ငွေစာရင်းအားလုံး စုစုပေါင်းပမာဏမှာ ယွမ်သိန်း ၉၀ ရှိပြီး အချို့ငွေစာရင်းများမှာ ထုတ်ယူ၍မရသော်လည်း လွှဲပြောင်းနိုင်
တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ဘဏ်များတွင် မြန်မာ နိုင်ငံသားများ ဖွင့်လှစ်ထားသော ငွေစာရင်းအချို့အား တရုတ်အစိုးရက ပိတ်ပင်ခဲ့ရာ၌ ငွေပမာဏမှာ စုစုပေါင်း တရုတ်ယွမ်ငွေသိန်း ၉၀ (ကျပ်သန်း ၁,၅၀၀ ခန့်) ထိရှိ ပြီး အပိတ်ခံရသည့် ငွေစာရင်းမှာ ၃၀၀ ကျော် ရှိလာကြောင်း သတင်းရရှိသည်။
‘‘ဆန်ကုန်သည်တွေရော၊ ပဲကုန်သည်တွေရော ပါနေလို့ တရုတ်ဘက်က တာဝန်ရှိတဲ့လူတွေကိုသွားမေးတာ အားလုံးပေါင်း ယွမ်သိန်း ၉၀ လောက် ရှိတယ်လို့ ပြောတယ်’’ဟု မူဆယ် အခြေစိုက် ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့တွင် မူးယစ်ဆေးဝါး နှင့် ပတ်သက်သူနှစ်ဦးကို ဖမ်းမိပြီးနောက် တရုတ်-မြန်မာနယ်စပ်ရှိ ဘဏ်စာရင်းအချို့အား တရုတ်နိုင်ငံ နိုင်ငံရေးရာလုံခြုံရေး ဌာနက သံသယရှိသော ငွေစာရင်းများကို ယာယီပိတ်ထားရန် ညွှန်ကြားထားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ငွေစာရင်းများ ပိတ်ပင်သည့်ရက် ကြာရှည်လာပါက ဆန်နှင့် ပဲအရောင်းအ၀ယ်များ ထိခိုက်လာနိုင်ကြောင်း မူဆယ်ဒေသခံကုန်သည်များက ပြောသည်။
လက်ရှိ ပိတ်ခံထားရသော ငွေစာရင်းများထဲတွင် အချို့ငွေစာရင်းများမှာ ငွေထုတ်ယူခွင့်မရသော်လည်း ငွေလွှဲခွင့် ရရှိနေကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၆ ရက်မှစ၍ တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ဘဏ်များတွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ငွေစာရင်း အချို့ကို တရုတ်တာဝန်ရှိသူများက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment