Thursday, December 4, 2014

ခြောက်ပွင့်ဆိုင်နှင့်ပတ်သက်၍ မှတ်ချက်ပေးသူအချို့အား သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှပြောဆိုရန် သတင်းထုတ်ပြန်

 ရန်ကုန်- ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားမှုများတွင် သမ္မတဦးသိန်းစိန်ပြောကြားခြင်းမရှိသည့်စကားများကိုပြောကြားသကဲ့သို့လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးထိုးနှက်ရာရောက်သည့်စကားလုံးများကို သုံးစွဲနေသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်ကို စိစစ်အတည်ပြုပြီးမှပြောဆိုရန် သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထို့ပြင် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားသည့်အမြင်သဘောထားများကို ထုတ်ဖော်ပြောကြားသည်မှာ ကြိုဆိုရမည်ဖြစ်သော်လည်း နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏အမြင်သဘောထားများကို ပြောကြားရာတွင် သမ္မတပြောကြားခြင်းမရှိသောစကားများကို သမ္မတပြောကြားသကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့်ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်သည့် စကားလုံးများသုံးစွဲလာသည်ကို တွေ့ရသည်ဟုဆိုသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်တည်ဆောက်နေသည့် ယနေ့အချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် ကွဲပြားခြားနားသည့်အမြင်ရှိသူများနှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့်ဂုဏ်သိက္ခာကိုလည်း အလေးထားရန်လိုအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်ကဖော်ပြထားသည်။

‘‘လောလောဆယ် နိုင်ငံရေးအင်အားစုအဖွဲ့ငါးဖွဲ့ (၁၄ပွင့်ဆိုင်)နည်းလမ်းနဲ့ ခြောက်ပွင့်ဆိုင်ကြားမှာ ညှိရမယ့်အခြေအနေတွေရှိတယ်။ တိုင်းရင်းသားများဘက်ကလည်း တစ်ဦးပဲဆိုတဲ့အချက်ကို လက်မခံနိုင်သူတွေရှိတယ်။ ဒါကြောင့် လတ်တလောတွေ့ဆုံမှုကို လက်မခံဘူးလို့ပြောတာသာဖြစ်တယ်။ သမ္မတက ယတိပြတ်ငြင်းပယ်ဆိုတဲ့အသုံးအနှုန်းမျိုး ကျွန်တော်ပြောတဲ့အထဲမှာလည်း မပါဘူး။ ဒါဟာ သမ္မတကြီးအပေါ် ပြည်သူတွေအထင်မှားအောင် တမင်ပြောသလိုဖြစ်နေတဲ့အတွက် ထောက်ပြတာဖြစ်ပါတယ်’’ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်ကပြောသည်။

နိုဝင်ဘာ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အကြပ်အတည်းမတွေ့စေရန် သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာ သမ္မတက ချဉ်းကပ်ပုံစံချင်းမတူသောကြောင့် လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ပြောကြားထားသည်။

ထိုပြောကြားချက်အပေါ် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၏ သဘောထားအမြင်များထုတ်ဖော်ပြောဆိုမှုနှင့်ပတ်သက်၍ အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


Credit - 7DAY DAILY

 
 

No comments:

Post a Comment