Tuesday, December 2, 2014

မဟုတ်တာတွေပြောကြစို့ (ဆောင်းပါး)

ဆောင်းပါး - ဖိုးသုဉာဏ်

ကျွန်တော့်ရဲ့ “စိတ်မသက်မသာ ချခဲ့ရသောအမိန့်များ”ဆောင်းပါးကို THE LADIES ဂျာနယ်က facebook တွင်တင်ခဲ့ရာ Like လုပ်သူ ၁၅၀၀ နီးပါးရှိခဲ့ပြီး Comment ပေးသူ ရာနှုန်းပြည့်နီးပါးက နှစ်လိုတဲ့မှတ်ချက်များ ပေးခဲ့ကြပါတယ်။ သုံးဦးလောက်ကတော့ ငြို ငြင်တဲ့မှတ်ချက်ပေးခဲ့ပြီး တစ်ဦးက တရားသူကြီးဆိုရင် ဘယ်သူ့ကိုမှ အထင်မကြီးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အထင်ကြီးတာ၊ အထင်သေးတာကို တားမြစ်တဲ့ဥပဒေမရှိပါဘူးခင်ဗျာ။ လွတ်လပ်စွာ အထင်မကြီးခွင့်ရှိပါတယ်။ ကျွန်တော့် ဆောင်း ပါးကိုဖတ်ပေးတဲ့အတွက် ကျွန်တော်က ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။


ဆရာပြေလွင်မြင့်က “ကျွန်တော်တရား စီရင်ရေးဆောင်းပါးတွေရေးနေတာ တရားရုံး တွေဘက်ကခုခံကာကွယ်တဲ့အနေနဲ့ရေးနေတာမဟုတ်ပါဘူး၊ ကျွန်တော်ရေးတဲ့ ဆောင်းပါးထဲမှာ တရားရုံးနဲ့၊ တရားသူကြီးတွေကောင်း လှပါတယ်လို့ ရေးတာလည်းမရှိပါဘူး၊ တရားရုံးတွေအပေါ် ပုတ်ခတ်ချိုးနှိမ်တဲ့ဝေဖန်မှုတွေကိုဖတ်ရ၊ ကြားရသူတွေ ပြည့်ပြည့်စုံစုံ၊ မှန် မှန်ကန်ကန်၊ မျှမျှတတ ချင့်ချိန်သုံးသပ်နိုင်ဖို့ တင်ပြတာပဲဖြစ်ပါတယ်” လို့ ပြောဖူးပါတယ်။

ကျွန်တော်လည်း ထိုနည်းနှင်နှင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရားသူကြီးတွေလုပ်တဲ့ ကိုင်တဲ့နေရာ ပိုပြီးစိတ်ကောင်း၊ စေတနာကောင်းထား၊ ကိုယ်ချင်းစာတရားနဲ့ လုပ်ကြဖို့ တိုက်တွန်းလိုတဲ့ မျှော်မှန်းချက်လည်း ပါပါတယ်။ ပြီးပြည့်စုံသူ မဟုတ်ပေမဲ့ တတ်နိုင်သမျှအင်အားနဲ့ အကျိုးရှိမယ် ထင်တာတွေကို တင်ပြသွားဦးမှာ ဖြစ်ပါတယ်။

ဒီနေ့တော့ ကျွန်တော့်စိတ်ထဲ မဟုတ်ဘူးထင်တဲ့ကိစ္စတစ်ချို့ကို တင်ပြပါမယ်။

ဒီခေတ်ကြီးဟာအားလုံးသိကြတဲ့အတိုင်း တစ်ဦးချင်းဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ်စေ၊လုပ်နိုင်ကိုင်နိုင်မှလူစဉ်မီ၊ လူတန်းစေ့နိုင်တဲ့ခေတ် ဖြစ်ပါတယ်။ သူများနည်းတူ၊ မလုပ်နိုင်သူ၊ ယောင်ဝါးဝါးလုပ်နေသူ၊ ဟန်ပြလုပ်နေသူများ နောက်ကောက်ကျကျန်ခဲ့မဲ့ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် တကယ် အကျိုးဖြစ်ထွန်းမဲ့အလုပ်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖြစ်ထွန်း အောင်မြင်မယ့် နည်းလမ်းတွေရှာပြီး လက်တွေ့ကျကျလုပ်ဖို့လိုပါတယ်။

လုပ်အားတွေ၊ အကြံကောင်း ဉာဏ်ကောင်းတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အမှန်တကယ် အကျိုးရှိမယ့်နေရာမှာ ပုံအောပြီး သုံးဖို့လိုတဲ့အတွက် မလိုအပ်တဲ့နေရာမှာ အချည်းနှီး အလဟဿဖြုန်းတီးပစ်တာမျိုးမဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်ဒီခေတ်မှာ ဟန်ဆောင်၊ ဟန်ပြ အလုပ်မျိုးကို မလုပ်မိကြဖို့လိုပါလိမ့် မယ်။

ယခင်အစိုးရလက်ထက်က မိုးကျလာပြီဆိုတာနဲ့ သစ်ပင်စိုက်ပွဲတွေ သူ့ထက်ငါ လုပ် ကြပါတယ်။ သစ်ပင်စိုက်တယ်ဆိုကာ အလွန် အကျိုးကျေးဇူးများတဲ့ အလုပ်ဖြစ်လို့ ဦးစားပေး လုပ်ကြရမယ့် အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ပြမဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

အဲ့ဒီခေတ်က သစ်ပင်စိုက်ပွဲတွေမှာပါဝင် ဖူးပါတယ်။ တက္ကသိုလ်တွေ၊ ဆေးရုံကြီးတွေလို အထင်ကရနေရာတွေမှာ လုပ်ကြတယ်။ သစ်တောဌာနက ပန္နရိုက်၊ ကျင်းတွေတူး၊ မြေကြီးတွေ ဖြည့်ထားတယ်။ ကျင်းတွေနားမှာ တန်ဖိုးရှိတဲ့ သစ်ပင်ကနည်းနည်း၊ အပေါစားသစ်ပင်က များများတစ်ပင်^နှစ်ပင်စီ လိုက်ချထားတယ်။

အချိန်တန်တော့ အဝါ၊အပြာ၊အနီ၊အစိမ်း တူညီဝတ်စုံတွေနဲ့ ကျော့ကျော့မော့မော့ ရောက်လာကြပြီး ကျင်းတွေနားမှာနေရယူကြတယ်။ လူကများပြီး ကျင်းကနည်းနေရင် တစ်ကျင်း မှာ နှစ်ယောက်^သုံးယောက်လည်း ဖြစ်တတ်တယ်။ သစ်ပင်စိုက်လာတာ ပေါက်တူး၊ ဂေါ်ပြား ဘာလက်နက်မှ မပါဘူး၊ တချို့ဖိနပ်က မြေပျော့ရင်စီးလို့ မရပါဘူး။

အချိန်တန်တော့ လူကြီးကလာပြီး ပတ်ပတ်လည် အုတ်စီထားတဲ့ကျင်းမှာ ရွှေဆေး သုတ်ထားတဲ့ ဂေါ်ပြား၊ ရေပန်းကရားတွေနဲ့ မြေနှစ်ကော်လောက်ထည့်၊ ရေလောင်း ပါတယ်။ ပြီးတော့ လူကြားမှာ နည်းနည်းလမ်းလျှောက်ရင်း စကားပြောပါတယ်။ အဲ့ဒီအချိန် မှာစောင့်နေတဲ့သူတွေက သစ်ပင်ကိုင်သလို လို၊ မြေကြီးကိုင်သလိုလိုလုပ်ပြီး ဓာတ်ပုံတွေ၊ တီဗီတွေ ရိုက်ပါတယ်။ နောက်တော့ လူကြီးလည်း ကားပေါ်တက်ပြန်ပြီး ကျန်တဲ့လူတွေ လည်း ပြန်ကြတဲ့အခါမှ သစ်တောက ငှား ထားတဲ့အလုပ်သမားတွေနဲ့ မြေတွေပြန်ဖို့ပါ တယ်။ တီဗီတွေ၊ သတင်းစာတွေမှာ လူအင်အား ဘယ်လောက်၊ သစ်ပင်ဘယ်လောက် တစ်ပျော်တစ်ပါးစိုက်ကြောင်း၊ ဘယ်လူကြီးက ကိုယ်တိုင် ဘာသစ်ပင်စိုက်ပြီး သစ်ပင်စိုက်သူများကို အားပေးကြောင်း ကြော်ငြာထည့်ပါတယ်။ အဲဒါ အဲဒီခေတ်က သစ်ပင် စိုက်ပွဲတစ်ခုဖြစ်ပါတယ်။

သစ်ပင်စိုက်ပွဲမှာ လူအင်းအားပြည့်ဖို့၊ ဝါ၊ပြာ၊ စိမ်း၊ နီရောင်စုံပါဖို့ ဆိုင်ရာတွေက ခွဲ တမ်းချ၊ နှိုးဆော်၊ ပို့ဆောင်ရေးတွေလုပ်ရပါ တယ်။ သစ်ပင်စိုက်ပွဲလာသူတွေကို ကောက် ညှင်းပေါင်း၊ အကြော်လိုမျိုး ကျွေးဖို့ စီစဉ်ရပါတယ်။ လိုက်ရမယ့်သူတွေက စောစောစီးစီး အိပ်ယာက မထချင်၊ထချင် ထပြီးအစီအစဉ်အတိုင်း သွားကြရပါတယ်။ ဟိုကျတော့ လုပ်ရတာက တန်းစီရပ်၊ သစ်ပင်လေးကိုင်၊ မြေကြီးတစ်ခဲ၊နှစ်ခဲကျင်းထဲထည့်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ သစ်ပင်စိုက်ပြီး အဲဒီသစ်ပင်တွေရှင် သန်ကြီးထွားအောင် ဘယ်သူက လုပ်မယ်ဆို တဲ့ စီမံချက်ရှိဟန် မတူပါဘူး။ သစ်ပင်တွေရှင်၊ မရှင် ပြန်ကြည့်တာမျိုးလည်း မတွေ့ဖူးပါဘူး။ နောက်နှစ်ကျတော့ မနှစ်ကနေရာမှာပဲ သစ် ပင်စိုက်ပွဲ လုပ်တာလည်းကြုံဖူးပါတယ်။ သစ်ပင်စိုက်ပွဲက ဖြစ်ထွန်းအောင်မြင် လာတဲ့သစ် တောဆိုတာမျိုးလည်း မတွေ့ဖူးသေးပါဘူး။

အချိန်တွေ၊ လုပ်အားတွေ၊ စက်သုံးဆီစတဲ့ ငွေကြေးပစ္စည်းတွေ နှမြောစရာကောင်းလှပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး အဆူအပြောခံရ သူတွေလည်း ရှိခဲ့ပါတယ်။ ပွစိပွစိငြိုငြင်တဲ့ စကားသံတွေလည်း ကြားရပါတယ်။ အကျိုး ထက်အပြစ်များတယ်လို့ ဆိုနိုင်ပါတယ်။ ဒီခေတ်မှာလည်း သစ်ပင်စိုက်ပျိုးပွဲတွေ တွေ့ရ နေဆဲပဲ ဖြစ်ပါတယ်။ လုပ်မယ်ဆိုရင်ကုန်မဲ့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေနဲ့အမျှ အကျိုးဖြစ်ထွန်းဖို့လိုပါတယ်။ ဟိုခေတ်က သစ် ပင်စိုက်ပွဲမျိုးပဲဆိုရင်ဖြင့် မလုပ်တာက တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ အကြံပြု ချင်ပါတယ်။

သတင်းစာ၊ ဂျာနယ်တွေမှာ တရားမဝင် သစ်တွေ ဖမ်းမိတဲ့သတင်းတွေ နေ့စဉ်နီးပါး လောက်တွေ့နေရပါတယ်။ ဧရာမကားကြီးတွေနဲ့ အစင်းရေများစွာ ဖမ်းမိတာမျိုးလည်း ရှိပါတယ်။ အဖိုးတန်သစ်တွေ များပါတယ်။ တော်ရုံလူတွေ မသုံးနိုင်တဲ့ ကျွန်း၊ တမလန်းလို ကောင်းပေ့ဆိုတဲ့ သစ်တွေပါပါတယ်။ အားရ စရာပါပဲ။ တော်တော်လေး အလုပ်လုပ်နေကြတယ်လို့ ထင်ရပါတယ်။

ကျွန်တော်ကတော့ တစ်မျိုးတွေးမိပါတယ်။ ဒီလောက်တောင် ခိုးထုတ်နေကြရင် တိုင်းပြည် မှာ သစ်တောဆိုတာတောင် ရှိပါတော့မလား၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အ လယ်ရိုးမတောစပ်၊ တချို့တောတွင်းကဖြတ် ပြီး ဖောက်ထားလို့ အလယ်ရိုးမတောကြီးကို မြင်ခွင့်ရပါတယ်။ အဲဒီမှာ မျက်စေ့တစ်ဆုံး သစ်ကြီးဝါးကြီး၊ သစ်ကောင်းဝါးကောင်းတွေ မမြင်နိုင်တော့ပါဘူး။ သစ်ပင်ခုတ်ခြင်းနဲ့ ပြန် စိုက်ခြင်း အချိုးကျ ဆောင်ရွက်ခဲ့မယ်ဆိုရင် ဒီလိုမြင်ကွင်းမျိုး မဖြစ်နိုင်ဘူးထင်ပါတယ်။

ရိုးမတောစပ်က ရွာတွေမှာ နေတဲ့သူတချို့နဲ့ အဲ့ဒီဒေသမှာ တာဝန်ကျဖူးတဲ့ ဝန်ထမ်း အချို့က ရွာနဲ့မလှမ်းမကမ်းက ပြောင်တလင်း ခါနေတဲ့ တောင်ကြောကို လက်ညှိုးထိုးပြပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဲဒီနေရာဟာ စိမ်းညို့နေတဲ့ သစ်တောကြီးပေါ့၊ ကျွန်းတော ကြီးပေါ့လို့ ပြောတဲ့အခါ စိတ်ထဲမှာအမည် မဖော်နိုင်တဲ့ ဝမ်းနည်းပမ်းနည်း ဝေဒနာတစ်မျိုးခံစားရပါတယ်။

ဒီလိုတွေ ဖြစ်နေတာ ဘယ်သူတွေကြောင့်လဲ၊ မဖြစ်အောင် ထိန်းသိမ်းဖို့က ဘယ်သူ တွေရဲ့ တာဝန်လဲ၊ အပေါ်ယံဟန်ပြလုပ်နေတာ ဘယ်သူတွေလဲ၊ သစ်တွေကို ကားကြီး၊ ကားငယ်တွေနဲ့ လမ်းပေါ်မြို့ပေါ်ရောက်လာမှ ဖမ်းမယ့်အစား တောထဲမှာတည်းက မခုတ်နိုင်အောင်၊ မထုတ်နိုင်အောင် တားလို့မရဘူးလား၊ ဟိုတုန်းက ကျွန်းတောကြီးတွေရှိခဲ့တဲ့ နေရာမှာ ဘာကြောင့် ပြန်မစိုက်နိုင်ရတာလဲ ဆိုတာတွေ စဉ်းစားရင် စိတ်မချမ်းသာစရာပါ။

ကုမ္ပဏီကျွန်းစိုက်ခင်းတွေနဲ့ပတ်သက်ပြီး လူပျက်တွေ ပြက်တာ အမြဲသတိရပါတယ်။ “ ပြောတတ်လိုက်တာ၊ မင်းပါးစပ်ကလေး ရွှေ ချထားချင်တယ်။ လောလောဆယ် ရွှေဖိုး မရှိလို့ စစ်စီး အရင်သုတ်ထားမယ် ” ဆိုတဲ့ ပြက်လုံးပါ။ ကားလမ်းဘေး လူမြင်ကွင်းလောက်ပဲ ကျွန်းပင်စိုက်ပြီး အတွင်းမှာ သစ်ပင်မစိုက်ခင် မူလရှိရင်းသစ်ကြီးဝါးကြီး၊ တောကြီးတွေ ခုတ်လှဲမီးရှို့ထားတာက ဘယ်အချိန် ရွှေဝယ်နိုင်မှန်းမသိဘဲ စစ်စီးအရင်သုတ်ထားတာ နဲ့ တူနေတယ်လို့ထင်ပါတယ်။ မြေဆီ ဩဇာတွေ နှမြောဖို့ကောင်းပါတယ်။ ရှင်းပြီးရင်မြန်မြန်စိုက်ဖို့လိုပါမယ်။

သစ်တောနဲ့ပတ်သက်ပြီး စီမံချက်တွေ၊ အဆိုတွေ၊ ဆောင်ပုဒ်တွေ အများကြီးတွေ့ပါ တယ်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး၊ ကိုး ခရိုင်စိမ်းလန်းစိုပြေရေး၊ အင်းလေးကန် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးစတာတွေ တွေ့ ဖူးပါတယ်။ ဒါပေမဲ့ ဖြစ်ဖြစ်မြောက်မြောက် သစ်တော စိုက်ခင်းတော့ မတွေ့ရသေးပါဘူး။ သစ်တောနဲ့ ပတ်သက်ပြီး လုပ်ခွင့်ရှိသူတွေက လုပ်ချင်ရာ လုပ်ခဲ့ကြပြီး တောပြုန်းတော့မယ်ဆိုမှ သစ်တောထိန်းဖို့ တိုင်းသူပြည်သား အားလုံးမှာ တာဝန်ရှိတယ်လို့ပြောတာမျိုး ဆိုရင်တော့လည်း သိပ်မဟန်ဘူးထင်ပါတယ်။

ကျွန်တော်သစ်တောဘာသာရပ်ကို မကျွမ်းကျင်ပါဘူး၊ ဒါပေမဲ့ သဘာဝသစ်တောတွေကိုချစ်လို့ ဒီစာရေးရတာဖြစ်ပါတယ်။ သစ်တောထိန်းသိမ်းရေး၊ ပြုစုပျိုးထောင်ရေး နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ အကျိုးဖြစ် ထွန်းအောင်လုပ်ဖို့၊ စီမံအုပ်ချုပ်သူတွေကလည်း လက်တွေ့ လုပ်နိုင်ကိုင်နိုင်အောင် စနစ်တကျ စီမံပေးကြဖို့လိုမယ်လို့ အကြံပြုဆွေးနွေးလိုပါ တယ်။

အရင်ခေတ်ကရော၊ ဒီခေတ်မှာပါလမ်း၊တံတားဆောက်လုပ်တာတွေရှိပါတယ်။ ဖွင့်ပွဲ ကြီးတွေ ခြိမ့်ခြိမ့်သဲ လုပ်ကြတယ်။ တချို့လမ်း တံတားတွေ ဖွင့်ပြီးမကြာခင် ပျက်သွားတယ် ဆိုတာမျိုးလည်း ကြားရပါတယ်။

တစ်လောက စစ်ကိုင်းတိုင်းဘက်မှာ မိုးကြီးတော့ ကွန်ကရစ်တံတားကြီးတွေ အပိုင်းပိုင်း ကျိုးကျကုန်တာ ရှိပါတယ်။ တချို့နေရာ တွေမှာ လမ်းတွေနှစ်စဉ်ပြင်နေရတာ တွေ့ပါတယ်။ ဘယ်လိုကြောင့်လဲ၊ သံကူကွန်ကရစ် တံတားဆိုတာ အဲ့ဒီလောက်ကလေးမှ မခံနိုင်တော့ဘူးလား။ လမ်းတွေကိုလည်း နှစ်စဉ် ပြင်နေရမယ့်အစား တစ်ခါတည်းနဲ့ နှစ်ရှည်ခံ အောင် လုပ်လိုက်လို့မရဘူးလား။ ဘာကြောင့်လဲ၊ ဘယ်သူတွေလုပ်တာလဲ၊ ဘယ်သူတွေက ကြီးကြပ်စီမံတာလဲ၊ ဘယ်သူတွေမှာ တာဝန် ရှိသလဲ စဉ်းစားစရာရှိပါတယ်။

ရန်ကုန်တိုင်းထဲကကျွန်တော့အမျိုးတွေရွာမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကတ္တရာ လမ်း ၁ မိုင်ခင်းခွင့်ကျပါတယ်။ လမ်းခင်းပြီး တော့ တာဝန်ခံအင်ဂျင်နီယာက ရွာမှာ သိန်း ၃၀ လောက် အကုန်ခံလှူသွားတယ်လို့ ပြောပါတယ်။ စဉ်းစားစရာရှိလာပါပြီ။ ဘယ်ငွေနဲ့ လှူတာလဲ၊ လှူတာသိန်း ၃၀ ဆိုရင် သူ့အ တွက် ဘယ်လောက်ကျန်ဦးမလဲ၊ သူဂါရ၀ပြု ရမယ့်သူတွေကို ဘယ်လောက်ပူဇော် ရမလဲ၊ လမ်းအတွက်သုံးရမဲ့ငွေ အပြည့်အဝ လမ်းထဲရောက်ပါ့မလား၊ တွက်ဖို့သိပ်မခက်လောက်ဘူး ထင်ပါတယ်။

ရန်ကုန်-တွံတေး-မအူပင်လမ်းအတိုင်း ကားနဲ့သွားရင် မိနစ် ၅၀ လောက်နဲ့ မအူပင်ကို ရောက်ပါတယ်။ တော်တော်အကျိုးရှိတဲ့လမ်း ဖြစ်ပါတယ်။ ဆိုးနေတာက အဲဒီလမ်းမိုင်တိုင် ၁၅ နဲ့ ၂၂ ကြားလောက်က ကားလမ်းဖြစ်ပါ တယ်။ တခြားနေရာမှာ လမ်းတစ်လျှောက် ကားနှစ်စီး ချောင်ချောင်ချိချိရှောင်နိုင်ပြီး အဲဒီ နေရာရောက်ရင် မရှောင်နိုင်တော့ပါဘူး၊ လမ်းဘေးချပေးရတာ၊ ရပ်ပေးရတာတွေ ရှိလာပါတယ်။ လမ်းက သိသိသာသာ ကျဉ်းသွားပါတယ်။

အဲဒီနေရာရောက်ရင် ရပ်ရ၊ ရှောင်ရ၊ တိုက်မိမှာကြောက်ရနဲ့ ကားမောင်းရ၊ စီးရ တာ တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ခဏလေးကိစ္စ မဟုတ်ပါဘူး။ တစ်လျှောက်လုံးကြုံသွားရမယ့်ကိစ္စပါ။ ပြင်ဖို့လိုနေပါတယ်။

ဘာကြောင့်ပါလဲ၊ လမ်းစီမံကိန်းကြီး တစ်ခုလုံးမှာ ဒီနေရာလေးကျမှ တခြားနေရာထက် ငွေလျှော့ပြီး ချပေးတာတော့ မဖြစ်နိုင်ပါဘူး၊ လုပ်တဲ့သူရဲ့အတ္တကြီးလွန်းမှုကြောင့်ဖြစ်ရတာပါ။ ဘယ်သူလုပ်တာလဲ၊ ဘယ်သူတွေက ကြီးကြပ်စီမံခဲ့တာလဲ၊ မစစ်ခဲ့ဘူးလား၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ အရေးယူဖို့လိုမလား။ စဉ်းစားဖို့လိုပါတယ်။

ပြည်သူ့ဘဏ္ဍာတွေ အလဟဿ ယိုဖိတ်ခဲ့တဲ့ သာဓကတွေပါ။ အဲဒီလိုယိုပေါက်ကြီး ကြီးမားမားတွေ ရှိနေသမျှတော့၊ အလုပ်တစ်ခုလုပ်မယ်ကြံရင် ငါ့အတွက် ဘယ်လောက်ကျန်မလဲဆိုတာ အရင်စဉ်းစားသူတွေများနေသမျှတော့ ကျွန်တော်တို့ လူမွှေးပြောင်ဖို့၊ လူတန်းစေ့ဖို့ မလွယ်သေးဘူးထင်ပါတယ်။ အဲဒီ ယိုပေါက်တွေကို လက်တွေ့ကျမယ့် နည်းနာတွေနဲ့ သေသေချာချာ ပိတ်ဆို့လုပ်ကိုင်ဖို့လိုပါမယ်။
မဟုတ်တာတွေ ဆက်လက်တင်ပြပါဦးမယ်။

Credit - The Ladies News Journal




 

No comments:

Post a Comment