ဘယ်လိုဖြေရှင်းကြမှာလဲ
ကိစ္စမြားမြောင် လူတို့ဘောင် ဟူသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း အဖြစ်အပျက်ပေါင်းများစွာ ရှိနေသည်။ အချို့မှာ ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း လုပ်ဆောင်မှုအလွဲများကြောင့် ရလဒ်အဖြေများ ကောင်းမွန်ခြင်းမရှိသည်ကို တွေ့ရှိနေရသည်။ ထို့အပြင် မူဝါဒချမှတ်မှုလွဲမှားခြင်း၊ ကောင်းမွန်သောမူဝါဒ ဖြစ်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှု အဆင့်ဆင့်တွင် စီမံမှုအလွဲများကြောင့် အချို့ကိစ္စရပ်များမှာ အကျည်းတန်ဖြစ်ရပ်များ ဖြစ်နေသည်ကို တွေ့နေရသည်။
အနီးဆုံးဖြစ်စဉ်က မန္တလေးမြို့သို့ နော်ဝေဘုရင်နှင့်မိဖုရား ရေကြောင်းခရီးဖြင့် လာရောက်မည်ဖြစ်၍ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဆင်းရဲသားပြည်သူတို့၏ တဲများကို ဘူဒိုဇာဖြင့် ရှင်းလင်းသည့် ဖြစ်ရပ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံအား ကူညီလှူဒါန်းထောက်ပံ့မှုများစွာ ပြုလုပ်ထားသော နော်ဝေနိုင်ငံမှ ဘုရင်နှင့်မိဖုရားတို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ မြို့တော်သစ်နေပြည်တော်တွင် သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်ဖြစ်သော မန္တလေးမြို့သို့လည်း သွားရောက်မည်ဖြစ်သည်။ မန္တလေးမြို့သို့ ပုဂံမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းခရီးဖြင့် သွားရောက်မည်ဖြစ်သည်။ ထို့ကြောင့် မန္တလေးဂေါဝိန် ဆိပ်ကမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများကို ဘူဒိုဇာများဖြင့် ဖယ်ရှားရှင်းလင်းကာ ယင်းနေရာများတွင် ပန်းအလှဆင် စိုက်ပျိုးပြင်ဆင်ခြင်း၊ လမ်းလယ်ကျွန်း အလှဆင်ခြင်းများနှင့် အသုံးပြုသွားလာမည့် လမ်းများပြုပြင်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ကြိုဆိုခံရမည့် ကာယကံရှင်များက ဖြစ်စဉ်အမှန်ကိုသိလျှင် မည်သို့ထင်မြင် ယူဆမည်နည်း။ နိုင်ငံတကာ အမြင်တွင်လည်း တင့်တယ်နိုင်မည်မဟုတ် ဆိုသည်ကို သတိပြုသင့်သည်။
မည်သည့်ကိစ္စရပ်တွင်မဆို အကြောင်းအရာ တစ်ရပ်ကို လုပ်ဆောင်မည်ဆိုပါက ပကတိအခြေအနေနှင့် အပြောင်းအလဲ လုပ်ဆောင်မှုအတွက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ယခုကိစ္စသည် ယေဘုယျအားဖြင့်ဆိုလျှင် ကျူးကျော်ဆိုသည်မှာ ပိုင်ဆိုင်မှု အခိုင်အမာမရှိ၍ အဆင်ပြေသလို နေရာလွတ်တွင် နေထိုင်သူများဟု ဆိုနိုင်သော်လည်း ၎င်းတို့၏ ပကတိ အခြေအနေများကို အလွယ်တကူ လျစ်လျူမရှုသင့်ပါ။ အချို့မှာ အဆိုပါနေရာတွင် နေထိုင်နေသည်မှာ နှစ် ၂ဝ ကျော်ရှိပြီဟု ပြောဆိုကြသည်။ ဖယ်ရှားခံရသူများတွင် နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပါဝင်နေသည်ဟု သိရသည်။ အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းအဆင်မပြေသောကြောင့် လာရောက်နေသူများ ပါဝင်သလို အများစုမှာ လက်လုပ်လက်စား ဆင်းရဲသားပြည်သူများ ဖြစ်ကြသည်။
ယခုဖြစ်စဉ်တွင် ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ ခရီးစဉ်နီးပါမှ ဘူဒိုဇာဖြင့် ရှင်းလင်းခြင်း၊ ဖယ်ရှားခံရသူများ၏ လတ်တလော အခက်အခဲအပေါ် ပြန်လည်ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို မဆောင်ရွက်ခြင်း၊ လုပ်ဆောင်မှုအတွက် နောက်ဆက်တွဲ သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင်မှုမရှိခြင်း စသည့်လိုအပ်ချက်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ယခုအဖြစ်အပျက်သည် ဝေဖန်ထောက်ပြစရာ ဖြစ်စဉ်များအနက်မှ တစ်ခုသာလျှင် ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုနှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းသူများ အနေဖြင့် ပြဿနာကိစ္စရပ်များကို မည်သည့်နည်းလမ်းမျိုးဖြင့် ချဉ်းကပ်ဆောင်ရွက်မည်နည်း။ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည်ကို စနစ်တကျ ပြင်ဆင်စီစဉ် လုပ်ဆောင်ခြင်းမရှိဘဲ ကြုံသလို နည်းလမ်းများဖြင့် ဖြေရှင်းမည်ဆိုပါက မှန်ကန်သော ရလဒ်အဖြေများ ရရှိနိုင်မည် မဟုတ်သလို လူထု၏ယုံကြည်မှုကိုလည်း ရရှိနိုင်မည်မဟုတ်ပါ။
၂ဝ၁၁ ကစတင်ခဲ့သော အစိုးရသက်တမ်းကုန်ဆုံးရန် တစ်နှစ်သာကျန်တော့သည်။ ၂ဝ၁၅ ခုနှစ်တွင် ပြည်သူလူထုက နောက်ထပ်အစိုးရသစ် တစ်ရပ်အတွက် မဲပေးရွေးချယ် ကြရဦးမည်ဖြစ်သည်။ ထိုအခါ ပြည်သူ့အကျိုး ရှေးရှု၍ စာနာမှုဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သော အစိုးရယန္တရားသစ်ကိုသာ ပြည်သူတို့က အလိုရှိကြမည်ဖြစ်သည်။
သို့ပါ၍ အစိုးရယန္တရားအတွင်း သက်ဆိုင်ရာကဏ္ဍ အသီးသီး၌ တာဝန်ယူဆောင်ရွက် နေသူများအနေဖြင့် ယခုဖြစ်စဉ်အား နမူနာထား၍ သတိပြုဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment