””ဟူသော ရှေးစကားပုံမှာ ယခုခေတ်နှင့် ကိုက်ညီလှ၏။ ညောင် သီးကိုလည်း စားရမှဖြစ်မည်။ သို့သော် လေးအပစ်မခံချင်ပါ။ ကိုယ့်လူတွေဘေး ကင်းဖို့လိုသည်။ ကိုယ့် အခွင့်အရေးတွေ ရှင်သန်နေဖို့လိုသည်။
စာပေညီမတစ်ဦးကပြောဖူး၏။
““နယ်က ရွာလေးတစ်ရွာကို ဟောပြောပွဲသွားခဲ့တယ်။ ညီမတို့က ၀တ္ထုအကြောင်းပဲပြောတာပေါ့။ အဲဒါပွဲပြီး သွား တော့ ပွဲစီစဉ်သူတွေက ဝေဖန်တယ်။ ဆရာမတို့က သိပ်ခေတ် နောက်ကျတယ်တဲ့။ အာဏာပိုင်တွေကို ““ဆော်””မှ နားထောင်လို့ ကောင်းတာတဲ့””
ပရိသတ်အားလုံးကမူ ဤလိုမျိုးချည်း မဟုတ်တန်ရာပါ။ အာဏာပိုင်တွေကို ဆော်မှ ကြိုက်သည်။ လက်ခုပ်တီး သည် ဆိုလျှင် ““စာပေဟောပြောပွဲ””ခေါင်းစီးနေရာ၌ ““အာဏာပိုင်များအားအပုပ်ချပွဲ”” ဟု ခပ်ရှင်းရှင်းရေး သင့်သည်ဆိုလျှင် လွန်လေမလား။ ရှင်းရှင်းလင်းလင်းပင် ဗီနိုင်းတွေနှင့် ဆန္ဒပြခြင်းက ပို၍ထိရောက်မည် ထင် သည်။ စာပေဟောပြောပွဲ ဆိုလျှင်တော့ ပညာသားပါမှ၊ အနုပညာပါမှ ဂုဏ်ရှိပါလိမ့်မည်။ ကျက်သရေရှိပါ လိမ့်မည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က အချစ်ဝတ္ထုဖြင့် တစ်ဟုန်ထိုးနာမည်ကြီးလာသော စာရေးဆရာမတစ်ဦးသည် ဟော ပြောပွဲ စင်မြင့်သို့ ရှပ်အင်္ကျီ အပြင်ထုတ်ဝတ်ပြီး တက်၏။ နှုတ်ကလည်း ဖွင့်ပြောသည်။
““ကျွန်မက ပ၀ါတွေဘာတွေနဲ့ အိုက်တင်မခံတတ်ဘူး။ ဒီလိုပဲ လွတ်လွတ်လပ် လပ်ဝတ်ချင်တာမို့ ဒီလိုပဲတက် လာတာ”” ဟူ၍ ဖြစ်၏။ သူ့ကို မည်သူမျှ မဝေဖန်ပါ။ သူ့သဘော သူ့ဆန္ဒအတိုင်းပဲဟုသာ သဘော ထားခဲ့ကြ၏။ မနှစ်က ထိုဆရာမကို စင်ပေါ်မှာမြင်ရ၏။ မြန်မာဝတ်စုံကို ချပ်ချပ်ရပ် ရပ်ဝတ်လျက်၊ ပ၀ါကိုပင် စုံမချဘဲ ““ဒေ၀ီ ခြုံ””ခေါ် ပခုံးရောကျောပါ လုံအောင် ခြုံလျက်ဖြစ်၏။ မြန်မာအမျိုးသမီးများ၏ ပွဲတက်ဝတ်စုံတွင် ““ပ၀ါ””ခြုံနည်း ရှိကြောင်း သူသဘောပေါက်သွားပုံရသည်။ သူ့ရုပ်သွင်ကလည်း လွန်ခဲ့သော ၁၀ နှစ်ကလို ကပိုကရို (သူတို့ အခေါ် ဖရီးစတိုင်လ်) မဟုတ်တော့ဘဲ သိမ်မွေ့ညံ့နုကာ ကျက်သရေရှိနေပါသည်။
ပြောကြသော အကြောင်းအရာများက ခေတ်နှင့်အညီပြောင်းလဲနေမှာ အသေအချာဖြစ်၏။ ရှေးမူမပျက်ဖြစ်ရန် မလိုပေ။ တစ်ပြိုင်တည်းမှာပင် ပရိသတ် ဆူအောင် လက်ခုပ်မျှော် စကားလုံးများချည်း မဖြစ် ရန်လည်းလိုမည် ထင်ပါ၏။ ပရိသတ် ငြိမ်နေခြင်းတွင် ငြီးငွေ့ခြင်းရှိသကဲ့သို့ တစိမ့်စိမ့် သဘောကျနေတာလည်း ရှိပါသည်။
အချို့ဟောပြောသူများက ပရိသတ်လက်ခုပ်တီးရန် သင်္ကေတလေးပင် လုပ်ထားတာမြင်ရ၏။ ကျွန်မ မြန်မာ့ အသံတွင် အမှုထမ်းစဉ်က ““ဟဒယရွှင်ဆေး””ဆိုသော အခန်းတစ်ခုရှိ၏။ ထိုအခန်း အသံလာ သွင်းလျှင် ကျွန်မတို့က လူငယ်များဖြစ်၍ ““ရယ်ရန်ပရိသတ်””အဖြစ် အသံသွင်းခန်းထဲ ၀င်ထိုင်ရသည်။ လူရွှင်တော်က ပြက်လုံးပြောနေစဉ် ကျွန်မတို့က ရယ်ချင်တိုင်း မရယ်ရပါ။ အသံရောသွားမှာ စိုး၍ဖြစ်၏။ လူရွှင်တော်က သူပြက်လုံးဖြုတ်အပြီးမှာ ပရိသတ်က မရယ်ဘဲနေ၍လည်း မဖြစ်သေးပါ။ ထို့ကြောင့် သူရယ်စေချင်သော အခါ လက်ကိုမြှောက်ပြီးပြန်ချ၍ အချက်ပေး၏။ ထိုအခါကျမှ ကျွန်မတို့က ရယ်ကြရပါသည်။ အသံကို တလုံးတခဲရ သည်။
စာပေဟောပြောပွဲကား ဟဒယရွှင် ဆေးအခန်း အသံသွင်းနေခြင်းမဟုတ်သဖြင့် ပရိသတ်က လက်ခုပ်တီးရန် အချက်ပြဖို့ မလိုပါ။ အနုပညာကို ကျွမ်းကျင်လျှင် သူ့နေရာနှင့်သူ လက်ခုပ်တီးကြပါလိမ့်မည်။ (မတီးလည်း ကိစ္စမရှိပါ။) ရည်ရွယ်ချက် ပြည့်မြောက်ဖို့က အဓိကဖြစ်၏။ စာ ပေဟောပြောပွဲဟူသည် ပြည်သူလူထု အသိဝင် ရန်၊ ပါးနပ်ရန်၊ ဆင်ခြင်ရန်၊ ဆုံး ဖြတ်ချက်မှန်ရန် နှိုးဆော်ရုံသာဖြစ်၍ မိမိ ပြောသမျှ လူထုသဘောနှင့် ထပ်တူ ကျချင် မှကျပါလိမ့်မည်။ မိမိသည် ထာဝရဆရာ ကြီးမဟုတ်ပေ။ မျှဝေသူသာဖြစ်ပြီး ပရိသတ်ထဲတွင် မိမိထက် အသိကြွယ်သူ၊ ပါးနပ်သူ၊ ဆင်ခြင်တတ်သူ၊ ဆုံးဖြတ်ချက် မှန်သူအများအပြားရှိနေပါသည်။
မိမိတို့သည် ၊၊၀င်းမှည့်နေသော ညောင်သီးတွေလည်း စားကြပါမည်။ တစ် ပြိုင်နက်တည်းမှာပင် အချိန်မရွေး လာရောက် ထိမှန်နိုင်သော မြားတံဝင့်မည့် လေးညှို့သံကိုလည်း နားစွင့်ကြပါမည်။ အဓိက ဦးထိပ်ထားရန်ကား အစဉ်အလာကြီးမား သည့် မြန်မာလူမျိုးတို့၌သာ ထွန်းကား သော ယဉ်ကျေးမှု ““စာပေစင်မြင့်၏ ဂုဏ် ကျက်သ ရေ”” ကို မနိမ့်ကျစေရေး ဖြစ်ပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment