Monday, December 1, 2014

တွေ့ဆုံဆွေးနွေးပွဲအစစ် ဘယ်တော့ဖြစ်လာမလဲ

Written by  စည်သူအောင်မြင့်

သူရဦးရွှေမန်းနဲ့ လွှတ်တော်ဘက်က တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဘက်က ငြင်းပယ်လိုက်ပါပြီ။ သူတို့ကိုယ်တိုင် သတင်းမီဒီယာတွေကို တိုက်ရိုက်ပြော ဆိုတာမဟုတ်ဘဲ သမ္မတပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ်၊ ပြီးခဲ့တဲ့ရက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်တို့ကနေ တစ်ဆင့် ပြောဆိုခဲ့တာပါ။ အကြောင်းပြချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တင်ပြတဲ့လေးပွင့်ဆိုင်၊ သူရဦးရွှေမန်းနဲ့ လွှတ်တော်က တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်တွေဆိုတာဟာ လူပုဂ္ဂိုလ်တွေကိုအခြေပြုထားတာ၊ ကျဉ်းမြောင်းတယ်၊ ဒီလူတွေလောက်နဲ့ပဲ တစ်နိုင်ငံလုံးအရေးကို ဆုံးဖြတ်နိုင်မှာ မဟုတ်လို့ ငြင်းပယ်ရတာလို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာနိုင်ပါ ဦးမလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ အားလုံး မှတ်မိကြပါလိမ့်ဦးမယ်။

၁၉၈၈ ခုနှစ်မှာ တိုင်းပြည်ထဲက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုတစ်ရပ်လုံး အဲဒီအချိန်က တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလအစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ဒီမိုကရေစီစနစ် ကျင့်သုံးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ပဲ ကြုံရပြီး နောက်ထပ် စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို ဆက်ပြီး ခံရပါတယ်။ အဲဒီ အချိန်ကစ နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ တိုင်းပြည်ရဲ့နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ စစ်အာဏာရှင်တွေဆီ တောင်းဆိုခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ အစိုးရအပြောင်းအလဲ ဖြစ်ချိန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ မပေါ်ပေါက်ခဲ့ပါဘူး။

အဲဒီကာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဘယ်လိုအကောင်အ ထည် ဖော်မယ်၊ တိုင်းပြည်ကို ဘယ်လိုပုံဖော်ချင်တယ်ဆိုတာ ပီပီပြင်ပြင် တိတိကျကျပြောပြီး တွေ့ဆုံဆွေးနွေးခွင့် တောင်းတာမျိုး မဟုတ်ဘဲ၊ ပြဿနာအားလုံးကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့သာ ယေဘုယျဆန်ဆန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း အာဏာရှင်တွေဘက်ကတော့ နောက်ဆုံး အချိန်အထိ တွေ့ဆုံဆွေးနွေးရေးကို လက်မခံခဲ့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မလာတာဟာ စစ်အာဏာရှင်တွေဘက်က ခေါင်းမာလို့၊ အာဏာကို ဖက်တွယ်ထားချင်လို့ ဆိုပြီး အပြစ်တင်ရတာ လွယ်ကူပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က နှစ် ၂၀ ကျော်အတွင်း ဘာကြောင့်တွေ့ဆုံဆွေးနွေးရေး မပေါ်ပေါက်လာရသလဲ၊ ငါတို့ရဲ့ နိုင်ငံရေးအရ ချဉ်းကပ်မှု၊ တောင်းဆိုမှု၊ စည်းရုံးမှုမှာ ဘာအားနည်းချက်၊ ဘာအမှားအယွင်းတွေ ရှိနေလို့ တွေ့ဆုံဆွေးနွေးပွဲ မဖြစ်ရတာလဲဆိုပြီး ပြန်သုံးသပ်တာ၊ ပြည်သူတွေကို ချပြပြောဆိုတာမျိုးတော့ မကြားမသိရပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်၊ ၂၀၁၁ နှစ်ဆန်းမှာ လွှတ်တော်စ၊ မတ်လအကုန်မှာ အစိုးရအဖွဲ့သစ် တက်ပြီးနောက် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာပါတယ်။ အဲဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဘာကိစ္စ ပြောဆိုကြတယ်ဆိုတာ နှစ်ဖက် စလုံးက ထုတ်ဖော်ပြောဆိုမှု မရှိပေမယ့် နောက်ပိုင်း အပြောင်းအလဲတွေ မြန်ဆန် လာပါတယ်။ အစိုးရဟာ နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါး လွှတ်ပေးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာကို ကိုင်တွယ်ပါတယ်။ လူတိုင်းကို နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်ခွင့်ပေးပါတယ်၊ စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပါတယ်၊ စီးပွားရေးအရတကယ့် တံခါးဖွင့်စီးပွားရေး ကျင့်သုံးဖို့လုပ်တွ ဖြစ်တယ်၊ အလုပ်ဖြစ်တယ်ဆိုတာကို ပြတဲ့ သာဓကအဖြစ် မှတ်ယူနိုင်ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲကာလက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ြွေကးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ရောက်တော့ ဖွဲ့စည်းပုံပြင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပါတယ်။ အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ရေးပါ။ အဓိက ရည်ရွယ်ချက်ကတော့ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးဆိုပြီး အတိအလင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တင်တဲ့ ၄၃၆ ပြင်ရေးဆိုတာဟာ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တပ်မတော် တစ်ခုလုံးရဲ့ကံကြမ္မာ ရွေးကောက်ခံ အမတ်တွေလက်ထဲ ထည့်ရမယ့် အဓိပ္ပာယ် ဖြစ်နေတာကြောင့် တပ်မတော်ဘက်က ခါးခါးသီးသီး လက်မခံနိုင် ဖြစ်သွားပါတယ်။ အဲဒီအချိန်ကစ တွေ့ဆုံဆွေးနွေးတဲ့ တံခါးပြန်ပိတ်သွားတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပါတယ်။ တပ်မတော်နဲ့ သမ္မတဘက်က လက်မခံပါဘူး။ သိပ်မကြာသေးခင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးတော့လည်း ၄၃၆ ပြင်ရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီနဲ့ တပ်မတော်သားအမတ်တွေ ထိပ်တိုက်တိုးကြပါတယ်။ နောက်ပိုင်း သမ္မတ ဖြစ်လိုလှတဲ့ သူရဦးရွှေမန်း ကိုယ်တိုင်လည်း ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၂၃၂(ခ) (၁) နဲ့ (၂) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ထိပ်တိုက်တိုးပါတယ်။ ဒီအခါ ပြဿနာကိုဖြေရှင်းနိုင်ဖို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ဆိုပြီး တောင်းဆိုပြန်ပါတယ်။ တပ်မတော်နဲ့ သမ္မတဘက်က ငြင်းပါတယ်။

ပြောရရင် သိပ်မကြာသေးခင်အချိန် သမ္မတက လုပ်ခဲ့တဲ့ ၁၄ ပွင့်ဆိုင်ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲအစစ် မဟုတ်ပါဘူး။ အတု တစ်ခုပါ။ အဓိပ္ပာယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတယ်၊ တပ်မတော်ဘက်က လက်မခံဘူးဆိုတဲ့ အရင်စစ်အစိုးရ
ခေတ်က အတိုင်းပါပဲ။

ဒီနေရာမှာ တပ်မတော် ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံဆွေးနွေးပွဲ လက်မခံသူတွေ၊ ခေါင်းမာသူတွေအဖြစ် စွပ်စွဲပြစ်တင်ရတာ အလွန်လွယ်ပါတယ်။ အဲလို အပြစ်တင်ရုံနဲ့ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာမှာ မဟုတ်ဘူးဆိုတာ အနီးခေတ် နှစ် ၂၀ ကျော် နိုင်ငံရေးသမိုင်းက သက်သေပြပြီး ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်က တွေ့ဆုံဆွေးနွေးပွဲကို ဘာကြောင့် လက်မခံတာလဲ၊ လက်ခံလာအောင် ငါတို့ ချဉ်းကပ်မှု ဘယ်လိုပြုပြင်ပြောင်းလဲဖို့ လိုမလဲ ဆိုတဲ့ ရှုထောင့်ကနေ ပြန်လည် သုံးသပ်ဖို့ အချိန် ရောက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment