Tuesday, December 2, 2014

လုပ်ခလစာနှင့် ကုန်ဈေးနှုန်း (ဆောင်းပါး)

Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

လုပ်ခလစာ တိုးမြင့်လာ၍ ကုန်ဈေးနှုန်းမြင့်တက်ခြင်းလော (သို့မဟုတ်) ကုန်ဈေးနှုန်းမြင့်တက်လာ၍ လုပ်ခလစာ တိုးမြှင့်ပေးခြင်းလောဟူသော Dillema သဘောတရားနှင့် ရင်ဆိုင်နေရပေသည်။

လုပ်ခလစာ (Wages/Salaries) တိုးမြင့်လာတိုင်း ကုန်ဈေးနှုန်း (Prices of Goods and Services) တိုးမြင့်လာခဲ့ပြီး၊ အရိပ်သဖွယ် တကောက်ကောက်လိုက်ပါနေသော ကုန်ဈေးနှုန်းတိုးမြင့်လာရသည့် အခြေခံအကြောင်းရင်းများကို မသိရှိနားမလည်လျှင် မည်ရွေ့မည်မျှ လုပ်ခလစာ တိုးမြှင့်စေကာမူ အိတ်ပေါက်နှင့်ဖားကောက်သကဲ့သို့ပင် ဖြစ်နေပေလိမ့်ဦးမည်။

တအိအိကျဆင်း (ကျဆင်း) လာခဲ့သော မြန်မာကျပ်ငွေတန်ဖိုးနှင့် တရိပ်ရိပ်တက် (မြင့်တက်) လာနေသော ကုန်ဈေးနှုန်းတို့အကြားတွင် မည်သို့သောဆက်စပ်မှု (ချိတ်ဆက်မှု) ရှိသည်ဆိုသည့် သဘောတရားကိုလည်း ကောင်းစွာသိရှိရန် လိုအပ်သည်။ ထို့အပြင် ယနေ့လက်ရှိ ငွေလဲနှုန်းဖြင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် (Exports) ၏ အမျိုးအမည်များနှင့် အရေအတွက်ပမာဏ မည်မျှမြင့်တက်ခဲ့သည်ဆိုသည်နှင့် ရရှိလာသော ပို့ကုန်ဝင်ငွေ (Earnings) ပမာဏဖြင့် ပြည်တွင်းလိုအပ်ချက်ဖြစ်သော စားသုံးမှုပမာဏအတွက် လုံလုံလောက်လောက် မရှိသေးသည်ကိုလည်း တွေ့မြင်ရသည်။

ဆိုလိုသည်မှာ ပြည်တွင်းတွင် ယခုလက်ရှိ စီးဆင်းလည်ပတ်နေသော မြန်မာကျပ်ငွေပမာဏနှင့် နိုင်ငံခြားငွေ (အထူးသဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေ) ပမာဏတို့ကို လေ့လာသုံးသပ် နှိုင်းယှဉ်ရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ကုန်သွယ်ကုန်များ (Tradable Goods & Services) နှင့် ကုန်သွယ်မဟုတ်ကုန်များ (Non-tradable Goods & Services) တို့တွင် ရင်းနှီးမြှုပ်နှံမှု (Investments) ၏နှိုင်းယှဉ်ပြောင်းလဲတိုးတက်မှု အခြေအနေ၊ ယင်းတို့၏ ထုတ်လုပ်နိုင်မှုပမာဏ (Productivity) သို့မဟုတ် ရောင်းလိုအား (Supply) အခြေအနေတို့၏ နှိုင်းယှဉ်ပြောင်းလဲတိုးတက်မှု အခြေအနေတို့ကို ရှေးဦးစွာ လေ့လာသိရှိရန်လည်း လိုအပ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးတန်ဖိုးသည် ယင်းနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေသည်။ ဆိုလိုသည်မှာ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်း (Industrialization) နှင့်အတူ နိုင်ငံ၏ အထက်ပါထုတ်လုပ်နိုင်မှုပမာဏ (Productivity) နှင့် ရောင်းလိုအား (Supply) တို့ မြင့်တက်လာသောကြောင့် ယင်းနှင့်အတူ ပြည်ပပို့ကုန်ပမာဏ (Exports) ပါ တိုးတက်မြင့်မားလာပြီး တစ်ဆက်တည်းတွင် ပြည်ပပို့ကုန်ဝင်ငွေ (Export Earnings) သည်လည်း မြင့်တက်လာသောကြောင့် နိုင်ငံ၏၀င်ငွေ (သို့မဟုတ်) အမျိုးသားဝင်ငွေ (National Income) သည်လည်း မြင့်မားတိုးတက်လာခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ ငွေကြေးတန်ဖိုး တိုးတက်ခြင်းကို ဖြစ်ပေါ်စေသော သဘောတရားပင်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ယင်းနိုင်ငံ၏ ငွေကြေးတန်ဖိုးသည် ယာယီအခိုက်အတန့် သဘောမျှသာ ငြိမ်သက်နေခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လုပ်ခလစာ (Wages & Salaries) ဟူသော သာမန်အားဖြင့် ပုံသေသဘောဖြင့် ရရှိသူများ၊ ၀င်ငွေ (Incomes) ဟူသော အပြောင်းအလဲသဘောဖြင့် ရရှိသူများအကြားတွင် ဖြစ်ပေါ်လာသောဝင်ငွေကွာဟမှု (Income-Gap) အနေအထား၊ ၀င်ငွေမညီမျှမှု (Income-Inequality) အနေအထားတို့ကိုလည်း ကောင်းစွာညှိနှိုင်း ဖြေရှင်းရပေလိမ့်မည်။

စီးပွားရေးပညာ သဘောတရားအရ မည်သည့်မူဝါဒကို ချမှတ်သည်ဖြစ်စေ၊ မည်သည့်မူဝါဒကို အပြောင်းအလဲလုပ်သည်ဖြစ်စေ၊ ယင်းမူဝါဒ၏ အတိုင်းအတာ (Range) နှင့် ယင်းကိုအဘယ်ကြောင့် ပြောင်းရသနည်းဟူသော ရည်ရွယ်ချက် (Policy Target) ကို သာမကမည်သို့သော အကြောင်းရင်းများ (Root Causes) ကို အရင်ရှင်းလင်းပြီးမှ မည်သို့သောဘေးထွက်ဆိုးကျိုးများ (Side Effects) ကို အနည်းဆုံး (အနည်းဆုံး) ဖြစ်စေရန်နှင့် ထိရောက်မှုအရှိဆုံး (Most Effective) ဖြစ်စေနိုင်မည်ဆိုသည်ကို အခြေအနေအရပ်ရပ် (အခြေအနေအရပ်ရပ်) ကို ခြုံငုံသုံးသပ် တိုင်းတာနိုင်ရန် လိုအပ်ပေလိမ့်မည်။

လာမည့် ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် လွန်စွာအရေးကြီးသည့် မှတ်တိုင်တစ်ခု ဖြစ်နေပေရာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် (တစ်နည်းအားဖြင့် နိုင်ငံသားများ၏ သာယာဝပြောမှု အနေအထား မထိခိုက်စေခြင်းဖြင့်) ဖြတ်သန်းသွားနိုင်ရန်လည်း လိုအပ်ပေလိမ့်မည်ဟု ယူဆမိသည်။


Credit - Eleven Media Group

No comments:

Post a Comment