နေပြည်တော်၊ ဒီဇင်ဘာ ၁
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် ကျင့်သုံးရန် အတည်ပြုထားသော PR စနစ်ကို အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ အဆုံးအဖြတ် ရယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး လက်မှတ်ရေးထိုး၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တင်ပြ တောင်းဆိုထားကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ယင်းသို့ တင်ပြပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စာပေးပို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီဝင်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
“တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ်လေးဦးက လက်မှတ်စုထိုးပြီး တင်လိုက်တာပါ၊ USDP က ကိုယ်စားလှယ်မပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
PR စနစ် ကျင့်သုံးရန် နိုဝင်ဘာ ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် NLD ပါတီဝင် ကိုယ်စားလှယ် လေးဦးက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ များသဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ပြောသည်။
“ကျန်တဲ့နိုင်ငံတွေမှာ သုံးတာတော့ ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီ အနေအထားအရ မသုံးသင့်ဘူး” ဟု ၎င်းကဆိုသည်။
ယင်းစနစ် ကျင့်သုံးမည် ဆိုပါက တိုင်းရင်းသား မျိုးနွယ်စုများအကြား မေးပဲသည့် ပုံစံများ ရှုပ်ထွေးလာနိုင်ကြောင်း ခုံရုံးသို့ ပေးပို့ရန် တင်ပြခဲ့သော ကရင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်အောင်နိုင်က ပြောသည်။
“ရှုပ်ထွေးတယ်၊ ကျွန်တော်တို့တောင် နားမလည်တာ မဲပေးမယ့် ဒေသခံက နားလည်ဖို့ ခက်ပါတယ်” ဟု ၎င်းကဆိုသည်။
ယခု အတည်ပြုထားသော PR စနစ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းက ဥပဒေကြောင်းအရ ကန့်ကွက်ကြောင်း တင်ပြလာပါက တင်ပြချက်ကို လက်ခံ၍ ခုံရုံးသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုဝင်ဘာလ ၂၅ ရက်တွင် မီဒီယာများကို ပြောကြားထားသည်။
Credit - The Voice Weekly
No comments:
Post a Comment